မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

လူအားလုံးအတွက် အကျိုးရှိတဲ့ စာအုပ်တစ်အုပ်

လူအားလုံးအတွက် အကျိုးရှိတဲ့ စာအုပ်တစ်အုပ်

သမ္မာကျမ်းစာကို လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်လောက်တုန်းက ရေးသားပြီးစီးခဲ့တယ်။ အဲဒီအချိန်နောက်ပိုင်း မရေမတွက်နိုင်တဲ့ တခြားစာအုပ်တွေဟာ ပေါ်လာပြီး ပျောက်သွားကြတယ်။ ဒါပေမဲ့ ကျမ်းစာကတော့ ပျောက်မသွားဘူး။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

  • သြဇာအာဏာရှိတဲ့လူတွေဟာ ကျမ်းစာကို နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးခဲ့ကြတယ်။ ဥပမာ၊ ၁၃ ရာစုကနေ ၁၅ ရာစုအချိန်တုန်းက ခရစ်ယာန်တိုင်းပြည်တချို့မှာ “အများသုံးစကားနဲ့ ကျမ်းစာပိုင်ဆိုင်ထားတာ၊ ကျမ်းစာဖတ်ရှုတာဟာ မိစ္ဆာဒိဋ္ဌိအယူဝါဒနဲ့ ဆက်စပ်နေတယ်” လို့ စာအုပ်တစ်အုပ် (Introduction to the Medieval Bible) မှာ ဖော်ပြထားတယ်။ အများသုံးစကားနဲ့ ကျမ်းစာဘာသာပြန်သူတွေ၊ ကျမ်းစာလေ့လာဖို့ အားပေးသူတွေဟာ အသက်အန္တရာယ်ရှိခဲ့ကြတယ်။ တချို့ဆို အသတ်ခံခဲ့ရတယ်။

  • အနှောင့်အယှက် အများကြီးရှိတဲ့ကြားက ကျမ်းစာဟာ ခေတ်အဆက်ဆက်မှာ အများဆုံးထုတ်ဝေရတဲ့ စာအုပ်ဖြစ်လာပြီး ဖြစ်နေဆဲပဲ။ ကျမ်းစာကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်အုပ်လုံးဖြစ်စေ ဘာသာစကား ၂,၈၀၀ ကျော်နဲ့ သန်းငါးထောင်လောက် ပုံနှိပ်ထုတ်ဝေပြီးပြီ။ ဒီအရေအတွက်ဟာ အတွေးအခေါ်၊ သိပ္ပံ၊ တခြားဆက်စပ်စာအုပ်တွေ ထုတ်ဝေတဲ့အရေအတွက်နဲ့ အပြတ်အသတ်ကွာခြားတယ်။ တခြားစာအုပ်တွေဟာ အဲဒီအရေအတွက်လောက် မထုတ်ဝေနိုင်တဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ အသုံးလည်းမတည့်တော့ဘူး။

  • ကျမ်းစာကို ဘာသာပြန်ခြင်းကလည်း အဲဒီဘာသာစကားတွေကို ဆက်ထိန်းသိမ်းဖို့ အကူအညီဖြစ်စေခဲ့တယ်။ မာတင်လူသာ ဘာသာပြန်ခဲ့တဲ့ ဂျာမန်ကျမ်းစာဟာ အဲဒီဘာသာစကားအတွက် အကျိုးအများကြီး ရှိခဲ့တယ်။ ပထမဆုံး ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းဟာ အင်္ဂလိပ်စကားနဲ့ “ထုတ်ဝေခဲ့သမျှ စာအုပ်တွေထဲမှာ အကျော်ကြားဆုံးစာအုပ် ဖြစ်နိုင်တယ်။”

  • သမ္မာကျမ်းစာမှာ “အနောက်ပိုင်းယဉ်ကျေးမှုအပြင် ဘာသာရေးယုံကြည်ချက်၊ ဓလေ့ထုံးစံသာမက အနုပညာ၊ စာပေ၊ ဥပဒေ၊ နိုင်ငံရေးနဲ့ တခြားအပိုင်းတွေမှာပါ သိပ်ကို အကျိုးပြုတဲ့ အကြောင်းအရာတွေပါတယ်” လို့ (The Oxford Encyclopedia of the Books of the Bible) စာအုပ်မှာ ဖော်ပြထားတယ်။

ဒီအချက်တွေဟာ ကျမ်းစာရဲ့ ထူးခြားချက်တချို့ပဲ ရှိသေးတယ်။ ကျမ်းစာဟာ ဘာကြောင့် တမူထူးရတာလဲ။ ကျမ်းစာအတွက် လူတွေ ဘာကြောင့်အသက်အန္တရာယ် ကြုံခဲ့ရတာလဲ။ အောက်ပါအချက်တွေအပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်တယ်– ကျမ်းစာက ကိုယ်ကျင့်တရားကောင်းဖို့၊ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ကူညီပေးနိုင်တယ်။ ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်းကို သိစေတယ်။ ဒါတွေလောက်ပဲ မဟုတ်ပါဘူး။ ပြဿနာအားလုံး အဆုံးတိုင်တော့မယ့်အကြောင်းနဲ့ ဘယ်လိုဖြစ်ပျက်လာမယ်ဆိုတဲ့အကြောင်းကိုပါ ဖော်ပြထားပေးတယ်။

ကိုယ်ကျင့်တရားကောင်းမွန်ဖို့နဲ့ ဘုရားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ကျမ်းစာကူညီပေး

ပညာရေးက အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးတယ်။ ဒါပေမဲ့ “ပညာတတ်ရုံနဲ့ ကိုယ်ကျင့်တရားကောင်းမွန်တယ်လို့ မဆိုလိုဘူး” ဆိုပြီး ကနေဒါထုတ် (Ottawa Citizen) သတင်းစာ အယ်ဒီတာအာဘော်မှာ ဖော်ပြထားတယ်။ စီးပွားရေးနဲ့ အစိုးရပိုင်းက ခေါင်းဆောင်တွေအပါအဝင် ပညာတတ်များစွာဟာ ဖြတ်စားလျှပ်စားလုပ်တာ၊ ခေါင်းပုံဖြတ်တာ၊ အာဏာလုတာတွေကြောင့် လူတွေရဲ့ “ယုံကြည်စိတ်ချမှုကို မရတော့ဘူး” လို့ ကမ္ဘာချီစစ်တမ်းတစ်ခုအရ သိရတယ်။

ကျမ်းစာကတော့ ကိုယ်ကျင့်တရားနဲ့ ဘုရားရေးရာပညာရေးကို အလေးပေးတယ်။ ‘ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့ မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို နားလည်လာ’ စေတယ်။ (သုတ္တံ ၂:၉ကဘ) ဥပမာ၊ စတီဗင် * လို့ခေါ်တဲ့ ၂၃ နှစ်အရွယ် လူငယ်ဟာ ပိုလန်ထောင်မှာ ထောင်ကျခဲ့တယ်။ ထောင်ထဲရှိနေချိန်မှာ သူ ကျမ်းစာစလေ့လာခဲ့တယ်။ ကျမ်းစာထဲက လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို သူတန်ဖိုးထားလေး မြတ်ခဲ့တယ်။ “‘မိဘကို ရိုသေ’ ပါဆိုတဲ့ အဓိပ္ပာယ်ကို အခု ကျွန်တော် နားလည်သွားပြီ။ ကျွန်တော့်စိတ်ခံစားချက်တွေကို၊ အထူးသဖြင့် ဒေါသကြီးလွန်းတာကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာလည်း သိလာပြီ” လို့ သူပြောပြတယ်။—ဧဖက် ၄:၃၁; ၆:၂

“သမ္မာသတိရှိသောသူ [ထိုးထွင်းဉာဏ်ရှိတဲ့သူ] သည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါး၏ပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဆိုတဲ့ သုတ္တံ ၁၉:၁၁ ပါ ကျမ်းစာအကြံပြုချက်ဟာ စတီဗင်ရဲ့ စိတ်နှလုံးကို ထိမိခဲ့တယ်။ အခုဆိုရင် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်ရတဲ့အခါ စိတ်အေးအေးထားဖို့၊ သက်ဆိုင်တဲ့ ကျမ်းစာအကြံပြုချက်တွေကို ကျင့်သုံးဖို့ သူကြိုးစားနေတယ်။ “ကျမ်းစာဟာ အကောင်းဆုံးလမ်းညွှန်စာအုပ် ဆိုတာ ကျွန်တော် သိသွားပြီ” လို့ သူပြောတယ်။

မာရီယာလို့ခေါ်တဲ့ ယေဟောဝါသက်သေအမျိုးသမီးကို လူမျိုးရေးတစ်ဖက်သတ်အစွဲရှိတဲ့ အမျိုးသမီးတစ်ယောက်က လူကြားထဲမှာ စော်ကားပြောဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ မာရီယာဟာ ပြန်မတုံ့ပြန်ဘဲ အေးအေးဆေးဆေး ဆက်သွားလိုက်တယ်။ အဲဒီအခါ စော်ကားပြောဆိုခဲ့တဲ့ အမျိုးသမီးဟာ သူ့အပြုအမူကြောင့် အရှက်ရသွားပြီး သက်သေခံတွေကို လိုက်ရှာတယ်။ တစ်လလောက်ကြာပြီးနောက် မာရီယာကို ပြန်တွေ့တဲ့အခါ ဖက်ပြီး တောင်းပန်တယ်။ မာရီယာရဲ့ အေးဆေးငြိမ်သက်မှုနဲ့ ချုပ်တည်းမှုဟာ သူ့ရဲ့ဘာသာရေးယုံကြည်ချက်ကြောင့်ဖြစ်မှန်း အဲဒီအမျိုးသမီး နားလည်သွားတယ်။ ဘာဆက်ဖြစ်ခဲ့သလဲ။ အရင်က လူမျိုးရေးတစ်ဖက်သတ်အစွဲရှိခဲ့တဲ့ အမျိုးသမီးနဲ့ သူ့မိသားစုဝင် ငါးဦးတို့ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေကြပြီ။

ဉာဏ်ပညာရှိကြောင်း လုပ်ရပ်နဲ့ သက်သေထူနိုင်တယ်လို့ ခရစ်တော်ယေရှု ပြောခဲ့တယ်။ (လုကာ ၇:၃၅) ကျမ်းစာအကြံပြုချက်တွေဟာ အကျိုးရှိမှန်းဖော်ပြတဲ့ အထောက်အထားအများကြီးရှိပါတယ်။ ကျမ်းစာအကြံပြုချက်တွေက အကောင်းဆုံးအရာတွေ ရရှိစေတယ်။ “မလိမ္မာသောသူတို့ကို လိမ္မာစေ” တယ်။ “စိတ်နှလုံးကို ရွှင်လန်းစေ” တယ်။ ရှင်းလင်းတဲ့ ကိုယ်ကျင့်တရားစံနှုန်းနဲ့ ဘုရားရေးရာလမ်းညွှန်မှုဟာ “မျက်စိကို ရှင်းလင်းစေ” တယ်။—ဆာလံ ၁၉:၇၊ ၈

ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြပေးထား

ရောဂါတစ်ခုအကြောင်း လေ့လာတဲ့အခါ စဖြစ်ရတဲ့အကြောင်းရင်းကို လေ့လာကြတယ်။ အလားတူ၊ လူ့ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခဆိုတဲ့ “ကပ်ရောဂါ” ဖြစ်ရတဲ့အကြောင်းရင်းကို သိဖို့ အရေးကြီးတယ်။ ဒီကိစ္စမှာလည်း ကျမ်းစာဟာ အများကြီးကူညီပေးတယ်။ လူ့ပြဿနာတွေ စဖြစ်ပေါ်ခဲ့တဲ့ အကြောင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။

ကျမ်းစာရဲ့ ဦးဆုံးကျမ်းဖြစ်တဲ့ ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်ကို ကနဦးလူသားမောင်နှံ ပုန်ကန်ချိန်ကစပြီး လူသားတွေ ဒုက္ခရောက်တဲ့အကြောင်း ဖော်ပြထားတယ်။ လူသားမောင်နှံဟာ အကောင်းအဆိုးကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ ရွေးချယ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ပိုင်ခွင့်ဟာ ဘုရားသခင်မှာပဲ ရှိတာပါ။ (ကမ္ဘာဦး ၃:၁-၇) ဝမ်းနည်းစရာက အဲဒီအချိန်ကစပြီး လူသားတွေဟာ ဘုရားပညတ်အောက်မှာ မနေချင်တဲ့စိတ် ရှိလာကြတယ်။ ရလဒ်ကရော။ လူ့သမိုင်းတစ်လျှောက်မှာ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုရမယ့်အစား ပဋိပက္ခ၊ ဖိနှိပ်ချုပ်ချယ်မှု၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ ဘုရားတရားကင်းမဲ့မှုတွေနဲ့ပဲ ပြည့်နှက်လာတယ်။ (ဒေသနာ ၈:၉) ‘လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်းမရှိ၊ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်မရှိဘူး’ လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ယေရမိ ၁၀:၂၃ကဘ) သတင်းကောင်းကတော့ လူသားတွေရဲ့ မနာခံမှုကြောင့် ခံစားရတဲ့ဒုက္ခတွေ မကြာခင် အဆုံးတိုင်တော့မယ်။

ကျမ်းစာက မျှော်လင့်ချက်ပေး

ဘုရားရဲ့စကားကို နားထောင်ပြီး စံနှုန်းလိုက်နာသူတွေကို ကိုယ်တော်ချစ်တဲ့အတွက် ဆိုးညစ်မှုနဲ့ ဆင်းရဲဒုက္ခတွေကို အမြဲခွင့်ပြုမှာမဟုတ်ဘူးလို့ ကျမ်းစာမှာ အာမခံထားတယ်။ ဆိုးညစ်သူတွေဟာ ‘ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားရလိမ့်မယ်။’ (သုတ္တံ ၁:၃၀၊ ၃၁ကဘ) “စိတ်နှိမ့်ချသောသူ” တွေကတော့ “ပြည်တော် [ကမ္ဘာမြေကြီး] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်းကို မွေ့လျော်ကြ” ပါလိမ့်မယ်။—ဆာလံ ၃၇:၁၁

“ဘုရားသခင်၏ အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” ဖို့ဖြစ်တယ်။—၁ တိမောသေ ၂:၃၊ ၄

ဘုရားသခင့်နိုင်ငံတော်’ အားဖြင့် ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာဖြစ်လာမယ်ဆိုတဲ့ ကိုယ်တော့်ရည်ရွယ်ချက် ပြည့်စုံလာပါလိမ့်မယ်။ (လုကာ ၄:၄၃) ဒီနိုင်ငံတော်က ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မှာဖြစ်ပြီး ဘုရားက လူသားအားလုံးအပေါ် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ထင်ရှားလာမယ်။ ဒီနိုင်ငံတော်ဟာ ကမ္ဘာမြေကြီးနဲ့ ဆက်စပ်နေတယ်ဆိုတာ ယေရှုရဲ့ စံပြဆုတောင်းချက်မှာ ဒီလိုဖော်ပြတယ်– ‘နိုင်ငံတော် လာပါစေ။ အလိုတော်သည် မြေကြီးပေါ်မှာ ပြည့်စုံပါစေ။’—မဿဲ ၆:၁၀

ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံသူတွေဟာ ဘုရားရဲ့အလိုတော်ကို ဆောင်ပါလိမ့်မယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး ကိုယ်တော်သာ အကောင်းဆုံးအုပ်ချုပ်ရှင်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါလိမ့်မယ်။ အကျင့်ပျက်ခြစားမှု၊ လောဘကြီးမှု၊ စီးပွားရေးကွာဟမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ စစ်မှုတွေ ပပျောက်သွားပါလိမ့်မယ်။ ပကတိသဘောအရ ကမ္ဘာတစ်ခု၊ အစိုးရတစ်ခု၊ ကိုယ်ကျင့်တရားနဲ့ ဘုရားရေးရာစံနှုန်း တစ်ခုပဲ ရှိပါတော့မယ်။—ဗျာဒိတ် ၁၁:၁၅

ကမ္ဘာသစ်ကို ဝင်စားနိုင်ဖို့ ဘုရားရေးရာပညာရေးက အရေးကြီးတယ်။ “ဘုရားသခင်၏ အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” ဖို့ ဖြစ်တယ်လို့ ၁ တိမောသေ ၂:၃၊ ၄ မှာ ဖော်ပြထားတယ်။ ဒီအမှန်တရားမှာ နိုင်ငံတော်ရဲ့ အခြေခံဥပဒေတွေဖြစ်တဲ့ ကျမ်းစာသွန်သင်ချက်တွေ ပါတယ်။ ယေရှုရဲ့ တောင်ပေါ်တရားတော်မှာ အဲဒီသွန်သင်ချက်တချို့ကို တွေ့နိုင်တယ်။ (မဿဲ၊ အခန်းကြီး ၅-၇) ဒီအခန်းကြီးသုံးခန်းကို သင် ဖတ်ပြီး လူတိုင်းသာ ယေရှုရဲ့ ပညာရှိစကားတွေအတိုင်း လိုက်နာမယ်ဆိုရင် ဘဝက ဘယ်လိုများဖြစ်နေမလဲလို့ မြင်ယောင်ကြည့်ပါ။

ကျမ်းစာဟာ ကမ္ဘာ့အဖြန့်ဝေရဆုံးစာအုပ်ဖြစ်နေတာကို အံ့သြသလား။ လုံးဝမအံ့သြပါဘူး။ ကျမ်းစာသွန်သင်ချက်တွေဟာ ဘုရားသခင့်လမ်းညွှန်ချက်နဲ့ ရေးထားတယ်ဆိုတဲ့ အထောက်အထား ဖြစ်တယ်။ ကမ္ဘာတစ်ခုလုံးမှာ သမ္မာကျမ်းစာ ရောက်ရှိနေတာကလည်း ဘာသာစကားအသီးသီးက လူတွေဟာ ဘုရားသခင့်အကြောင်း လေ့လာပြီး ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးကျေးဇူးတွေရရှိစေချင်တဲ့ ကိုယ်တော့်ရည်ရွယ်ချက် ပေါ်လွင်နေပါတယ်။—တမန်တော် ၁၀:၃၄၊ ၃၅

[အောက်ခြေမှတ်ချက်]

^ စာပိုဒ်၊ 11 နာမည် ပြောင်းလဲထားပါတယ်။