မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အိမ်ထောင်ဖက်အပေါ် သဝန်တိုစိတ်ကို ဖယ်ရှားနိုင်ပုံ

အိမ်ထောင်ဖက်အပေါ် သဝန်တိုစိတ်ကို ဖယ်ရှားနိုင်ပုံ

 အိမ်ထောင်သည်တွေ တစ်ယောက်ကို တစ်ယောက် အယုံအကြည်မရှိရင်၊ သံသယဝင်နေရင် အိမ်ထောင် မသာယာနိုင်ဘူး။ ဒါဆို သဝန်တိုစိတ်ကို ဘယ်လို ဖယ်ရှားမလဲ။

ဒီဆောင်းပါးမှာ

 သဝန်တိုစိတ်ဆိုတာ ဘာလဲ

 တစ်ယောက်ယောက်က ကိုယ့်အိမ်ထောင်ဖက်ကို စိတ်ဝင်စားနေတယ် ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က တစ်ယောက်ယောက်ကို စိတ်ဝင်စားနေတယ်လို့ ထင်တဲ့အခါ ဖြစ်ပေါ်လာတဲ့စိတ်ပါ။ ကိုယ့်အိမ်ထောင်ရေး ထိခိုက်တော့မယ်လို့ ခံစားလာရနိုင်တယ်။ တကယ်ပဲ အဲဒီလိုအခြေအနေ ဖြစ်နေတယ်ဆိုရင်တော့ သဝန်တိုတာ သဘာဝကျပါတယ်၊ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အိမ်ထောင်ဆိုတာ လူနှစ်ဦးကြားမှာရှိတဲ့ အရင်းနှီးဆုံးနှောင်ကြိုးဖြစ်လို့ လင်မယားတွေဟာ အိမ်ထောင်ရေးကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်။

 ကျမ်းစာအခြေခံမူ။ “သူတို့ဟာ နှစ်ယောက် မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ . . . ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မဿဲ ၁၉:၆

 “အိမ်ထောင်ရေးထိခိုက်မယ့် အခြေအနေရှိနေပြီဆိုရင် သဝန်တိုစိတ်က မီးခိုးအချက်ပြကိရိယာလို အန္တရာယ်ကို အချက်ပြလို့ ချက်ချင်း အရေးယူလုပ်ဆောင်နိုင်တယ်။”—ဘင်ဂျမင်။

 ဒါပေမဲ့ အလကားနေရင်း သံသယစိတ်တွေဝင်၊ စိုးရိမ်ပြီး သဝန်တိုနေရင်တော့ မကောင်းဘူး။ မေတ္တာစစ်က အဲဒီလို မှားယွင်းတဲ့ မနာလိုဝန်တိုစိတ် မရှိအောင် ကာကွယ်ပေးတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၇) ဒေါက်တာ ရောဘတ် အယ်လ် လယ်ဟီ အခုလိုရေးတယ်– “[အလကားနေရင်း သဝန်တိုနေရင်] ကိုယ်ကာကွယ်လှချင်ပါတယ်ဆိုတဲ့ ဆက်ဆံရေးတစ်ခုဟာ ကိုယ့်ကြောင့်ပဲ ထိခိုက်ပျက်စီးသွားနိုင်တယ်။” a

 သဝန်တိုစိတ် ဘာကြောင့်ဖြစ်ရသလဲ

 အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့လို့ ကိုယ့်အိမ်ထောင်လည်း အဲဒီလိုဖြစ်သွားမှာကို စိုးရိမ်နေရင် ဒါမှမဟုတ် အိမ်ထောင်ဖက်ဟောင်းရဲ့ သစ္စာဖောက်မှုကို ခံခဲ့ဖူးရင် သဝန်တိုစိတ် ပေါ်လာနိုင်တယ်။

 “ကျွန်မငယ်ငယ်တုန်းက အဖေ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့လို့ လူတွေကို သိပ်အယုံအကြည် မရှိတော့ဘူး။ အဲဒီစိတ်ဒဏ်ရာကြောင့်ပဲ ကျွန်မအိမ်ထောင်မှာ တစ်ခါတစ်ခါ ပြဿနာဖြစ်ရတယ်။”—မလစ်ဆာ။

 နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေရင် ကိုယ့်အိမ်ထောင်ကို ဖျက်ဆီးဖို့ တခြားသူတွေ ကြိုးစားနေတယ်လို့ အလွယ်တကူ ကောက်ချက်ချမိနိုင်တယ်၊ အခွင့်အရေးရလို့ နောက်တစ်ယောက်တွေ့ရင် အိမ်ထောင်ဖက်က ကိုယ့်ကိုထားသွားမှာပဲလို့တောင် တွေးမိနိုင်တယ်။

 “မင်္ဂလာဆောင်မှာ သတို့သားအရံ လုပ်ပေးဖို့ ကျွန်မယောက်ျားကို သူ့သူငယ်ချင်း လာမေးတုန်းက ကျွန်မက မလုပ်ပါနဲ့နော်လို့ ပြောလိုက်တယ်။ သတို့သမီးအရံနဲ့ သူတွဲသွားတာကို မြင်ရင် ကျွန်မ မခံစားနိုင်လို့ပါ။”—နာအိုမီ။

 မင်္ဂလာပွဲထုံးစံတွေဟာ တစ်နေရာနဲ့တစ်နေရာ မတူကြလို့ ခရစ်ယာန်တွေက ကျမ်းစာအခြေခံမူတွေနဲ့အညီ လုပ်ဆောင်ရမယ်။ အဲဒီအခြေအနေမှာ နာအိုမီ အကျိုးသင့်အကြောင်းသင့် ရှိခဲ့သလား။ မလိုအပ်ဘဲ သဝန်တိုခဲ့ကြောင်း နောက်ပိုင်း နာအိုမီ အခုလို ဝန်ခံတယ်– “အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေတော့ ကျွန်မယောက်ျားက ကျွန်မကို တခြားမိန်းမတွေနဲ့ နှိုင်းယှဉ်တယ်လို့ အထင်မှားခဲ့တာပါ။”

 ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိမ်ထောင်ဖက်အပေါ် မလိုအပ်ဘဲ သဝန်တိုနေရင် သူ့ကို သံသယစိတ်နဲ့ စွပ်စွဲတဲ့အထိတောင် ဖြစ်လာနိုင်တယ်။ အဲဒီလိုဖြစ်လာရင် ကိုယ့်အိမ်ထောင်ရေးသာမက ကိုယ့်ကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်။

 ကျမ်းစာအခြေခံမူ– “မနာလိုဝန်တိုစိတ်က ကင်ဆာနဲ့တူတယ်။”—ပညာအလိမ္မာ ၁၄:၃၀Easy-to-Read Version ဘာသာပြန်ကျမ်း။

 သဝန်တိုစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ

 အိမ်ထောင်ဖက်ကို ပိုယုံကြည်နိုင်အောင် ကြိုးစားပါ။ အိမ်ထောင်ဖက်ကို သံသယမျက်လုံးတွေနဲ့ ကြည့်မယ့်အစား သူ့ကိုယုံကြည်ရတဲ့ အကြောင်းရင်းတွေကို စဉ်းစားပါ။

 “ခင်ပွန်းရဲ့ အရည်အသွေးကောင်းတွေကို စဉ်းစားတယ်။ သူက တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတယ်ဆိုရင် မကောင်းတဲ့စိတ်ကြောင့် မဟုတ်ဘဲ စိတ်ရင်းစေတနာနဲ့ ဂရုစိုက်ပေးတာ။ မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေတိုင်း ကျွန်မရဲ့အိမ်ထောင်ရေး အဲဒီလိုဖြစ်စရာမှ မဟုတ်တာဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။”—မလစ်ဆာ။

 ကျမ်းစာအခြေခံမူ– “မေတ္တာဟာ . . . အရာရာကို သည်းခံတတ်တယ်။”—၁ ကောရိန္သု ၁၃:၄၊ ၇

 သံသယကို အဖြစ်မှန်လို့ ကောက်ချက်မချပါနဲ့။ အထက်မှာ ဖော်ပြခဲ့တဲ့ ဒေါက်တာ လယ်ဟီ အခုလိုဆိုတယ်– “လူတွေက ကိုယ့်ထင်တာ မှန်တယ်လို့ပဲ တွေးတတ်ကြတော့ ထင်ကြေးကို အဖြစ်မှန်လို့ ကောက်ချက်ချလိုက်ရော။ ဒါပေမဲ့ အဲဒီလိုကောက်ချက်ချတိုင်း တကယ်ဖြစ်နေတာမှ မဟုတ်တာ။ ထင်ကြေးဆိုကတည်းက စိတ်အထင်ပါပဲ၊ တကယ်မှ မဟုတ်တာ။” b

 “လိုရာဆွဲတွေးနေရင်တော့ မလိုအပ်ဘဲ ပြဿနာဖြစ်လာမှာ။”—နာဒင်း။

 ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။”—ဖိလိပ္ပိ ၄:၅

 သင့်စိုးရိမ်စိတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပါ။ ဘာအကြောင်းကြောင့်ပဲ သဝန်တိုတို အိမ်ထောင်ဖက်ကို ကိုယ့်ခံစားချက်တွေ ပြောပြပါ။ ဒါမှ ရှောင်ရန်၊ ဆောင်ရန် အပြုအမူတချို့နဲ့ပတ်သက်ပြီး နှစ်ဦးသား ညှိနှိုင်းသတ်မှတ်ထားနိုင်မယ်။

 “အဲဒီလိုဆွေးနွေးတဲ့အခါ အိမ်ထောင်ဖက်က ကိုယ့်ကို စိတ်ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ဘူး၊ သူ့စိတ်ရင်း ကောင်းတယ်၊ သူလည်း ကြိုးစားနေရှာတယ်ဆိုပြီး ဖြည့်တွေးပေးပါ။ တစ်ခါတလေ ကိုယ်ကိုယ်တိုင်က ဆတ်ဆတ်ထိမခံတာ၊ အလွန်အကျွံတောင်းဆိုနေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ဂရုစိုက်မှုကို ပေးမနေဘူးဆိုတာ သူကိုယ်တိုင် သတိမထားမိတာလည်း ဖြစ်နိုင်တယ်။”—ဆီယာရာ။

 ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄

a b သဝန်တိုစိတ်ကို ကုစားခြင်း စာအုပ်မှ။