မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ

အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ

အခက်အခဲ

သင်နဲ့ သင့်အိမ်ထောင်ဖက်က အကြိုက်ချင်းမတူကြဘူး။ ဒါဆိုရင် လုပ်နိုင်တာ သုံးခုရှိပါတယ်–

  1. ၁။ ကိုယ်လုပ်ချင်တာကိုပဲ မရမက တောင်းဆိုနိုင်တယ်။

  2. ၂။ မကျေနပ်ပေမဲ့ အိမ်ထောင်ဖက်ရဲ့ အလိုဆန္ဒကို လိုက်လျောနိုင်တယ်။

  3. ၃။ အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်တယ်။

‘စေ့စပ်ညှိနှိုင်းတာမျိုး မလုပ်ချင်ဘူး။ စေ့စပ်ညှိနှိုင်းမယ်ဆိုရင် ဘယ်သူမှ ကိုယ်လိုချင်တာ ရတော့မှာမဟုတ်ဘူး’ လို့ သင်ပြောကောင်းပြောမယ်။

နည်းမှန်လမ်းကျ စေ့စပ်ညှိနှိုင်းမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အၡုံးချည်းပဲဆိုတာတော့ မဟုတ်ပါဘူး။ ဘယ်လိုစေ့စပ်ညှိနှိုင်းနိုင်မလဲဆိုတာ မဆွေးနွေးခင် အဲဒါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို သုံးသပ်ကြည့်ရအောင်။

သိထားသင့်တဲ့အချက်

စေ့စပ်ညှိနှိုင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အိမ်ထောင်မပြုခင်ကတော့ ကိုယ့်အတွက်ကိုယ်ပဲ ဆုံးဖြတ်ချက်တွေချခဲ့တယ်။ အခုတော့ အရင်လိုမဟုတ်တော့ဘဲ ကိုယ်တိုင်နဲ့ အိမ်ထောင်ဖက်ဟာ ကိုယ့်အကြိုက်ထက် အိမ်ထောင်ရေးအဆင်ပြေဖို့ကိုပဲ ဦးစားပေးရတော့မှာ ဖြစ်တယ်။ အဲဒါကို ပြဿနာတစ်ခုလို သဘောထားမယ့်အစား ခံစားရတဲ့ အကျိုးကျေးဇူးကိုလည်း သုံးသပ်ကြည့်ပါ။ “တစ်ယောက်တည်းရဲ့ အကြံဉာဏ်ထက်စာရင် နှစ်ယောက် စလုံးရဲ့ အကြံဉာဏ်ပေါင်းပြီး ဖြေရှင်းနည်းရှာတာက ပိုကောင်းနိုင်တယ်” ဆိုပြီး အလက်ဇန္ဒြားလို့အမည်ရှိတဲ့ ဇနီးသည်တစ်ဦးကပြောတယ်။

စေ့စပ်ညှိနှိုင်းရာမှာ အမြင်ကျယ်ဖို့လိုတယ်။ “ကိုယ့်အိမ်ထောင်ဖက် ပြောသမျှကို လက်ခံရမယ်လို့တော့မဟုတ်ပေမဲ့ သူ့ရဲ့အမြင်ကို ထည့်တွက်စဉ်းစားပေးဖို့ လိုတယ်” ဆိုပြီး အိမ်ထောင်ရေးအတိုင်ပင်ခံ ဂျွန် အမ်. ဂေါ့ဒ်မန်ကပြောတယ်။ “အိမ်ထောင်ဖက်က ပြဿနာအကြောင်း ဆွေးနွေးဖို့ ကြိုးစားနေချိန်မှာ လက်ပိုက်၊ ခေါင်းခါပြီး သဘောမတူတဲ့ အမူအရာမျိုးပဲပြနေမယ်ဆိုရင် (ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့ တွေးနေမယ်ဆိုရင်) ဒီဆွေးနွေးခန်းက ဘာမှအရာထင်တော့မှာမဟုတ်ဘူး။” *

စေ့စပ်ညှိနှိုင်းရာမှာ အနစ်နာခံတတ်ဖို့လိုတယ်။ “ငါ့နည်းလမ်းတွေက အကောင်းဆုံး၊ ငါပြောတဲ့အတိုင်းလုပ်” ဆိုတဲ့ အိမ်ထောင်ဖက်မျိုးနဲ့နေရရင် ဘယ်သူမှ ပျော်မှာမဟုတ်ဘူး။ နှစ်ယောက်စလုံးမှာ အနစ်နာခံလိုတဲ့စိတ်ရှိတာက အကောင်းဆုံးဖြစ်တယ်။ “ကျွန်မယောက်ျားအကြိုက် လိုက်ပေးတဲ့အခါရှိသလို သူက ကျွန်မအကြိုက် လိုက်လျောပေးတဲ့အခါတွေလည်းရှိတယ်။ ဒါကြောင့် အိမ်ထောင်ရေးက တစ်ဖက်သတ်မဖြစ်သင့်ဘဲ အပြန်အလှန်ဖြစ်သင့်တယ်” ဆိုပြီး ဂျူးန်လို့ခေါ်တဲ့ ဇနီးသည်တစ်ယောက်က ပြောတယ်။

လုပ်ဆောင်နိုင်ရာ

အစကောင်းစေပါ။ အစကောင်းမှပဲ အနှောင်းသေချာမှာဖြစ်တယ်။ အစကတည်းက လေသံမာမာနဲ့ပြောမယ်ဆိုရင် စေ့စပ်ညှိနှိုင်းရတာ အဆင်ပြေမှာမဟုတ်ဘူး။ ဒါကြောင့် ‘သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့’ ဆိုတဲ့ ကျမ်းစာအကြံပြုချက်အတိုင်း လက်တွေ့ကျင့်သုံးပါ။ (ကောလောသဲ ၃:၁၂) အဲဒီအရည်အသွေးတွေက သင်နဲ့သင့်အိမ်ထောင်ဖက်ကို စကားများ၊ ရန်ဖြစ်စေတာထက် ပြဿနာဖြေရှင်းနည်းကိုပဲ အာရုံစိုက်စေဖို့ ကူညီပေးမှာဖြစ်တယ်။—ကျမ်းစာအကြံပြုချက်ကောလောသဲ ၄:၆

နှစ်ဦးနှစ်ဖက် သဘောတူညီတဲ့အချက်ကို ရှာပါ။ စေ့စပ်ညှိနှိုင်းဖို့ကြိုးစားနေတဲ့ကြားက စကားများတယ်ဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ သဘောမတူညီနိုင်တဲ့ အချက်တွေပေါ်မှာပဲ အာရုံစိုက်လွန်းလို့ ဖြစ်နိုင်တယ်။ အဲဒီအစား သဘောတူညီနိုင်မယ့်အချက်တွေကို ကြိုးစားရှာကြည့်ပါ။ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ရှာတွေ့နိုင်အောင် အောက်ပါအချက်တွေအတိုင်း ကြိုးစားလုပ်ဆောင်ကြည့်ပါ။

သင်တို့နှစ်ယောက်စလုံးဟာ ကော်လံနှစ်ခုခွဲထားတဲ့ စာရင်းတစ်ခုချရေးပါ။ ကော်လံတစ်ဖက်မှာ အလျှော့မပေးနိုင်တဲ့အရာတွေကို ရေးပါ။ နောက်တစ်ဖက်မှာတော့ အလျှော့ပေးလို့ရနိုင်တဲ့အရာတွေကို ချရေးပါ။ ပြီးတဲ့အခါ အဲဒီအကြောင်းကို နှစ်ယောက်အတူ ဆွေးနွေးပါ။ အဲဒီအခါမှာ အလျှော့ပေးနိုင်တာတွေ အတော်များများ ရှိတယ်ဆိုတာကို တွေ့လာပါလိမ့်မယ်။ ဒါဆိုရင် စေ့စပ်ညှိနှိုင်းရတာက ထင်ထားသလောက် ခက်တော့မှာ မဟုတ်ဘူး။ တကယ်လို့ မလိုက်လျောနိုင်တဲ့အချက်တွေ ရှိတယ်ဆိုရင်တောင် စာရွက်မှာ ချရေးထားတာက ကိုယ့်အကြိုက်၊ သူ့အကြိုက်ကို ရှင်းရှင်းလင်းလင်း သိမြင်စေမှာ ဖြစ်တယ်။

ပူးပေါင်းပြီး အဖြေရှာပါ။ တချို့ကိစ္စတွေကို လွယ်လွယ်ညှိနှိုင်းနိုင်ပေမဲ့ ပိုပြီးကြီးလေးတဲ့ ကိစ္စရပ်တွေကိုတော့ တစ်ယောက်တည်း ဖြေရှင်းလိုက်တာထက် နှစ်ယောက်ပေါင်းပြီး ဖြေရှင်းနည်းရှာဖွေမယ်ဆိုရင် အိမ်ထောင်ရေးနှောင်ကြိုးကို ပိုပြီးခိုင်မြဲစေမှာဖြစ်တယ်။—ကျမ်းစာအကြံပြုချက်ဒေသနာ ၄:၉

အလိုက်သင့်ပြောင်းလဲလိုစိတ်ရှိပါ။ “သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏” ဆိုပြီး သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ (ဧဖက် ၅:၃၃) အိမ်ထောင်မှာ မေတ္တာနဲ့ လေးစားမှုတင်ပြမယ်ဆိုရင် တစ်ယောက်ရဲ့ခံယူချက်ကို တစ်ယောက်က လက်ခံစဉ်းစားပေးဖို့ လိုလိုလားလား ရှိမှာဖြစ်ပြီး လိုက်လျောဖို့တောင် အဆင်သင့်ရှိမှာဖြစ်တယ်။ “အရင်တုန်းက ကိုယ်မလုပ်ချင်၊ လုပ်ဖြစ်မှာမဟုတ်တဲ့အရာတွေကို အိမ်ထောင်ဖက်ကျေးဇူးကြောင့် ကြိုက်တောင် ကြိုက်လာပြီ” လို့ ကင်မရွန်လို့ခေါ်တဲ့ ခင်ပွန်းသည်တစ်ဦးက ပြောတယ်။—ကျမ်းစာအကြံပြုချက်– ကမ္ဘာဦး ၂:၁၈

^ စာပိုဒ်၊ 12 The Seven Principles for Making Marriage Work စာအုပ်မှ ကောက်နုတ်ထားပါတယ်။