မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အိမ်ထောင်ရေး ကတိသစ္စာကို ခိုင်မြဲစေနိုင်ပုံ

အိမ်ထောင်ရေး ကတိသစ္စာကို ခိုင်မြဲစေနိုင်ပုံ

အခက်အခဲ

မင်္ဂလာဆောင်တဲ့ရက်မှာ နှစ်ဦးနှစ်ဖက် ကတိသစ္စာပြုကြတယ်။ အဲဒီကတိသစ္စာဟာ ရာသက်ပန်တည်တယ်။ အဲဒါက အိမ်ထောင်ဖက်နဲ့ မခွဲအတူနေပြီး ပေါ်ပေါက်လာမယ့် ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပါမယ်ဆိုတဲ့ ကတိဖြစ်တယ်။

နှစ်တွေတစ်လျှောက်၊ အိမ်ထောင်မှာ ခဏခဏ ပြဿနာတက်လာတဲ့အတွက် ကိုယ့်အိမ်ထောင်ဖက်ကို ကတိသစ္စာပေးခဲ့တုန်းကလို ခံစားချက်မျိုး အခုချိန်မှာ ရှိသေးသလား။

သိသင့်သိထိုက်ရာ

ကတိသစ္စာပြုတာကို အိမ်ထောင်ရေးကိုခိုင်မြဲစေတဲ့ ကျောက်ဆူးအဖြစ် ရှုမြင်ပါ

အိမ်ထောင်ရေး ကတိသစ္စာပြုတာက ပြဿနာမဟုတ်ဘဲ ဖြေရှင်းနည်း ဖြစ်တယ်။ ဒီနေ့ခေတ် လူအတော်များများက ကတိသစ္စာပြုတာကို အယုံအကြည် မရှိကြတော့ဘူး။ တချို့က ကတိသစ္စာပြုတာကို သံခြေကျင်းခတ်ခံထားရတာနဲ့ တူတယ်လို့ ပြောတယ်။ အဲဒီလိုတွေးမယ့်အစား ကတိသစ္စာပြုတာကို အိမ်ထောင်ရေးကိုခိုင်မြဲစေတဲ့ ကျောက်ဆူးအဖြစ် ရှုမြင်ပါ။ “လင်မယားစကားများတဲ့အခါ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ထားသွားမှာမဟုတ်ဘူးဆိုတာကို အိမ်ထောင်ရေး ကတိသစ္စာပြုထားခြင်းက ယုံကြည်စိတ်ချစေတယ်” လို့ မေဂန်လို့ခေါ်တဲ့ ဇနီးသည်တစ်ဦးက ပြောပြတယ်။ * အိမ်ထောင်ရေးခိုင်မြဲနေတယ်ဆိုတဲ့ အသိစိတ်က အဆင်မပြေမှုတွေ ကြုံရရင်တောင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါလို့ ယုံကြည်စိတ်ချစေတယ်။—“ အိမ်ထောင်ရေး ကတိသစ္စာပြုခြင်းနဲ့ သစ္စာစောင့်သိခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

အဓိကအချက်– အိမ်ထောင်မှာ ပြဿနာတက်နေရင် အိမ်ထောင်ရေး ကတိသစ္စာ ခိုင်မြဲအောင် လုပ်ရမယ့်အချိန်ဟာ အခုအချိန်ပဲ၊ အဲဒါကို မေးခွန်းထုတ်နေရမယ့်အချိန် မဟုတ်ဘူး။ အိမ်ထောင်ရေး ကတိသစ္စာ ခိုင်မြဲအောင် ဘယ်လို လုပ်နိုင်မလဲ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ရဲ့အမြင်ကို ဆန်းစစ်ပါ။ “အိမ်ထောင်ဟာ ရာသက်ပန်တည်တယ်။” ဒီစကားကြောင့် ထောင်ကျသလို ခံစားရသလား၊ လုံခြုံတယ်လို့ ခံစားရသလား။ ပြဿနာတွေပေါ်လာတဲ့အခါ ထွက်သွားဖို့ပဲ စဉ်းစားသလား။ အိမ်ထောင်ရေး ကတိသစ္စာ ခိုင်မြဲစေဖို့ အိမ်ထောင်ရေးကို ရာသက်ပန် နှောင်ကြိုးအဖြစ် ရှုမြင်သင့်တယ်။—ကျမ်းစာအကြံပြုချက်– မဿဲ ၁၉:၆

ကိုယ့်ရဲ့နောက်ခံအခြေအနေကို ဆန်းစစ်ပါ။ အိမ်ထောင်ရေး ကတိသစ္စာပေါ်ထားတဲ့ ကိုယ့်ရဲ့အမြင်ဟာ အဲဒီအပေါ် မိဘတွေထားခဲ့တဲ့ အမြင်မျိုး ဖြစ်နေနိုင်တယ်။ “ကျွန်မ ကြီးလာတော့မှ မိဘတွေ ကွာရှင်းခဲ့ကြလို့၊ အိမ်ထောင်ရေး ကတိသစ္စာအပေါ် သူတို့လို သဘောထားမိမှာ စိုးရိမ်တယ်” လို့ ဇနီးသည်တစ်ဦးဖြစ်သူ လီယာ ပြောပြတယ်။ မိဘတွေလုပ်ခဲ့သလို သင့်အိမ်ထောင်ရေးမှာ လိုက်လုပ်စရာ မလိုပါဘူး။—ကျမ်းစာအကြံပြုချက်– ဂလာတိ ၆:၄၊ ၅

ကိုယ့်ရဲ့ အပြောအဆိုကို ဆန်းစစ်ပါ။ အိမ်ထောင်ဖက်နဲ့ အကြီးအကျယ် စကားများတဲ့အခါ “နင့်ကို ငါ ထားသွားတော့မယ်၊” “ငါ တခြားတစ်ယောက်ကို သွားရှာတော့မယ်” ဆိုပြီး နောင်တရနိုင်တဲ့ စကားမျိုးကို ရှောင်ပါ။ အဲဒီလိုပြောတာက အိမ်ထောင်ရေး ကတိသစ္စာကို ပျက်ပြယ်စေတယ်၊ ပြဿနာကို ပြေလည်သွားစေမယ့်အစား တစ်ယောက်ကို တစ်ယောက် နာကြည်းစေတယ်။ စိတ်နာအောင် ပြောနေမယ့်အစား “ငါတို့နှစ်ယောက်စလုံး စိတ်ဆိုးနေကြတာကိုး။ ဒီပြဿနာကို အတူတူ ဖြေရှင်းလိုက်ရင် မကောင်းဘူးလား” လို့ ပြောဆိုနိုင်တယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၂:၁၈

အိမ်ထောင်ရေး ကတိသစ္စာပြုထားကြောင်း သိသာထင်ရှားစေပါ။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ဓာတ်ပုံကို အလုပ်စားပွဲပေါ်မှာ တင်ထားပါ။ တခြားသူတွေကို ကိုယ့်အိမ်ထောင်ရဲ့ ကောင်းကွက်တွေကိုပဲ ပြောပြပါ။ ခရီးထွက်တဲ့အခါ အိမ်ထောင်ဖက်ဆီ နေ့တိုင်း ဖုန်းဆက်ပါ။ စကားပြောတဲ့အခါ “ငါတို့၊ ငါ့မိန်းမနဲ့ ငါ၊ ငါ့ယောက်ျားနဲ့ ငါ” ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးပါ။ ဒါမှ ကိုယ့်အိမ်ထောင်ဖက်ကိုပဲ တွယ်တာနေတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ သိစေပါလိမ့်မယ်။

စံထားလောက်တဲ့သူတွေကို ရှာပါ။ အိမ်ထောင်ရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တဲ့ ဇနီးမောင်နှံတွေဆီကနေ သင်ယူပါ။ “အိမ်ထောင်ရေး ကတိသစ္စာကို ဘယ်လို ရှုမြင်သလဲ၊ အဲဒါက အိမ်ထောင်ရေးမှာ ဘယ်လို အကူအညီဖြစ်စေခဲ့သလဲ” ဆိုပြီး သူတို့ကို မေးပါ။ “သံကို သံဖြင့် ထက်အောင်ပြုရသကဲ့သို့ လူတို့သည်လည်း အချင်းချင်းထံမှ ပညာကို သင်ယူရကြ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၂၇:၁၇ခမ) အဲဒါကို စိတ်စွဲမှတ်ထားပြီး အိမ်ထောင်ကို သာယာအောင် လုပ်ခဲ့တဲ့သူတွေရဲ့ အကြံပေးချက်ကနေ အကျိုးရယူပါ။

^ စာပိုဒ်၊ 7 ကျမ်းစာအရဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက် လိင်ကိစ္စဖောက်ပြန်တဲ့အခါမှသာ ကွာရှင်းပြတ်စဲနိုင်တယ်။ ဒီနိုးလော့! မဂ္ဂဇင်းမှာပါတဲ့ “သမ္မာကျမ်းစာရှုထောင့်—အိမ်ထောင်ရေးဖောက်ပြန်မှု” ဆောင်းပါးကိုလည်းကြည့်ပါ။