မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အသက်ရှည်ကျန်းမာစေနိုင်တဲ့ ၅ သွယ်သော နည်းလမ်း

အသက်ရှည်ကျန်းမာစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ်

အသက်ရှည်ကျန်းမာစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ်

ဘယ်သူက ဖျားနာချင်မှာလဲ။ အနည်းဆုံးတော့ ဖျားနာတဲ့အခါ နေရခက်တဲ့အပြင် ငွေကုန်ကြေးကျလည်း များတယ်။ နေမကောင်းတဲ့အခါ မအီမသာဖြစ်ရုံသာမက အလုပ်မဆင်းနိုင်၊ ကျောင်းမတက်နိုင်၊ ဝင်ငွေလည်းမရှိ၊ မိသားစုကိုလည်း မစောင့်ရှောက်နိုင်တော့ဘူး။ ကိုယ့်ကို ပြန်ပြုစုပေးဖို့တောင် တခြားသူတစ်ယောက် လိုလာမယ့်အပြင် ဆေးဖိုးဝါးခလည်း ကုန်ဦးမယ်။

“ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်” လို့ ဆိုကြတယ်။ တချို့ရောဂါတွေကို မရှောင်လွှဲနိုင်တာမှန်ပေမဲ့ တခြားရောဂါတွေကိုတော့ အဖြစ်နည်းအောင်၊ မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်တယ်။ ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေဖို့ လုပ်နိုင်တဲ့ အချက် ၅ ချက်ကို လေ့လာသုံးသပ်ကြည့်ပါ။

၁ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိပါ

“မဖျားနာရအောင်၊ ရောဂါမပျံ့ပွားရအောင် လုပ်နိုင်တဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုကတော့” လက်ဆေးခြင်းပဲလို့ မေယို ဆေးခန်းက ပြောတယ်။ အအေးမိ၊ တုပ်ကွေးဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုဟာ ညစ်ပတ်တဲ့လက်နဲ့ မျက်စိ၊ နှာခေါင်းကို ပွတ်မိလို့ ဖြစ်တယ်။ လက်ကို မှန်မှန်ဆေးကြောရင် အဲဒါတွေကို ကာကွယ်နိုင်တယ်။ အသက်ငါးနှစ်အောက် ကလေးငယ် နှစ်သန်းကျော်ဟာ အဆုတ်ရောင်ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြရတယ်။ အဲဒီလိုရောဂါဆိုးတွေမဖြစ်ရအောင် တစ်ကိုယ်ရေ သန့်ရှင်းမှုက ကာကွယ်ပေးတယ်။ လက်ဆေးတဲ့အကျင့်က အီဘိုလာရောဂါပျံ့နှံ့မှုနှုန်းကိုတောင် နည်းစေနိုင်တယ်။

ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ လက်ဆေးရမယ့်အခါတွေ ရှိတယ်။ ဥပမာ–

  • အိမ်သာတက်ပြီးနောက်၊

  • ကလေးအနှီး လဲပြီးနောက်၊ အပေါ့အလေးသွားတာကို လုပ်ကိုင်ပေးပြီးနောက်၊

  • ထိခိုက်ရှနာတွေကို ဆေးမထည့်ခင်နဲ့ ဆေးထည့်ပြီးနောက်၊

  • လူနာကို သွားမကြည့်ခင်နဲ့ ကြည့်ပြီးနောက်၊

  • အစားအစာ မချက်ပြုတ်၊ မတည်ခင်း၊ မစားခင်၊

  • နှာချေ၊ ချောင်းဆိုး၊ နှပ်ချေးညှစ်ပြီးနောက်၊

  • တိရစ္ဆာန် ဒါမှမဟုတ် တိရစ္ဆာန်အညစ်အကြေးတွေကို ကိုင်တွယ်ပြီးနောက်၊

  • အမှိုက်ကျုံးပြီးနောက် လက်ဆေးသင့်ပါတယ်။

လက်ဆေးတာကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ အများသုံးအိမ်သာကို အသုံးပြုတဲ့ လူအတော်များများက လက်မဆေးကြဘူး၊ ဆေးရင်လည်း သေသေချာချာ မဆေးကြဘူးဆိုတာကို လေ့လာမှုတွေအရ သိရတယ်။ ဒါဆိုရင် လက်ကို ဘယ်လို ဆေးကြောသင့်သလဲ။

  • လက်ကို ရေလောင်းပြီး ဆပ်ပြာတိုက်ပါ။

  • အမြှုပ်ထတဲ့အထိ လက်တွေကို ပွတ်ပါ၊ လက်သည်းကြား၊ လက်မ၊ လက်ဖမိုး၊ လက်ချောင်းကြားတွေကိုပါ ပွတ်တိုက်ပါ။

  • အနည်းဆုံး စက္ကန့် ၂၀ လောက် ပွတ်တိုက်ပါ။

  • ပြီးတဲ့နောက် ဆပ်ပြာစင်သွားတဲ့အထိ ရေဆေးပါ။

  • သန့်ရှင်းတဲ့လက်သုတ်ပဝါ ဒါမှမဟုတ် လက်သုတ်စက္ကူနဲ့ ခြောက်အောင်လုပ်ပါ။

အဲဒီလိုလုပ်တာ မခက်ပါဘူး၊ ဖျားနာမှုနည်းစေတဲ့အပြင် အသက်ကိုတောင် ကာကွယ်ပေးနိုင်တယ်။

၂ ယုံကြည်စိတ်ချရတဲ့ ရေကောင်းရေသန့်ကို အသုံးပြုပါ

နိုင်ငံတချို့မှာ မိသားစုအတွက် သန့်ရှင်းတဲ့ရေ အလုံအလောက် ရဖို့ဆိုတာက နေ့စဉ်လုပ်ရတဲ့တာဝန် တစ်ခု ဖြစ်တယ်။ ကမ္ဘာ့ဘယ်နေရာမှာမဆို ရေဘေး၊ မုန်တိုင်းဘေး၊ ရေပိုက်ပျက်စီးမှု ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုကြောင့် သောက်သုံးရေ ညစ်ညမ်းသွားတဲ့အခါ ရေသန့်ရဖို့ ပြဿနာကြီးတစ်ခု ဖြစ်လာတယ်။ ရေရင်းမြစ်က မသန့်ရှင်းရင် ဒါမှမဟုတ် ရေကို ကောင်းကောင်း မသိုလှောင်ထားရင် ကပ်ပါးကောင်တွေကြောင့်ရတဲ့ရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါ အစရှိတဲ့ရောဂါတွေ ရနိုင်တယ်။ နှစ်စဉ် ၁.၇ ဘီလီယံလောက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရတဲ့ အကြောင်းရင်းဟာ မသန့်ရှင်းတဲ့ရေကို သောက်မိလို့ဖြစ်တယ်ဆိုပြီး ခန့်မှန်းကြတယ်။

နေမကောင်း မဖြစ်အောင် ကြိုတင်လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်

ကာလဝမ်းရောဂါရှိတဲ့သူရဲ့ မစင်က ကိုယ်စားတဲ့ အစားအစာ၊ သောက်တဲ့ရေကနေတစ်ဆင့် မတော်တဆ ပါသွားတယ်ဆိုရင် ကာလဝမ်းရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအပြင် ရေညစ်ညမ်းစေတဲ့ တခြားအကြောင်းအရင်းတွေ ဖြစ်ပေါ်လာတယ်ဆိုရင်၊ သဘာဝဘေးအန္တရာယ်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ။

  • သောက်ရေအပါအဝင် သွားတိုက်ဖို့၊ ရေခဲလုပ်ဖို့၊ ချက်ပြုတ်လျှော်ဖွပ်ဖို့ အသုံးပြုတဲ့ရေဟာ ယုံကြည်စိတ်ချရတဲ့ သန့်စင်ပြီး ရေသန့်စနစ်ကနေရတဲ့ ရေဖြစ်သင့်တယ်။ အလုံပိတ်ထားတဲ့ ရေသန့်ဘူးတွေကိုပဲ သောက်ပါ။

  • တကယ်လို့ ပိုက်ရေက မသန့်ရှင်းဘူးဆိုရင် အသုံးမပြုခင် ရေကို ကျိုချက်ပါ၊ ရေသန့်စေတဲ့ပစ္စည်းတစ်ခုခုကို သင့်တော်သလို ထည့်သွင်းအသုံးပြုပါ။

  • ကလိုရင်း ဒါမှမဟုတ် ရေသန့်ဆေးပြားစတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတဲ့အခါ ထုတ်လုပ်သူရဲ့အညွှန်းအတိုင်း ဂရုတစိုက် အသုံးပြုပါ။

  • ဝယ်လို့ရပြီး တတ်နိုင်မယ်ဆိုရင် စံချိန်မီတဲ့ ရေသန့်စက်တွေကို အသုံးပြုပါ။

  • ရေသန့်စင်တဲ့ ပစ္စည်းတွေ မရနိုင်ဘူးဆိုရင် အိမ်သုံးချေးချွတ်ဆေးရည် (bleach) ကို ရေတစ်ဂါလံမှာ ရှစ်စက် (တစ်လီတာကို နှစ်စက်) ထည့်ပြီး အသေအချာ ရောနှောပေးပါ၊ အဲဒီနောက် မိနစ် ၃၀ လောက် ထားပြီးမှ အသုံးပြုပါ။

  • သန့်စင်ထားတဲ့ရေကို မညစ်ညမ်းသွားအောင် သန့်ရှင်းတဲ့ အိုးတွေထဲမှာ သိုလှောင်၊ ဖုံးအုပ်ထားပါ။

  • သိုလှောင်ထားတဲ့ ရေကို သန့်ရှင်းတဲ့ခွက်နဲ့ ခပ်ယူပါ။

  • ရေသိုလှောင်တဲ့အိုးတွေကို သန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်ပါ၊ သောက်သုံးရေထဲကို လက်နှစ်မိတာမျိုး မဖြစ်စေနဲ့။

၃ အစားအစာကို ချင့်ချိန်စားပါ

အာဟာရပြည့်ဝမှ ကျန်းမာရေးကောင်းမှာ။ အာဟာရပြည့်ဝဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ချင့်ချိန်စားဖို့ လိုတယ်။ အဆီအဆိမ့်၊ အချိုအငန်ကို ဆင်ဆင်ခြင်ခြင် စားပါ၊ တော်ရုံသင့်ရုံစားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေစားဖို့ အမြဲသတိရပါ။ တကယ်လို့ ဆန်၊ ခေါက်ဆွဲ၊ ကောက်နှံနဲ့လုပ်တဲ့မုန့်၊ ပေါင်မုန့်ဝယ်တဲ့အခါ အထုပ်ပေါ်မှာဖော်ပြထားတဲ့ ပစ္စည်းစာရင်းကို ဖတ်ကြည့်တာက ဘာကို ရွေးဝယ်ရမလဲဆိုတာ သိစေတယ်။ မဖွပ်ထားတဲ့ အစေ့အဆန်တွေနဲ့ လုပ်ထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်၊ အမျှင်ဓာတ်တွေနဲ့ ပြည့်ဝနေတယ်။ အသားဓာတ်အတွက် အဆီနည်းတဲ့အသား၊ ကြက်သား၊ ဘဲသားကို နည်းနည်းပဲ စားပါ။ ငါးကိုတော့ တစ်ပတ်နှစ်ခါ စားပါ။ အသားဓာတ်ကို ဟင်းသီးဟင်းရွက်ကနေလည်း ရနိုင်ပါတယ်။

သကြားနဲ့ အဆီအခဲတွေကို များများစားတဲ့လူတွေဟာ ဝလာဖို့အကြောင်း များပါတယ်။ အဲဒီလိုမဖြစ်ရအောင် အချိုရည်တွေသောက်မယ့်အစား ရေသောက်ပါ။ အချိုပွဲတွေစားမယ့်အစား အသီးအနှံများများစားပါ။ အဆီအခဲတွေပါတဲ့ ဝက်အူချောင်း၊ အသား၊ ထောပတ်၊ ကိတ်မုန့်၊ ဒိန်ခဲစတဲ့ အစားအစာတွေကို လျှော့စားပါ။ ချက်ပြုတ်တဲ့အခါ ထောပတ်၊ ဝက်ဆီလိုမျိုး အဆီတွေ အသုံးပြုမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို အသုံးပြုသင့်တယ်။

ဆားများများသုံးရင် သွေးပေါင်တက်နိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် အစားအစာဝယ်တဲ့အခါ အထုပ်ပေါ်က ပါဝင်တဲ့ပစ္စည်းစာရင်းကို ဖတ်ကြည့်တာ ကောင်းတယ်။ အဲဒီလိုမဖြစ်ရအောင် ဆားသုံးမယ့်အစား ဟင်းခတ်အမွှေးအကြိုင်တွေ သုံးတာက ဟင်းလျာကို အရသာရှိစေတယ်။

ကိုယ် ဘာ စားသလဲဆိုတာသာမက ဘယ်လောက် စားသလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အစာစားတဲ့အခါမှာ ဗိုက်ပြည့်သွားပြီဆိုရင် ဆက်ပြီး မစားပါနဲ့တော့။

အစာစားတဲ့အခါ အဆင်မသင့်ရင် အစာအဆိပ်သင့်နိုင်တယ်။ အစားအစာချက်တာမသန့်ရှင်းရင်၊ ကောင်းကောင်းမသိမ်းဆည်းရင် အစာအဆိပ်သင့်မှာပဲ။ နှစ်စဉ် အမေရိကန်လူမျိုး ၆ ယောက်မှာ ၁ ယောက်က အစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်ကြတယ်။ အများစုက မအီမသာဖြစ်ရုံလောက်ပဲဖြစ်ပေမဲ့ တချို့ဆိုရင် သေတောင်သေသွားကြတယ်။ အဲဒီလို မဖြစ်ရအောင် ဘာလုပ်နိုင်မလဲ။

  • ဟင်းသီးဟင်းရွက်တွေကို မြေသြဇာထည့်ပြီး စိုက်ပျိုးတဲ့အတွက် အစားအစာပြင်ဆင်တဲ့အခါ ကောင်းကောင်း ဆေးကြောပါ။

  • အစားအစာမချက်ခင် ကိုယ့်ရဲ့လက်၊ စဉ်းတီတုံး၊ ပန်းကန်ခွက်ယောက်၊ အသုံးအဆောင်ပစ္စည်းနဲ့ မီးဖိုချောင်စားပွဲကို ရေနွေးနွေးထဲ ဆပ်ပြာထည့်ပြီး စင်အောင်ဆေးကြောပါ။

  • အသားစိမ်း၊ ငါးစိမ်း ထည့်ထားတဲ့ ပန်းကန်၊ တင်ထားတဲ့ စားပွဲကို မဆေးဘဲ တခြားအစားအသောက်တွေ မထည့်သင့်ဘူး၊ မတင်သင့်ဘူး။

  • အစားအစာတွေကို ကျက်အောင်ချက်ပါ။ ပုပ်သိုးလွယ်တဲ့၊ ချက်ချင်းမစားတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်ထားသင့်တယ်။

  • သိုးလွယ်တဲ့အစားအစာတွေကို ဒီအတိုင်း နှစ်နာရီကျော် ထားတယ်ဆိုရင် မစားပါနဲ့။ ၃၂ ဒီဂရီ စင်တီဂရိတ်ထက်ပိုတဲ့ အပူချိန်မှာ တစ်နာရီကျော် ထားထားတယ်ဆိုရင် မစားသင့်တော့ဘူး။

၄ လှုပ်လှုပ်ရှားရှား နေပါ

အသက်အရွယ်မရွေး ကျန်းကျန်းမာမာရှိအောင် လှုပ်လှုပ်ရှားရှားနေဖို့ လိုတယ်။ ဒီနေ့ လူအတော်များများက လေ့ကျင့်ခန်း မလုပ်ကြသလောက်ပဲ။ လေ့ကျင့်ခန်းလုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။ လှုပ်လှုပ်ရှားရှားနေတာက–

  • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

  • ပေါ့ပေါ့ပါးပါး ရှိစေတယ်။

  • အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်မာစေတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးတယ်။

  • စိတ်ကျဝေဒနာခံစားရနိုင်ခြေ နည်းစေတယ်။

  • အရွယ်မတိုင်ခင် သေဆုံးရနိုင်ခြေ နည်းသွားစေတယ်။

လှုပ်လှုပ်ရှားရှားမနေတဲ့သူမှာ–

  • နှလုံးရောဂါဖြစ်နိုင်တယ်။

  • ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်တယ်။

  • သွေးတိုးရောဂါဖြစ်နိုင်တယ်။

  • သွေးထဲမှာ အဆီဓာတ် များလာနိုင်တယ်။

  • လေဖြတ်နိုင်တယ်။

ကိုယ့်ရဲ့အသက်အရွယ်၊ ကျန်းမာရေးနဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုးကို မလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ကလေးငယ်တွေနဲ့ မြီးကောင်ပေါက်အရွယ်တွေဟာ တစ်နေ့ကို အနည်းဆုံး တစ်နာရီလောက် ပုံမှန်ကနေ အားစိုက်ထုတ်ရတဲ့အထိ ကိုယ်လက်လှုပ်ရှားသင့်တယ်။ အရွယ်ရောက်ပြီးသူတွေကတော့ တစ်ပတ်ကို တစ်နာရီခွဲ ပုံမှန်ကိုယ်လက်လှုပ်ရှားသင့်တယ်၊ အားစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်ဆိုရင်တော့ တစ်နာရီ ဆယ့်ငါးမိနစ်လောက် လုပ်သင့်တယ်။

ပျော်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရွေးချယ်လုပ်ပါ။ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘောလုံးကန်၊ စက်ဘီးစီး၊ အပင်စိုက်၊ သစ်ကိုင်းဖြတ်၊ ရေကူး၊ လှေလှော်၊ လမ်းအမြန်လျှောက်၊ ခပ်သွက်သွက် လမ်းလျှောက်၊ အေရိုးဗစ်လေ့ကျင့်ခန်းစတာတွေကို လုပ်ကြည့်နိုင်တယ်။ ပုံမှန် ဒါမှမဟုတ် အားစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု ဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ။ ချွေးထွက်ရုံဆိုရင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုဖြစ်ပြီး လေ့ကျင့်ခန်းလုပ်နေချိန်မှာ စကားပြောလို့မရတဲ့အထိ မောတယ်ဆိုရင် အားစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလို့ ယေဘုယျ သတ်မှတ်ထားတယ်။

၅ အိပ်ရေးဝဝ အိပ်ပါ

အချိန် ဘယ်လောက်ကြာကြာ အိပ်ဖို့လိုသလဲဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး။ မွေးကင်းစ ကလေးတွေက တစ်နေ့ကို ၁၆ နာရီကနေ ၁၈ နာရီ၊ လမ်းလျှောက်တတ်ခါစကလေးတွေက ၁၄ နာရီ၊ မူကြိုတက်ခါစကလေးတွေက ၁၁ နာရီ၊ ၁၂ နာရီလောက် အိပ်ကြတယ်။ ကျောင်းနေအရွယ်ကလေးတွေက အနည်းဆုံး ၁၀ နာရီလောက် အိပ်ဖို့လိုပြီး မြီးကောင်ပေါက်အရွယ်တွေကတော့ ၉ နာရီ၊ ၁၀ နာရီ၊ လူကြီးတွေကတော့ ၇ နာရီ၊ ၈ နာရီလောက် အိပ်သင့်တယ်။

အလုံအလောက် အိပ်စက်အနားယူဖို့ လိုကိုလိုအပ် ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ အလုံအလောက် အိပ်စက်အနားယူတာက–

  • ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ကြီးထွားဖွံ့ဖြိုးစေတယ်။

  • အကြောင်းအရာအသစ်တွေကို သင်ယူ၊ မှတ်မိနိုင်စွမ်းတိုးတက်စေတယ်။

  • ခန္ဓာကိုယ်ကြီးထွားမှုနဲ့ အင်အားရှိစေတဲ့ ကိုယ်တွင်းဖြစ်စဉ်ကိုထောက်ပံ့ပေးတဲ့ ဟော်မုန်းဓာတ်ကို ချိန်ညှိပေးတယ်။

  • နှလုံးကျန်းမာရေးကောင်းစေတယ်။

  • ရောဂါတွေကို ကာကွယ်ပေးတယ်။

အိပ်ရေးမဝတာဟာ အဝလွန်တာ၊ စိတ်ဓာတ်ကျတာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီအချက်တွေက အိပ်ရေးဝဝအိပ်ဖို့ လိုတယ်ဆိုတာ ဖော်ပြတယ်။

အိပ်ရေးမဝဘူးလို့ ခံစားရရင် ဘာလုပ်နိုင်သလဲ။

  • အိပ်ချိန်၊ ထချိန် မှန်အောင် လုပ်ပါ။

  • အိပ်ခန်းကို လင်းထိန်မနေအောင်၊ တိတ်ဆိတ်နေအောင်၊ အပူအအေး မျှတအောင် လုပ်ပါ။

  • အိပ်ရာထဲမှာ တီဗွီကြည့်တာ၊ ဖုန်း၊ တက်ဘလက်သုံးတာမျိုး မလုပ်နဲ့။

  • သက်သောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာ အိပ်ပါ။

  • အိပ်ရာမဝင်ခင် ဗိုက်တင်းတဲ့အထိ အစာမစားနဲ့။ လက်ဖက်ရည်၊ ကော်ဖီ၊ အရက်သောက်တာကို ရှောင်ပါ။

  • အဲဒီအကြံပြုချက်တွေအတိုင်း လုပ်တာတောင် အိပ်မပျော်နိုင်ဘူး၊ နေ့ခင်းကြောင်တောင်မှာ အိပ်ငိုက်တယ်၊ အိပ်နေတုန်း အသက်ရှူရပ်သွားတယ်ဆိုရင် ဆရာဝန်ဆီ သွားပါ။