မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝက်ရူးပြန်ရောဂါအကြောင်း သိထားသင့်ရာများ

ဝက်ရူးပြန်ရောဂါအကြောင်း သိထားသင့်ရာများ

အသိတစ်ယောက် မြေပေါ် ရုတ်တရက်လဲကျသွားပြီး သတိလစ်သွားတယ်။ သူ့ကိုယ်ခန္ဓာတောင့်တင်းနေပြီး ခေါင်းနဲ့ ခြေလက်တွေက အကြောဆွဲနေတယ်။ သူ့မှာ ဝက်ရူးပြန်ရောဂါရှိမှန်း သင်သိထားရင် သူလိုအပ်တဲ့ အကူအညီပေးနိုင်ပါတယ်။ အများအားဖြင့် နားလည်မှုလွဲတတ်တဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ အခြေခံအချက်တချို့ကို လေ့လာကြည့်ရအောင်။

ဝက်ရူးပြန်ရောဂါဆိုတာ ဘာလဲ။ ရုတ်တရက်တက်ပြီး သတိလစ်တတ်တဲ့ ဦးနှောက်ဖောက်ပြန်မှုဖြစ်တယ်။ တက်တာက များသောအားဖြင့် ငါးမိနစ်လောက်ပဲကြာတတ်တယ်။ ဆောင်းပါးအစမှာဖော်ပြထားတဲ့ အခြေအနေမျိုးဟာ အဆိုးဝါးဆုံးနဲ့ အဖြစ်အများဆုံး ရုတ်တရက်တက်ခြင်းဖြစ်ပြီး အကြီးစားတက်ခြင်း (grand mal seizure) လို့ခေါ်ပါတယ်။

ဘာကြောင့်တက်တာလဲ။ ဦးနှောက်ဆဲလ်တွေရဲ့ လျှပ်စစ်ထုတ်လွှတ်မှု ပုံမှန်မဟုတ်တဲ့အတွက်ဖြစ်တယ်လို့ ပညာရှင်တွေ ယူဆကြတယ်။ ဒါပေမဲ့ အသေအချာတော့ မရှင်းပြနိုင်သေးပါဘူး။

တစ်ယောက်ယောက် ဝက်ရူးပြန်နေတာကိုတွေ့ရင် ဘာလုပ်ပေးသင့်ပါသလဲ။ “ဝေဒနာရှင်ကို မြေကြီးပေါ်ချထားပြီး သူ့ကိုထိခိုက်ဒဏ်ရာ ရစေနိုင်သော ပစ္စည်းများနှင့် ဝေးဝေးထားရမည်။ ဖြစ်နိုင်လျှင်၊ လက်ကိုင်ပဝါထူထူ သို့မဟုတ် အလားတူပစ္စည်းကိုလိပ်၍ လျှာနှင့်နှုတ်ခမ်းများကို မကိုက်မိအောင် မေးရိုးနှစ်ခုအကြား ထားပေးပါ။ သို့ရာတွင် မေးရိုးများ တအားပိတ်ထားပါက ခွဲဖြဲရန် အတင်းလုပ်ဖို့ မကြိုးစားပါနှင့်။ ဘေးတစ်ဖက်ကိုစောင်းပေးပြီး အန်ပါက လေလမ်းကြောင်းရှင်းအောင် လုပ်ထားပေးပါ” လို့ ပုံပြမိသားစုဆေးပညာစွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ “လေးမိနစ်ထက်ကျော်၍တက်နေလျှင် သို့မဟုတ် တစ်ကြိမ်တက်ပြီး နောက်တစ်ကြိမ် ချက်ချင်းတက်လာလျှင်၊ အခြေအနေပိုဆိုးနိုင်၍ ဆရာဝန်ကို ခေါ်သင့်သည်” ဆိုပြီးတော့လည်း ဖော်ပြထားတယ်။

တက်နေတဲ့အချိန်မှာ လူနာကို ဘယ်လိုကူညီပေးနိုင်ပါသလဲ။ လူနာရဲ့ခေါင်းနဲ့ ကြမ်းပြင်ကြားမှာ ပျော့တဲ့အရာတစ်ခုခု ထားပေးပါ။ တက်တာရပ်သွားပြီဆိုရင် တစ်ဖက်စာမျက်နှာမှာပါတဲ့ ပုံအတိုင်း လူနာကို ဘေးစောင်းအနေအထားလုပ်ပေးပါ။

တက်တာရပ်သွားပြီးတဲ့နောက် ဘာလုပ်ပေးသင့်ပါသလဲ။ ဦးဆုံး၊ လူနာကို စိတ်အေးအေးထားဖို့ နှစ်သိမ့်ပါ။ ပြီးတဲ့နောက် လူနာကို ထခိုင်းပြီး သူအနားယူနိုင်တဲ့နေရာကို ခေါ်သွားပါ။ လူနာအများစုဟာ တက်ပြီးသွားတဲ့အခါ စိတ်ရှုပ်နေတတ်ပြီး အိပ်ချင်နေတတ်ကြတယ်။ တခြားသူတွေကျတော့ ပြန်ကောင်းတာမြန်ပြီး မတက်ခင်ကလုပ်တဲ့အလုပ်တွေကို ပြန်ဆက်လုပ်နိုင်ကြတယ်။

ဝက်ရူးပြန်ရောဂါရှိသူအားလုံးဟာ တက်တတ်ကြတာပဲလား။ မဟုတ်ပါဘူး။ တချို့လူနာတွေဟာ မြေပေါ်လဲသွားတာမျိုးမဖြစ်ဘဲ ခဏတစ်ဖြုတ် သတိလက်လွတ်ဖြစ်သွားတာမျိုးပဲ ဖြစ်တတ်ကြတယ်။ အဲဒါကို ဝက်ရူးပြန်အသေးစား (petit mal seizure) လို့ခေါ်တယ်။ သတိပြန်လည်လာပြီးနောက် ဆိုးကျိုးမရှိဘူး။ တချို့ကတော့ မိနစ်အတော်ကြာတဲ့အထိ သတိလက်လွတ်ဖြစ်နေတတ်တယ်။ အဲဒီလိုလူတွေဟာ အခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်တာမျိုး၊ အဝတ်အစားကိုဆောင့်ဆွဲတာမျိုး ဒါမှမဟုတ် ထူးဆန်းတဲ့အပြုအမူတွေ လုပ်တတ်ကြတယ်။ သတိပြန်လည်လာတဲ့အခါ ကယောင်ချောက်ချား ဖြစ်နေတတ်တယ်။

ဝက်ရူးပြန်ရောဂါသည်တွေဟာ ဘယ်လိုခံစားတတ်ပါသလဲ။ ဝက်ရူးပြန်ရောဂါသည်တွေဟာ နောက်တစ်ခါ ဘယ်အချိန်မှာ ဘယ်နေရာမှာများ ပြန်တက်ဦးမလဲဆိုပြီး စိုးရိမ်စိတ်နဲ့ နေကြရတယ်။ အရှက်ကွဲမှာကို စိုးရိမ်ကြတဲ့အတွက် လူအများရှိတဲ့နေရာတွေကို ရှောင်တတ်ကြတယ်။

ဝက်ရူးပြန်ရောဂါသည်ကို ဘယ်လို ကူညီပေးနိုင်ပါသလဲ။ သူ့ရဲ့စိတ်ခံစားချက်တွေကို မြိုသိပ်မထားဖို့ အားပေးပါ။ သူပြောတာကို ကောင်းကောင်းနားထောင်ပေးပါ။ သူတက်နေတဲ့အချိန်မှာ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို မေးထားပါ။ တက်တတ်တဲ့သူတွေကို ကိုယ်နဲ့အတူအပြင်သွားဖို့ ဒါမှမဟုတ် ကိုယ့်ကို ဘာများလုပ်ခိုင်းစရာရှိသလဲဆိုတာ မေးမြန်းပါ။

တက်တာနည်းအောင် ဒါမှမဟုတ် မတက်အောင် ကာကွယ်ပေးနိုင်ပါသလား။ ဖိစီးမှုများတာ၊ အိပ်မပျော်တာတွေ စတဲ့ တချို့အရာတွေဟာ လူနာကို ခဏခဏတက်စေပါတယ်။ ဒါကြောင့် ပညာရှင်တွေက ဝက်ရူးပြန်ရောဂါရှိသူတွေဟာ လုံလုံလောက်လောက်အနားယူဖို့နဲ့ ဖိစီးမှုတွေလျော့အောင် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အားပေးတယ်။ အခြေအနေတချို့မှာ ဆေးသောက်ခြင်းကလည်း မတက်အောင် ကာကွယ်ပေးတယ်။