၁ ကောရိန္သု ၇:၁-၄၀

  • အိမ်​ထောင်​မရှိ​သူ​နဲ့ အိမ်​ထောင်​သည်​တွေ​အတွက် အကြံ​ဉာဏ် (၁-၁၆)

  • ဘု​ရား​ရွေး​ချယ်​တုန်း​က အခြေ​အနေ​အတိုင်း ဆက်နေထိုင်​သွား​ကြ (၁၇-၂၄)

  • အိမ်​ထောင်​မရှိ​သူ​နဲ့ မု​ဆိုး​မ (၂၅-၄၀)

    • တစ်​ကိုယ်​ရေ​သမား​တွေရဲ့ အား​သာ​ချက် (၃၂-၃၅)

    • “သခင့်​နောက်​လိုက်​ဖြစ်​သူ​နဲ့​ပဲ လက်​ထပ်​ရမယ်” (၃၉)

 ခင်​ဗျား​တို့ ရေး​လိုက်​တဲ့​စာ​နဲ့​ပတ်​သက်​ပြီး ပြော​ရရင် အမျိုး​သား​က အမျိုး​သမီး​ကို မထိ​တွေ့​ဘဲ​နေ​ရင်* ပို​ကောင်း​ပါ​တယ်။ ၂  ဒါ​ပေမဲ့ လိင်​အ​ကျင့်​ယို​ယွင်း​မှု* ပျံ့​နှံ့​နေ​တဲ့​အတွက်​ အ​မျိုး​သား​တိုင်း  ဇနီး​ရှိ​သင့်​တယ်။+ အမျိုး​သမီး​တိုင်း​လည်း ခင်​ပွန်း​ရှိ​သင့်​တယ်။+ ၃  ခင်​ပွန်း​သည်​က ဇနီး​ကို ဆက်​ဆံ​ခြင်း​ဝတ် ဖြည့်​ဆည်း​ပေး​ရ​မယ်။ ဇနီး​က​လည်း ခင်​ပွန်း​ကို ဆက်​ဆံ​ခြင်း​ဝတ် ဖြည့်​ဆည်း​ပေး​ရ​မယ်။+ ၄  ဇနီး​က မိမိ​ရဲ့​ကိုယ်​ခန္ဓာ​ကို မပိုင်​ဘူး၊ ခင်​ပွန်း​က ပိုင်​တယ်။ အလား​တူ၊  ခင်​ပွန်း​က​လည်း  မိမိ​ရဲ့​ကိုယ်​ခ​န္ဓာ​ကို​မပိုင်​ဘူး၊ ဇနီး​က​ပိုင်​တယ်။ ၅  လင်​မယား​အချင်း​ချင်း ဆက်​ဆံ​ခြင်း​ဝတ်​ကို ဖြည့်​ဆည်း​ပေး​ကြ​ပါ။ နှစ်​ဦး​သဘော​တူ​ပြီး သတ်​မှတ်​ထား​တဲ့ ဆု​တောင်း​ချိန်  အတော​အတွင်း​မှာ​တော့ ဆက်​ဆံ​ခြင်း​ဝတ်​ကို ရှောင်​ကြ​ပေါ့။ ပြီး​တဲ့​နောက် အတူ​ပြန်​နေ​နိုင်​တယ်။ အဲ​ဒီ​လို​မဟုတ်​ဘဲ  ခင်​ဗျား​တို့ ချုပ်​တည်း​ခြင်း​မရှိ​ရင်  စာ​တန်  သွေး​ဆောင်​လိမ့်​မယ်။ ၆  ခင်​ဗျား​တို့ လုပ်​နိုင်​တဲ့​အရာ​ကို ကျွန်​တော်​ပြော​တာ​ပါ။ လုပ်​ကို​လုပ်​ရ​မယ်​တော့  မဟုတ်​ပါ​ဘူး။ ၇  တ​ကယ်​တော့ လူ​တိုင်း​ကို ကျွန်​တော့်​လို​ပဲ နေ​စေ​ချင်​တာ။ ဒါ​ပေမဲ့ လူ​တိုင်း​ဟာ ဘု​ရား​သခင်​ဆီ​က​နေ ဆု​ကျေး​ဇူး တစ်​ယောက်​တစ်​မျိုး​စီ+ ရ​ရှိ​ထား​ပါ​တယ်။ ၈  အိမ်​ထောင်​မပြု​တဲ့​သူ​တွေ​နဲ့ မုဆိုး​မ​တွေ​ကို  ပြော​ချင်​တာ​က ကျွန်​တော့်​လို​ တစ်​ကိုယ်​တည်း​ဆက်​နေ​သွားရင် ပို​ကောင်း​မယ်။+ ၉  ဒါ​ပေမဲ့  မချုပ်​တည်း​နိုင်​ရင်​တော့​ အိမ်​ထောင်​ပြု​ပါ။ ရ​မ္မက်​မီး တောက်​လောင်​နေ​တာ​ထက်​ အိမ်​ထောင်​ပြု​လိုက်​တာ  ပို​ကောင်း​ပါ​တယ်။+ ၁၀  အိမ်​ထောင်​သည်​တွေ​ကို ကျွန်​တော် မဟုတ်​ဘဲ သခင်​ညွှန်​ကြား​တာ​က​ ဇနီး​ဟာ  ခင်​ပွန်း​နဲ့ ခွဲ​မနေ​ရ​ဘူး။+ ၁၁  ခွဲ​နေ​တယ်​ဆို​ရင်  နောက်​အိမ်​ထောင်​မပြု​ဘဲ နေ​ရ​မယ်။ ဒါ​မှ​မဟုတ် ကိုယ့်​ခင်​ပွန်း​နဲ့ ပြန်​ပေါင်း​ရ​မယ်။ ခင်​ပွန်း​က​လည်း ဇနီး​နဲ့ ခွဲ​မနေ​ရ​ဘူး။+ ၁၂  ကျန်​တဲ့​သူ​တွေ​ကို​တော့ သခင် မဟုတ်​ဘဲ+ ကျွန်​တော်​ညွှန်​ကြား​တာ​က ညီ​အစ်​ကို​တစ်​ယောက်​မှာ မယုံ​ကြည်​သူ​ဇနီး​ရှိ​တယ် ဆို​ပါ​စို့။ သူ့​ဇနီး​က အတူ​ပေါင်း​သင်း နေ​ထိုင်​ချင်​တယ်​ဆို​ရင် ဇနီး​နဲ့ ခွဲ​မနေ​ရ​ဘူး။ ၁၃  ညီ​အစ်​မတစ်​ယောက်​မှာ​လည်း မယုံ​ကြည်​သူ ခင်​ပွန်း​ရှိ​တယ် ဆို​ပါ​စို့။  သူ့​ခင်​ပွန်း​က အတူ​ပေါင်း​သင်း နေ​ထိုင်​ချင်​တယ်​ဆို​ရင် ခင်ပွန်း​နဲ့​ ခွဲမနေ​ရ​ဘူး။ ၁၄  ဘာ​လို့​လဲ​ဆို​တော့ ခင်​ပွန်း​ဟာ မယုံ​ကြည်​သူ​ဖြစ်​ပေမဲ့ ညီ​အစ်​မနဲ့ စုံ​ဖက်​ထား​တဲ့​အတွက် သန့်​စင်​တယ်။ ဇနီး​က​လည်း မယုံ​ကြည်​သူ​ဖြစ်​ပေမဲ့ ညီ​အစ်​ကို​နဲ့ စုံ​ဖက်​ထား​တဲ့​အ​တွက် သန့်​စင်​တယ်။ ဒီ​လို​မှ​မ​ဟုတ်​ရင် သား​သမီး​တွေ​ဟာ  ဘုရား​ရဲ့​အမြင်​မှာ  စင်​ကြယ်​နေ​မှာ   မဟုတ်​ဘူး။  အခု​တော့  သူ​တို့  သန့်​ရှင်း​နေ​တယ်။ ၁၅  ဒါ​ပေမဲ့ မယုံ​ကြည်​သူ​က ခွဲ​နေ​ချင်​တယ်​ဆို​ရင်* ခွဲ​နေ​ပါ​စေ။ အဲ​ဒီ​လို​အခြေ​အနေ​မျိုး​မှာ  ညီ​အစ်​ကို​ဖြစ်​စေ၊  ညီ​အစ်​မဖြစ်​စေ အိမ်​ထောင်​ဖက်​နဲ့​အ​တူ​နေ​ရ​မယ်​လို့  မဆို​လို​ဘူး။  ဘု​ရား​သခင်​က ခင်ဗျား​တို့ ငြိမ်​သက်​အေး​ချမ်း​စွာ နေ​ထိုင်​ဖို့ ရွေး​ချယ်​ခေါ်​ယူ​ထား​တာ။+ ၁၆  ဇနီး​တို့၊ ခင်​ပွန်း​နဲ့​အတူ​နေ​မယ်​ဆို​ရင် ခင်​ပွန်း​ကို ကယ်​တင်​ကောင်း ကယ်​တင်​နိုင်​လိမ့်​မယ်။+ ခင်​ပွန်း​တို့၊ ဇနီး​နဲ့​အတူ​နေ​မယ်​ဆို​ရင် ဇနီး​ကို ကယ်​တင်​ကောင်း ကယ်​တင်​နိုင်​လိမ့်​မယ်။ ၁၇  ခင်​ဗျား​တို့​အား​လုံး ယေဟောဝါ*  ပေး​သနား​ထား​တဲ့  ဝေ​စု​နဲ့​အညီ ဘုရား​သခင်  ရွေး​ချယ်​ခေါ်​ယူ​တုန်း​က အခြေ​အနေ​အတိုင်း ဆက်​ပြီး ကျင့်​ကြံ​နေ​ထိုင်​သွား​ကြ​ပါ။+ အသင်း​တော်​အား​လုံး​ကို​လည်း  ဒီ​အတိုင်း​ပဲ ကျွန်​တော် ညွှန်​ကြား​ပါ​တယ်။ ၁၈  ခင်​ဗျား​တို့​ထဲ​မှာ အရေ​ဖျား​ဖြတ်​ပြီး​မှ ရွေး​ချယ်​ခံ​ရ​သူ ရှိ​သလား။+ ရှိ​ရင် အဲ​ဒီ​အတိုင်း​ပဲ ဆက်​နေ​သွား​ပါ​စေ။ အရေ​ဖျား​မဖြတ်​ခင် ရွေးချယ်​ခံ​ရ​သူ​ရှိ​သလား။ ရှိ​ရင် သူ  အရေ​ဖျား​ဖြတ်​စ​ရာ  မလို​ဘူး။+ ၁၉  အရေ​ဖျား​ဖြတ်​တာ၊ မဖြတ်​တာ အဓိ​က​မ​ဟုတ်​ပါ​ဘူး။+ ဘု​ရား​သခင့်​ပညတ်​တွေကို  လိုက်​နာ​ဖို့​သာ အဓိ​က​ပါ။+ ၂၀  ဘုရား​သ​ခင် ရွေး​ချယ်​တုန်း​က ဘယ်​လို​အခြေ​အနေ​ပဲ ရှိ​နေ​ပါ​စေ အဲ​ဒီ​အတိုင်း​ပဲ ဆက်​နေ​သွား​ကြ​ပါ။+ ၂၁  ကျွန်​ဖြစ်​နေ​တုန်း​မှာ ရွေး​ချယ်​ခံ​ရ​တာ​လား။ စိတ်​အနှောင့်​အယှက် မဖြစ်​ပါ​နဲ့။+  ကျွန်​အဖြစ်​က​နေ  လွတ်​မြောက်​ခွင့်  ရရင်​တော့ အမိ​အရ ယူ​လိုက်​ပေါ့။ ၂၂  ကျွန်​ဖြစ်​နေ​တုန်း​မှာ သခင့်​နောက်​လိုက်​ဖြစ်​လာ​ဖို့ ရွေး​ချယ်​ခံ​ရ​တယ်​ဆို​ရင် သူ​ဟာ သခင်​ပိုင်​ဆိုင်​တဲ့ လွတ်​မြောက်​သူ​ပဲ။+ အလား​တူ၊ လွတ်​လပ်​သူ​ဖြစ်​တုန်း​က ရွေး​ချယ်​ခံ​ရ​တယ်​ဆို​ရင် သူ​ဟာ  ခ​ရစ်​တော်​ပိုင်​ဆိုင်​တဲ့  ကျွန်​ပဲ။ ၂၃  ခင်​ဗျား​တို့​ကို တန်​ဖိုး​ကြီး​ကြီး​ပေး​ပြီး ဝယ်​ထား​တာ​ဖြစ်​လို့+ လူ​တွေ​ဆီ​မှာ ကျွန်​မခံ​ကြ​နဲ့​တော့။ ၂၄  ညီ​အစ်​ကို​တို့၊ ခင်ဗျား​တို့​ကို ရွေး​ချယ်​တုန်း​က ဘယ်​လို​အခြေ​အနေ​ပဲ ရှိ​နေ​ပါ​စေ ဘု​ရား​သခင်​ရှေ့​မှာ အဲ​ဒီ​အတိုင်း​ပဲ ဆက်​နေ​သွား​ကြ​ပါ။ ၂၅  အပျို​လူ​ပျို​တွေ​နဲ့ ပတ်​သက်​ပြီး သခင် ဘာ​မှ မမိန့်​မှာ​ပေမဲ့ သခင်​ရဲ့​ကရု​ဏာ​ကို ခံ​စား​ရ​တဲ့ သစ္စာ​ရှိ​သူ​တစ်​ယောက်​အနေ​နဲ့  ကျွန်​တော့်​သဘော​ထား​ကို​ပြော​ပြချင်​ပါ​တယ်။+ ၂၆  ခက်​ခဲ​တဲ့​အချိန်​မှာ အသက်​ရှင်​နေ​ရ​တဲ့​အတွက်  လူ​တစ်​ယောက်​ဟာ လက်​ရှိ​အခြေ​အနေ​အတိုင်း  နေ​သွား​တာ အကောင်း​ဆုံး​ပဲ​လို့ ကျွန်​တော်​ထင်​တယ်။ ၂၇  ခင်​ဗျား​မှာ ဇနီး​ရှိ​သလား။ ရှိ​ရင် ခွဲ​နေ​ဖို့ မကြိုး​စား​ပါ​နဲ့။+ ခင်​ဗျား​မှာ ဇနီး မရှိ​ဘူး​လား။ မရှိ​ရင် မရှာ​ပါ​နဲ့​တော့။ ၂၈  အိမ်​ထောင်​ပြု​တယ်​ဆို​ရင်​လည်း အပြစ်​မဟုတ်​ပါ​ဘူး။ အပျို​လူ​ပျို​တွေ အိမ်​ထောင်​ပြု​တာ အပြစ်​မဟုတ်​ဘူး။ အိမ်​ထောင်​ပြု​ရင်​တော့ ဘ​ဝ​ဒုက္ခတွေ  ကြုံ​တွေ့​ရ​မှာ​ပဲ။ ဒါ​ပေမဲ့ ခင်​ဗျား​တို့​ကို အဲ​ဒီ​ဒုက္ခ​နဲ့ ကင်း​ဝေး​စေ​ချင်​တယ်။ ၂၉  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​ပြော​ချင်​တာ​က အချိန်​နည်း​နည်း​ပဲ ကျန်​တော့​တယ်။+ ဒါ​ကြောင့် အခု​ချိန်​က​စ​ပြီး ဇနီး​ရှိ​တဲ့​သူ​ဟာ ဇနီး​မရှိ​တဲ့​သူ​လို နေ​ကြ​ပါ။ ၃၀  ငို​ကြွေး​တဲ့​သူ​ဟာ မငို​ကြွေး​တဲ့​သူ​လို၊  ပျော်​ရွှင်​တဲ့​သူ​ဟာ မပျော်​ရွှင်​တဲ့​သူ​လို၊  ပစ္စည်း​ဥစ္စာ​ဝယ်​တဲ့​သူ​ဟာ အဲ​ဒီ​ဥစ္စာ​ကို မပိုင်​တဲ့​သူ​လို နေ​ကြ​ပါ။ ၃၁  ဒီ​လော​က​ကို  သုံး​တဲ့​သူ​ဟာ အပြည့်​အဝ မသုံး​တဲ့​သူ​လို နေ​ကြ​ပါ။ ဘာ​လို့​လဲ​ဆို​တော့ ဒီ​လော​က​ရဲ့ ဇာတ်​ကွက်  ပြောင်း​လဲ​နေ​လို့​ပဲ။ ၃၂  ခင်​ဗျား​တို့​ကို စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ​နဲ့ ကင်း​ဝေး​စေ​ချင်​တယ်။ အိမ်​ထောင်​မရှိ​တဲ့ အမျိုး​သား​ဟာ သခင့်​မျက်​နှာ​သာ​ရ​ဖို့ သခင့်​အမှု​တော်​ကို​ပဲ အာ​ရုံ​စိုက်​တတ်​တယ်။ ၃၃  အိမ်​ထောင်​သည် အမျိုး​သား​က​တော့ ဇနီး​ဖြစ်​သူ စိတ်​ချမ်း​သာ​စေ​ဖို့ လော​ကီ​ကိစ္စတွေ​ကို အာ​ရုံ​စိုက်​နေ​ရ​တဲ့​အတွက်၊+ ၃၄  အာ​ရုံ​နှစ်​ခု ဖြစ်​နေ​တယ်။ အိမ်​ထောင်​မရှိ​တဲ့ အမျိုး​သမီး​နဲ့ အပျို​တွေ​က သခင့်​အမှု​တော်​ကို​ပဲ အာ​ရုံ​စိုက်​နေ​တဲ့​အတွက်+ ကိုယ်​စိတ်​နှစ်​ဖြာ သန့်​ရှင်း​နေ​တယ်။ အိမ်​ထောင်​သည် အမျိုး​သမီး​က​တော့ ခင်​ပွန်း စိတ်​ချမ်း​သာ​စေ​ဖို့ လောကီ​ကိစ္စတွေ​ကို အာ​ရုံ​စိုက်​နေ​ရ​တယ်။ ၃၅  ခင်​ဗျား​တို့​အကျိုး​အတွက် ကျွန်​တော် ပြော​တာ​ပါ။ ချုပ်​ချယ်​ချင်​လို့ မဟုတ်​ပါ​ဘူး။ ခင်​ဗျား​တို့ သင့်​တော်​တဲ့​အရာ လုပ်​နိုင်​အောင်၊ အာ​ရုံ​မပျံ့​လွင့်​ဘဲ သခင့်​အမှု​တော်​ကို အမြဲထမ်း​ဆောင်​နိုင်​အောင် တိုက်​တွန်း​နေ​တာ​ပါ။ ၃၆  ဒါ​ပေမဲ့ အိမ်​ထောင်​မပြု​ဘဲ​နေ​တဲ့​အခါ သွေး​သား​ဆန္ဒတွေ ထိန်း​ချုပ်​နိုင်​မှာ မဟုတ်​ဘူး​လို့  ကိုယ့်​ကိုယ်​ကိုယ် ယူဆ​ရင်၊ ပျို​မျစ်​ချိန်​လည်း* လွန်​သွား​ပြီဆို​ရင် ဆန္ဒ​ရှိ​တဲ့​အတိုင်း အိမ်​ထောင်​ပြု​ပါ​စေ။ ဒါ​ဟာ အပြစ်​မဟုတ်​ဘူး။ လက်​ထပ်​ကြ​ပါ​စေ။+ ၃၇  ဒါ​မှ​မဟုတ် အိမ်​ထောင်​ပြု​စ​ရာ  မလို​ဘူး၊  စိတ်​ထိန်း​ချုပ်​နိုင်​တယ်​လို့ ယူ​ဆ​တဲ့​အတွက် အိမ်​ထောင်​မပြု​ဘဲ​နေ​ဖို့ ဆုံး​ဖြတ်​ပြီး အဲ​ဒီ​အတိုင်း နေ​သွား​တယ်​ဆို​ရင်​လည်း ကောင်း​ပါ​တယ်။+ ၃၈  အိမ်​ထောင်​ပြု​တာ   ကောင်း​ပါ​တယ်။ ဒါ​ပေမဲ့ အိမ်​ထောင်​မပြု​တာ ပို​ကောင်း​တယ်။+ ၃၉  ဇနီး​ဟာ ခင်​ပွန်း အသက်​ရှင်​နေ​သရွေ့ ခင်​ပွန်း​နဲ့ ပေါင်း​ဖက်​ရ​မယ်။+ ခင်ပွန်း​သေဆုံး​သွား​ရင်​တော့ မိမိ​အလို​ရှိတဲ့​သူ​နဲ့ လက်​ထပ်​နိုင်​တယ်။ ဒါ​ပေမဲ့ သခင့် နောက်​လိုက်​ဖြစ်​သူ​နဲ့​ပဲ လက်​ထပ်​ရ​မယ်။+ ၄၀  ကျွန်​တော့်​အမြင်​အရ​တော့  အဲ​ဒီ​အမျိုး​သမီး​ဟာ  နောက်​အိမ်​ထောင်​မပြု​ဘဲ နေ​သွား​ရင် ပို​ပျော်​ရွှင်​ရ​လိမ့်​မယ်။ ကျွန်​တော့်​မှာ ဘု​ရား​သ​ခင့် စွမ်း​အား​တော်​ရှိ​မှန်း ကျွန်​တော်​စိတ်​ချ​တယ်။

အောက်ခြေမှတ်ချက်များ

လိင်​ဆက်​ဆံ​တာ​ကို ဆို​လို။
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ထွက်​သွား​ချင်​တယ်​ဆို​ရင်။”
လိင်​စိတ်​ပြင်း​ပြတတ်​တဲ့ ငယ်​ရွယ်​ချိန်​ကို ဆို​လို။