မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ

မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ

ပြဿနာ

သင့်အပေါ် တကယ်ပဲနားလည်ပေးတဲ့ လိင်ခြားသူမိတ်ဆွေတစ်ဦး သင့်မှာရှိတယ်။ သင်ဘာတွေလုပ်နေတယ် ဆိုတာကအစ ဘာအကြောင်းအရာကိုမဆို သူနဲ့ ပြောဖြစ်တယ်။ ‘ငါတို့က ရိုးရိုးသားသားခင်တာပါ’ လို့ သင်ပြောပါလိမ့်မယ်၊ ဒါပေမဲ့ သင့်အိမ်ထောင်ဖက်က သင်တို့နှစ်ယောက် စကားအကြာကြီး ပြောနေတာကိုတွေ့ရင် တစ်မျိုးထင်နိုင်ပါတယ်။

သင်တို့နှစ်ယောက်ဟာ အရမ်းရင်းနှီးတဲ့သူတွေ ဖြစ်မယ်ဆိုရင် အခြေအနေကို ပြောင်းလဲဖို့လိုပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းရင်းတွေကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်သွားနိုင်သလဲဆိုတာ အရင်ဆုံး စဉ်းစားကြည့်ပါ။

ရင်းနှီးလွန်းရတဲ့အကြောင်းရင်း

စိတ်ကျေနပ်တဲ့အတွက်။ ရိုးရိုးလေးပြောရရင် လိင်ခြားသူရဲ့ အာရုံစိုက်မှုခံရတာဟာ စိတ်ထဲမှာ ကျေနပ်စရာကောင်းပါတယ်။ ငါဟာ ခေသူမဟုတ်ပါလား၊ ဆွဲဆောင်မှုရှိသားပဲဆိုတဲ့အသိနဲ့ ကျေနပ်အားရတတ်ကြတယ်။ အိမ်ထောင်ပြုပြီးနောက်မှာတောင် သင့်မှာ ဆွဲဆောင်မှုရှိသေးသလားဆိုတာသိအောင် လိင်ခြားသူ မိတ်ဆွေနဲ့ ပေါင်းမိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုသိထားပါ– သင့်အိမ်ထောင် ဖက်မဟုတ်တဲ့ တခြားတစ်ယောက်အားဖြင့် သင့်မှာဆွဲဆောင်မှု ရှိမရှိသိအောင် လုပ်မယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်ကို သင်ခံစားရပါလိမ့်မယ်။ သင်ဟာ လိင်ခြားသူတစ်ယောက်အပေါ် မတော်လျော်တဲ့ခံစားချက် ရှိနေမယ်ဆိုရင် သင့်အိမ်ထောင်ဖက်နဲ့ သင့်ရဲ့ဆက်ဆံရေးကို အေးစက်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ကိုပေးရမယ့် မေတ္တာကို တခြားသူကိုပေးနေခြင်းဖြစ်တယ်။

• သင့်ကိုယ်သင်မေးပါ– ‘ကိုယ့်အိမ်ထောင်ဖက်နဲ့ ဖြည့်ဆည်းရမယ့်အရာကို ဘာကြောင့်များ လိင်ခြားသူမိတ်ဆွေနဲ့ ဖြည့်ဆည်းမှာလဲ။’

အားငယ်လို့။ အိမ်ထောင်သည်တွေဟာ အတိုင်းအတာတစ်ခုအထိ “ကာယဆင်းရဲဒုက္ခ” ကိုခံရကြမယ်ဆိုပြီး သမ္မာကျမ်းစာကဆိုတယ်။ (၁ ကောရိန္သု ၇:၂၈) ဥပမာ၊ သင့်အိမ်ထောင်ဖက်က သင့်ကို ဂရုမစိုက်ဘူး၊ အလေးမထားဘူးလို့ ခံစားရတဲ့အချိန်တွေ ရှိနိုင်တယ်။ မဖြေရှင်းရသေးတဲ့ ပြဿနာတစ်ခုကြောင့် သင်စိတ်နာနေတာ ဖြစ်နိုင်တယ်။ အဲဒီအကြောင်းကို သင့်အိမ်ထောင်ဖက်က အပြောမခံတာလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ သင်စိတ်အနှောင့်အယှက်ဖြစ်ပြီး တခြားတစ်ယောက်က သင့်ကို ဂရုစိုက်တဲ့အခါ အလွယ်တကူ တိမ်းညွတ်သွားပါလိမ့်မယ်။ အိမ်ထောင်မှာ ပြဿနာကို မဖြေရှင်းဘဲရှောင်ခြင်းက ပျော်ရွှင်မှုကင်းမဲ့စေပြီး အိမ်ထောင်ပြိုကွဲတဲ့အထိတောင် ဖြစ်သွားစေတယ်လို့ ပညာရှင်တချို့ ဆိုတယ်။

• သင့်ကိုယ်သင်မေးပါ– ‘လိင်ခြားသူနဲ့ မသင့်လျော်တဲ့ရင်းနှီးမှုမျိုး အလွယ်တကူဖြစ်သွားစေတဲ့ ဟာကွက်တစ်ခုခု ရှိနေသလား။’

သင်လုပ်ဆောင်နိုင်ရာ

အန္တရာယ်ကို အသိအမှတ်ပြုပါ။ “လူသည်အဝတ်မလောင်ဘဲ မီးကိုပိုက်ဖက်နိုင်သလော” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (သုတ္တံ ၆:၂၇) သင်ဟာ အိမ်ထောင်သည်ဖြစ်ပြီး အိမ်ထောင်ဖက်မဟုတ်သူနဲ့ ချစ်ခင်တွယ်တာတဲ့အဆင့်အထိ ဆက်တက်နေမယ်ဆိုရင်တော့ အကြီးအကျယ် ထိခိုက်နာကျင်ရပါလိမ့်မယ်။ (ယာကုပ် ၁:၁၄၊ ၁၅) ဖြစ်လာနိုင်တဲ့ ကိစ္စကြောင့်ပဲ မဟုတ်ပါဘူး။ ဖြစ်ပြီးသွားတာကိုလည်း စဉ်းစားကြည့်ပါ။ လိင်ခြားသူတစ်ဦးနဲ့ အဲဒီလို ဆက်ဆံရေးမျိုးရှိခဲ့တာ ကိုယ်နှိုက်က သင့်အိမ်ထောင်ဖက်ရသင့်တဲ့ အဲဒီဆက်ဆံရေးကို အိမ်ထောင်ဖက်ကိုမပေးဘဲ တခြားသူကို ပေးခြင်းဖြစ်တယ်။

သင့်ကိုယ်သင် မလှည့်စားပါနဲ့။ လိင်ခြားသူနဲ့ သင်ရင်းနှီးလွန်းလာတဲ့အခါ သူ့ကိုသာလက်ထပ်ခဲ့ရင် ငါ့ဘဝဟာ ဒီလိုဖြစ်နေမှာမဟုတ်ဘူးဆိုပြီး သင်စဉ်းစားလာပါလိမ့်မယ်။ သင့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို သင့်မိတ်ဆွေရဲ့အားသာချက်တွေနဲ့ မမျှမတနှိုင်းယှဉ်တဲ့အထိ ဖြစ်လာနိုင်တယ်။ သင့်မိတ်ဆွေအကြောင်း စဉ်းစားလိုက်တာနဲ့ သင်စိတ်ကြည်နူးနေနိုင်တယ်။ ဒါပေမဲ့ သတိရပါ– သင့်အိမ်ထောင်ဖက်ကို သင်လက်မထပ်ခင်ကလည်း အဲဒီလိုပဲခံစားခဲ့ရတယ် မဟုတ်လား။—ကျမ်းစာမူ– ယေရမိ ၁၇:၉

စည်းသတ်မှတ်ထားပါ။ လူတွေဟာ သူခိုးတွေ အိမ်ထဲမဝင်နိုင်အောင် ခြံစည်းရိုး ခတ်ထားတတ်ကြတယ်။ သင့်အိမ်ထောင်ကိုလည်း စည်းခတ်ထားနိုင်ပါတယ်။ “နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” လို့ ကျမ်းစာကဆိုတယ်။ (သုတ္တံ ၄:၂၃) သင် ဘယ်လိုလုပ်နိုင်ပါသလဲ။ အောက်ပါအချက်တွေကို ကြိုးစားကြည့်ပါ-

  • သင်ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း မြင်သာတဲ့အမှတ်အသားတွေ ထားပါ။ ဥပမာ၊ အလုပ်မှာ သင့်အိမ်ထောင်ဖက်ရဲ့ ဓာတ်ပုံတွေ ထားနိုင်ပါတယ်။—ကျမ်းစာမူ– ကမ္ဘာဦး ၂:၂၄

  • လိင်ခြားသူတစ်ဦးနဲ့ ပြောဆိုဆက်သွယ်ရတယ်ဆိုရင် ဘယ်အပြုအမူကို လက်ခံတယ်၊ ဘယ်အပြုအမူမျိုးကို လက်မခံဘူးဆိုတာ ကြိုဆုံးဖြတ်ထားပါ။ ဥပမာ၊ အဲဒီမိတ်ဆွေကို သင့်အိမ်ထောင်ရေးပြဿနာတွေအကြောင်း ပြောပြတာ ဒါမှမဟုတ် လိင်ခြားသူတစ်ယောက်နဲ့ နှစ်ယောက်တည်း အတူဆိုင်ထိုင်ပြီး တစ်ခုခု စားတာ၊ သောက်တာမျိုး မသင့်လျော်ပါဘူး။

  • လိင်ခြားသူတစ်ယောက်နဲ့ ရင်းနှီးလွန်းတဲ့အဆင့်ဖြစ်လာပြီဆိုရင် အဲဒီဆက်ဆံရေးကို ဖြတ်ပါ။ ဖြတ်ဖို့ခက်နေတယ်ဆိုရင် ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ပါ။ သင်တို့ရဲ့ဆက်ဆံရေးမပြတ်အောင် ကာကွယ်ဖို့ကြိုးစားမယ့်အစား သင့်အိမ်ထောင်ဖက်ဘက်ကနေ ရပ်တည်ပါ၊ သင့်အိမ်ထောင်မပြိုကွဲအောင် လုပ်စရာရှိတာ လုပ်ဆောင်ပါ။—ကျမ်းစာမူ– သုတ္တံ ၅:၁၈၊ ၁၉