မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သတိပြုမိရာ

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သတိပြုမိရာ

ကမ္ဘာမြေကြီးဟာ လေကောင်း လေသန့်၊ ရေကောင်းရေသန့်နဲ့ အာဟာရရှိတဲ့ အစားအစာတွေကို ထုတ်ပေးနေပေမဲ့လည်း လူတွေက အဲဒီသဘာဝဖြစ်စဉ်တွေကို အကြီးအကျယ် ဖျက်ဆီးနေကြတယ်။ အဲဒီလို ဆက်မဖြစ်ဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို သိအောင် သိပ္ပံပညာရှင်တွေ ကြိုးစားနေကြပါတယ်။

သြစတြေးလျ

ဆားငန်ဓာတ်ပါဝင်မှု နည်းတဲ့ ရေထု ကုဗမိုင် ၁၂၀,၀၀၀ ဟာ ကမ္ဘာ့သမုဒ္ဒရာကြီးတွေရဲ့ ကြမ်းပြင်အောက်မှာ တည်ရှိနေတယ်လို့ ခန့်မှန်းကြတယ်။ အယ်ဒလိတ်မြို့၊ ဖလင်ဒါတက္ကသိုလ်က ဗင်းဆင့် ပို့စ်ရဲ့ အပြောအရ “[တစ်ချိန်တုန်း] က ပင်လယ်ရေမျက်နှာပြင်ဟာ ဒီနေ့ ရေမျက်နှာပြင်လောက် မကျယ်ဘူး။” ဒါကြောင့် ကမ်းရိုးတန်းဟာ အခုထက် ပိုကျယ်တယ်။ အဲဒီအချိန်တုန်းက မိုးရေနဲ့ပြည့်နေတဲ့ နေရာတွေဟာ “အခုအချိန်မှာ ပင်လယ်အောက်ရောက်နေတာ” ဖြစ်နိုင်တယ်။ သန့်ရှင်းတဲ့ရေ အလုံအလောက် မရတဲ့ လူ သန်း ၇၀၀ ဟာ တစ်ချိန်မဟုတ် တစ်ချိန်ကျရင် ပင်လယ်အောက်မှာရှိတဲ့ ရေကို သုံးနိုင်ကြလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြတယ်။

ဆာဟာရ သဲကန္တာရ

ဆာဟာရ သဲကန္တာရမှာ တစ်ချိန်က ကျက်စားခဲ့တဲ့ တိရစ္ဆာန်အကောင်ကြီး မျိုးစိတ်တစ်ဝက်ဟာ အခုအချိန်မှာ ပျောက်ကွယ်သွားပြီ၊ သူတို့ ကျက်စားတဲ့မြေ ၁ ရာခိုင်နှုန်းပဲ ရှိတော့တယ် ဒါမှမဟုတ် ဒီထက်နည်းသွားပြီလို့ သိရတယ်။ အကြောင်းက နယ်မြေမငြိမ်သက်မှုနဲ့ အကြီးအကျယ် အမဲလိုက်မှုက တစ်ကြောင်း၊ သုတေသီတွေရဲ့ အပြောအရ သစ်တောမှာလိုပဲ သဲကန္တာရမှာလည်း မျိုးစိတ်မျိုးကွဲတွေ အများအပြားရှိပေမဲ့ “ရန်ပုံငွေ အလုံအလောက် မရှိလို့ သိပ္ပံပညာရှင်တွေဟာ သဲကန္တာရကို အာရုံမစိုက်နိုင်ကြ” တာက တစ်ကြောင်း ဖြစ်တယ်။ ဒါကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေက သဲကန္တာရရဲ့ ဂေဟစနစ်ကို စောင့်ကြည့်ဖို့ အခက်တွေ့ကြတယ်။

ကမ္ဘာ့သတင်း

၂၀၁၂ ခုနှစ်အတွင်း၊ လူ ၈ ယောက်မှာ ၁ ယောက်ဟာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးတာဖြစ်တယ်လို့ ခန့်မှန်းကြတယ်။ “အခုအချိန်မှာ လေထုညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်ထဲမှာ အကြီးမားဆုံးပြဿနာ ဖြစ်နေတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။