ဒံယေလ ၂:၁-၄၉

  • အိပ်​မက်​ကြောင့် နေ​ဗု​ခ​ဒ်​နေ​ဇာ စိတ်​ညစ် (၁-၄)

  • ပညာ​ရှိ​တစ်​ယောက်​မှ အိပ်​မက်​ကို မပြော​ပြနိုင် (၅-၁၃)

  • ဘု​ရား​သခင်​ဆီ ဒံယေလ အကူ​အညီ​တောင်း (၁၄-၁၈)

  • လျှို့ဝှက်​ချက်​ကို​ဖွင့်​ပြတဲ့ ဘု​ရား​သခင်​ကို ချီးမွမ်း (၁၉-၂၃)

  • အိပ်​မက်​ကို ဒံယေလ ပြော​ပြ (၂၄-၃၅)

  • အိပ်​မက်​အဓိပ္ပာယ် (၃၆-၄၅)

    • ကျောက်​တစ်​လုံး​က ရုပ်​တု​ကို ခြေ​မွှ (၄၄၊ ၄၅)

  • ဘု​ရင်​က ဒံယေလ​ကို ချီး​မြှင့် (၄၆-၄၉)

 နေ​ဗု​ခ​ဒ်​နေ​ဇာ​ဟာ နန်း​စံ​ဒုတိ​ယ​နှစ်​မှာ အိပ်​မက်​တွေ​မက်​ပြီး စိတ်​အနှောင့်​အယှက် ဖြစ်​လာ​တဲ့​အတွက်+ အိပ်​မပျော်​နိုင်​တော့​ဘူး။ ၂  ဒါ​ကြောင့် အိပ်​မက်​အကြောင်း ပြော​ပြခိုင်း​ဖို့ မှော်​ဆ​ရာတွေ၊ မျက်​လှည့်​ဆ​ရာတွေ၊ ပယော​ဂဆ​ရာတွေ၊ ခါလဒဲ​လူ​တွေ​ကို* ဆင့်​ခေါ်​စေ​ဆို​ပြီး အမိန့်​ပေး​လိုက်​တယ်။ ဒါ​နဲ့ သူတို့ ရှေ့​တော်​မှာ လာ​ခစား​ကြ​တယ်။+ ၃  ဘု​ရင်​က “ငါ အိပ်​မက် မက်​တယ်။ ဘာ​အကြောင်း​မက်​ခဲ့​မှန်း မသိ​တော့လို့ စိတ်​အနှောင့်​အယှက် ဖြစ်​နေ​တယ်” လို့​ပြော​တော့၊ ၄  ခါလဒဲ​လူ​တွေ​က “အရှင်​မင်း​ကြီး၊ အသက်​တော် ထာ​ဝ​စဉ်​ရှည်​ပါ​စေ။ ကျွန်​တော်​မျိုး​တို့​ကို အိပ်​မက်​အကြောင်း ပြော​ပြပါ။ အဓိပ္ပာယ်​ကို ပြော​ပြပါ့​မယ်” ဆို​ပြီး အာ​ရ​မိတ်​စကား​နဲ့*+ လျှောက်​တင်​ကြ​တယ်။ ၅  ဒါ​နဲ့  ဘု​ရင်​က  “ငါ​အမိန့်​တော်​ချ​မှတ်​မယ်–  အိပ်​မက်​နဲ့  အိပ်​မက်​အဓိပ္ပာယ်​ကို မပြော​ပြနိုင်​ရင် မင်း​တို့​ကို အပိုင်း​ပိုင်း ခုတ်​ပစ်​မယ်။ မင်း​တို့​ရဲ့​အိမ်​တွေ​လည်း လူ​တွေ မစင်​စွန့်​တဲ့​နေ​ရာ* ဖြစ်​ကုန်​မယ်။ ၆  အိပ်​မက်​နဲ့ အိပ်​မက်​အဓိပ္ပာယ်​ကို  ပြော​ပြနိုင်​ရင်​တော့ ဆုလက်​ဆောင်​တွေ ချီး​မြှင့်​ပြီး အကြီး​အကျယ် ဂုဏ်​ပြု​မယ်။+ အခု၊ အိပ်​မက်​နဲ့ အိပ်​မက်​အဓိပ္ပာယ်​ကို ပြော​ပြကြ” လို့ ခါလဒဲ​လူ​တွေ​ကို ပြော​တယ်။ ၇  အဲဒီ​အခါ သူတို့​က “မင်း​ကြီး​ရဲ့ အိပ်​မက်​ကို​သာ ပြော​ပြပါ။ အဓိပ္ပာယ်​ကို ကျွန်​တော်​မျိုး​တို့ ပြော​ပြပါ့​မယ်” လို့ ဒုတိ​ယ​အကြိမ် လျှောက်​တင်​ကြ​တယ်။ ၈  ဘု​ရင်​က “ငါ့​အမိန့်​ကို သိ​သွား​လို့ မင်း​တို့ အချိန်​ဆွဲ​နေ​မှန်း ငါ​ကောင်း​ကောင်း​သိ​တယ်။ ၉  ငါ​စိတ်​ပြောင်း​သွား​မယ်  အထင်​နဲ့  မဟုတ်​မဟတ်တွေ လျှောက်​တင်​ဖို့ ကြံ​စည်​နေ​ကြ​တာ​ပဲ။ အိပ်​မက်​ကို မပြော​ပြနိုင်​ရင်​တော့ မင်း​တို့​ခံ​ရ​မယ့်​ပြစ်​ဒဏ် တစ်​ခု​ပဲ​ရှိ​တယ်။ ဒါ​ကြောင့် အိပ်​မက်​ကို ပြော​ပြကြ။ ဒါ​မှ​သာ အဓိပ္ပာယ်​ကို​ပါ ပြော​ပြနိုင်​မယ်​ဆို​တာ ငါ​သိ​ရ​မယ်” လို့​ပြော​တယ်။ ၁၀  ခါလဒဲ​လူ​တွေ​က “မင်း​ကြီး​ရဲ့​အ​မိန့်​အတိုင်း လုပ်​နိုင်​တဲ့​သူ တစ်​ယောက်​မှ ကမ္ဘာ​ပေါ်​မှာ မရှိ​ပါ​ဘူး။ မှော်​ဆ​ရာတွေ၊ မျက်​လှည့်​ဆ​ရာတွေ၊ ခါလဒဲ နက္ခတ်​ဗေ​ဒင်​ဆ​ရာတွေ​ကို ကြီးမြတ်​တဲ့​ဘု​ရင်တွေ၊ ဘု​ရင်​ခံ​တွေ တစ်​ယောက်​မှ အခု​လို​မျိုး မမေး​ဖူး​ပါ​ဘူး။ ၁၁  မင်း​ကြီး​မေး​တာ ခက်​ခဲ​လွန်း​ပါ​တယ်။ နတ်​ဘု​ရားတွေ​က​လွဲ​လို့ ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ ဘယ်​လူ​သား​မှ ဒီ​မေး​ခွန်း​ကို  မဖြေနိုင်​ပါ​ဘူး”  ဆို​ပြီး လျှောက်​တင်​ကြ​တယ်။ ၁၂  အဲဒီ​အခါ  နေ​ဗု​ခ​ဒ်​နေ​ဇာ​က​အကြီး​အကျယ် ဒေါသ​ထွက်​ပြီး ဗာ​ဗု​လုန်​ပညာ​ရှိ မှန်​သမျှ​ကို ကွပ်​မျက်​စေ​လို့ အမိန့်​ထုတ်​လိုက်​တယ်။+ ၁၃  အ​မိန့်​တော်​ကြောင့် ပညာ​ရှိ​တွေ ကွပ်​မျက်​ခံ​ရ​တော့​မယ်။  ဒံယေလ​နဲ့  သူ့​အပေါင်း​အဖော်တွေ​ကို​လည်း ကွပ်​မျက်​ဖို့ လိုက်​ရှာ​ကြ​တယ်။ ၁၄  အဲဒီ​အခါ ဒံယေလ​က ဗာ​ဗု​လုန် ပညာ​ရှိ​တွေ​ကို ကွပ်​မျက်​ဖို့ ထွက်​သွား​တဲ့  ကိုယ်​ရံ​တော်​တပ်​မှူး  အာရုတ်​ကို သတိ​ပညာ​ရှိ​ရှိ မေး​မြန်း​ကြည့်​တယ်။ ၁၅  “ဒီ​လောက်​ပြင်း​ထန်​တဲ့​အမိန့်​ကို  မင်း​ကြီး ဘာ​လို့ ထုတ်​ပြန်​တာ​လဲ” လို့  ဒံယေ​လ​မေး​တဲ့​အခါ မင်း​အရာ​ရှိ အာရုတ်​က အကြောင်း​စုံ ရှင်း​ပြတယ်။+ ၁၆  ဒါ​နဲ့ ဒံယေလ​က မင်း​ကြီး​ဆီ အခ​စားဝင်ပြီး အိပ်​မက်​အဓိပ္ပာယ်​ကို ပြော​ပြနိုင်​ဖို့ အချိန်​နည်း​နည်း​ပေး​ပါ​လို့ ခွင့်​တောင်း​တယ်။ ၁၇  အဲဒီ​နောက် ဒံယေလ​က အိမ်​ပြန်​သွား​ပြီး အပေါင်း​အဖော်တွေ​ဖြစ်​တဲ့ ဟာ​န​နိ၊ မိ​ရှေ​လ​နဲ့ အာ​ဇ​ရိ​တို့​ဆီ အကြောင်း​ကြား​လိုက်​တယ်။ ၁၈  ဒီ​လျှို့ဝှက်​ချက်​ကို ဖွင့်​ပြပြီး ကရု​ဏာ​ပြပါ​လို့ ကောင်း​ကင်​အုပ်​စိုး​ရှင် ဘု​ရား​သခင်​ဆီ ဆုတောင်း​ဖို့​လည်း မှာ​တယ်။ ဒါ​မှ ဗာ​ဗု​လုန် ပညာ​ရှိ​တွေ​နဲ့​အတူ ဒံယေလ​နဲ့ အပေါင်း​အဖော်တွေ အသတ်​မခံ​ရ​မှာ။ ၁၉  ည​ရောက်​တော့  ဘု​ရား​သခင်​က  ဒံယေလ​ကို စိတ်​အာ​ရုံ​က​တစ်ဆင့် အဲဒီ​လျှို့ဝှက်​ချက်​ကို  ဖွင့်​ပြတယ်။+ ဒံယေ​လ​လည်း  ကောင်း​ကင်​အုပ်​စိုး​ရှင်  ဘု​ရား​သ​ခင်​ကို  ချီး​မွမ်း​တယ်။ ၂၀  ဒံယေ​လ​က “ဘု​ရား​သခင်​ရဲ့ နာ​မည်​ကို အစဉ်​ထာ​ဝ​ရ ချီး​မွမ်း​ကြ။ ဉာဏ်​ပညာ​နဲ့ ခွန်​အား​ကို ဒီ​ဘု​ရား​က​သာ ပေး​နိုင်​တယ်။+ ၂၁  ဘု​ရား​က အချိန်​ကာလ​နဲ့ ရာ​သီ​ဥ​တု​ကို ပြောင်း​လဲ​နိုင်​တယ်။+ ဘု​ရင်တွေ​ကို နန်း​တင်​နန်း​ချ​တယ်။+ ပညာ​ရှိ​တွေ​ကို ဉာဏ်​ပညာ ပေး​တယ်။ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ရှိ​သူ​တွေ​ကို အသိ​ပညာ ပေး​တယ်။+ ၂၂  နက်​နဲရာတွေ၊ ဖုံး​ကွယ်​ထား​ရာတွေ​ကို ဖွင့်​ပြတယ်။+ အမှောင်​ထဲ​မှာ ရှိ​တာ​တွေ​ကို သိတယ်။+ အလင်း​က ဘု​ရား​နဲ့​အတူ ရှိ​နေ​တယ်။+ ၂၃  ဘိုး​ဘေး​တို့​ရဲ့ ဘု​ရား​သခင်၊ ဉာဏ်​ပညာ​နဲ့ အစွမ်း​သတ္တိ​ ပေး​တဲ့​အတွက် ကိုယ်​တော့်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ပါ​တယ်။ ကျွန်​တော်​တို့ အသနား​ခံတဲ့​ အတိုင်း ကိုယ်​တော် အဖြေပေး​တယ်။ မင်း​ကြီး​သိ​ချင်​တာ​ကို ကျွန်​တော်​တို့​ကို အသိ​ပေး​တယ်”+ လို့​ပြော​တယ်။ ၂၄  အဲဒီ​နောက် ဒံယေလ​က ဗာ​ဗု​လုန်​ပညာ​ရှိ​တွေ​ကို ကွပ်​မျက်​ဖို့ တာဝန်​ရ​ထား​တဲ့ အာ​ရုတ်​ဆီ သွား​ပြီး+ “ဗာ​ဗု​လုန်​ပညာ​ရှိ တစ်​ယောက်​ကို​မှ မကွပ်​မျက်​ပါ​နဲ့။ ကျွန်​တော့်​ကို ရှေ့​တော်​ခေါ်​သွား​ပါ။ အိပ်​မက်​အဓိပ္ပာယ်​ကို ပြော​ပြပါ့​မယ်” လို့​ပြော​တယ်။ ၂၅  အာ​ရုတ်​လည်း  ဒံယေလ​ကို ချက်​ချင်း  ရှေ့​တော်သွင်း​ပြီး  “အိပ်​မက်​အဓိပ္ပာယ်​ကို ပြော​ပြနိုင်​တဲ့ ယုဒ​သုံ့​ပန်း​တစ်​ယောက်​ကို  တွေ့​ပါ​ပြီ”+  လို့​လျှောက်​တင်​တယ်။ ၂၆  ဘု​ရင်​က ဗေ​လ​တ​ရှာ​ဇာ​လို့​ခေါ်​တဲ့+ ဒံယေလ​ကို “ငါ​မြင်​တဲ့​အိပ်​မက်​နဲ့ အိပ်​မက်​အဓိပ္ပာယ်​ကို မင်း တ​ကယ်​ပြော​ပြနိုင်​သလား”+ လို့​မေး​တဲ့​အခါ၊ ၂၇  ဒံယေလ​က “မင်း​ကြီး​မေး​တဲ့ လျှို့ဝှက်​ချက်​ကို ပညာ​ရှိ​တွေ၊ မျက်​လှည့်​ဆ​ရာတွေ၊ မှော်​ဆ​ရာတွေ၊ နက္ခတ်​ဗေ​ဒင်​ဆ​ရာတွေ တစ်​ယောက်​မှ မဖြေနိုင်​ပါ​ဘူး။+ ၂၈  ဒါ​ပေမဲ့ လျှို့ဝှက်​ချက်​တွေ​ကို ဖွင့်​ပြတဲ့​အရှင် ဘု​ရား​သခင်​တစ်ပါး ကောင်း​ကင်​မှာ ရှိ​တယ်။+ အဲဒီ​ဘု​ရား​သခင်​က အဆုံး​ပိုင်း​ကာလ​မှာ​ဖြစ်​မယ့် အရာတွေ​ကို မင်း​ကြီး​နေ​ဗု​ခ​ဒ်​နေ​ဇာ​ကို အသိ​ပေး​လိုက်​ပါ​ပြီ။ သလွန်​ပေါ်​မှာ မင်း​ကြီး​မြင်​ခဲ့​တဲ့ အိပ်​မက်​နဲ့ စိတ်​အာ​ရုံ​တွေ​က​တော့– ၂၉  “အရှင်​မင်း​ကြီး၊ သလွန်​ပေါ်​မှာ လဲ​လျောင်း​ရင်း  အနာ​ဂတ်​မှာ  ဖြစ်​မယ့်​အရာတွေ​အကြောင်း  မင်း​ကြီး တွေး​တော​လိုက်​တဲ့​အခါ လျှို့ဝှက်​ချက်​တွေ​ကို ဖွင့်​ပြတဲ့​အရှင်​က ဖြစ်​လာ​မယ့်​အ​ရာတွေကို​ မင်း​ကြီး​ကို အသိ​ပေး​ပါ​ပြီ။ ၃၀  ကျွန်​တော်​က တ​ခြား​သူ​တွေ​ထက် ဉာဏ်​ပညာ​ရှိ​လို့ ဒီ​လျှို့ဝှက်​ချက်​ကို ဘုရား​သခင် ဖွင့်​ပြတာ မဟုတ်​ပါ​ဘူး။ မင်း​ကြီး​ကို အိပ်​မက်​အဓိပ္ပာယ် ပြော​ပြနိုင်​ဖို့ ကျွန်​တော့်​ကို ဖွင့်​ပြတာ​ပါ။ ဒါ​မှ မင်း​ကြီး ဘာ​အကြောင်း တွေး​တော​ခဲ့​မှန်း မင်း​ကြီး သိ​နိုင်​မှာ​ပါ။+ ၃၁  “အရှင်​မင်း​ကြီး  ကြည့်​လိုက်​တော့  ရုပ်​တု​ကြီး​တစ်​ခု​ကို  မြင်​ပါ​တယ်။ အင်​မတန်​ကြီး​မား​ပြီး ပြောင်​လက်​နေ​တဲ့ အဲဒီ​ရုပ်​တု​က မင်း​ကြီး​ရှေ့​မှာ ရှိ​နေ​ပါ​တယ်။ ရုပ်​တု​ဟာ ကြောက်​စ​ရာ​ကြီး​ပါ။ ၃၂  ရုပ်​တု​ရဲ့ ဦး​ခေါင်း​က ရွှေ​စင်၊+ ရင်​ဘတ်​နဲ့​လက်​တွေ​က ငွေ၊+ ဝမ်း​ဗိုက်​နဲ့​​ပေါင်​က ကြေး​နီ၊+ ၃၃  ခြေ​ထောက်​က သံ၊+ ခြေ​ဖမိုး​နဲ့​ခြေ​ဖဝါး​က သံတစ်ဝက်  ရွှံ့​စေး​တစ်​ဝက်  ရော​နေ​ပါ​တယ်။+ ၃၄  မင်း​ကြီး ကြည့်​နေ​တုန်း​မှာ​ပဲ လူ့​လက်​နဲ့​ထွင်း​ထား​တာ မဟုတ်​တဲ့ ကျောက်​တစ်​လုံး​က သံ​နဲ့ ရွှံ့​စေး ရော​နေ​တဲ့ ခြေ​ဖဝါး​နဲ့ ခြေ​ဖမိုး​ကို တိုက်​ချ​ခြေ ​မွှ​ပစ်​တယ်။+ ၃၅  သံ၊ ရွှံ့​စေး၊ ကြေး​နီ၊ ငွေ၊ ရွှေ​အားလုံး ကြေ​မွ​ကုန်​ပြီး နွေရာ​သီ​မှာ ကောက်​နယ်​တ​လင်း​က​နေ လွင့်​သွား​တဲ့​ဖွဲ​လို ဖြစ်​သွား​တယ်။ လေ​ထဲ လွင့်​ပါ​သွား​တဲ့​အတွက် အစ​အန​တောင်​ရှာ​မတွေ့​တော့​ဘူး။ ရုပ်​တု​ကို တိုက်​ချ​တဲ့ ကျောက်​တုံး​က​တော့ တောင်​ကြီး​တစ်​လုံး ဖြစ်​လာ​ပြီး မြေတစ်​ပြင်​လုံး ပြည့်​သွား​တယ်။ ၃၆  “အဲ​ဒါ​ဟာ အိပ်​မက်​ပါ။ အခု၊ အဓိပ္ပာယ်​ကို ပြော​ပြပါ့​မယ်။ ၃၇  မင်း​ကြီး၊ မင်း​ကြီး​ဟာ ဘု​ရင်​တို့​ရဲ့​ဘု​ရင်​ပါ။ ကောင်း​ကင်​အုပ်​စိုး​ရှင် ဘု​ရား​သခင်​က မင်း​ကြီး​ကို နိုင်​ငံ​သာ​မက ခွန်​အား၊ အစွမ်း​သတ္တိ၊ ဂုဏ်​ကျက်​သရေတွေ ပေး​ထား​ပါ​တယ်။+ ၃၈  ဘု​ရား​သခင်​က ကမ္ဘာ​အရပ်ရပ်​က လူ​တွေ၊ သား​ရဲတွေ၊ မိုး​ကောင်း​ကင်​ငှက်​တွေ​ကို မင်း​ကြီး​လက်​ထဲ အပ်​ပေး​ပြီး အုပ်​ချုပ်​စေ​ပါ​ပြီ။+ ဒါ​ကြောင့် မင်း​ကြီး​ဟာ ရုပ်​တု​ရဲ့ ရွှေ​ဦး​ခေါင်း​ပါ။+ ၃၉  “မင်း​ကြီး​ရဲ့​နောက်​မှာ မင်း​ကြီး​ရဲ့​နိုင်​ငံ​ထက်  နိမ့်​ကျ​တဲ့  နိုင်​ငံ​တစ်​ခု ပေါ်​လာ​မယ်။+ အဲဒီ​နောက် ပေါ်​လာ​မယ့် တ​တိ​ယ​နိုင်​ငံ​က​တော့ ကြေး​နီ​ဖြစ်​ပြီး မြေတစ်​ပြင်​လုံး​ကို အုပ်​စိုး​လိမ့်​မယ်။+ ၄၀  “စ​တုတ္ထ​နိုင်​ငံ​က​တော့ သံ​လို ခိုင်​မာ​မယ်။+ သံ​က အရာရာ​ကို ချိုး​ဖဲ့​ခြေ​ မွှ​သလို စ​တုတ္ထ​နိုင်​ငံ​က​လည်း အရင်​နိုင်​ငံ​အားလုံး​ကို ချိုး​ဖဲ့​ခြေ​မွှ​ပစ်​မယ်။+ ၄၁  “ခြေ​ဖဝါး​ခြေ​ဖမိုး​နဲ့ ခြေ​ချောင်း​တွေ​က ရွှံ့​စေး​တစ်​ဝက် သံ​တစ်​ဝက် ရော​နေ​တာ​ကို မင်း​ကြီး မြင်​တဲ့​အတိုင်း အဲဒီ​နိုင်​ငံ​က ကွဲ​ပြား​ပါ​လိမ့်​မယ်။ သံ​နဲ့​ ရွှံ့​စေး ရော​နေ​တာ​ကို မြင်​တဲ့​အတိုင်း အဲဒီ​နိုင်​ငံ​မှာ သံ​လို မာ​ကျော​မှု​မျိုး​လည်း ရှိ​နေ​မယ်။ ၄၂  ခြေ​ချောင်း​တွေ​က သံ​တစ်​ဝက် ရွှံ့​စေး​တစ်​ဝက် ရော​နေ​တဲ့​အတွက် အဲဒီ​နိုင်​ငံ​ဟာ ခိုင်​မာ​ခြင်း​တစ်​ဝက်၊ ကျိုး​ပဲ့​လွယ်​ခြင်း​တစ်​ဝက် ရော​နှော​နေ​မယ်။ ၄၃  သံ​နဲ့ ရွှံ့​စေး ရော​နေ​တာ​ကို မင်း​ကြီး မြင်​တဲ့​အတိုင်း သူတို့​မှာ လူ​အမျိုး​မျိုး* ရော​နေ​မယ်။ ဒါ​ပေမဲ့ သံ​နဲ့ ရွှံ့​စေး ရော​နှော​လို့​မရ​သလို သူတို့​အချင်း​ချင်း ပူး​ပေါင်း​လို့ရ​မှာ မဟုတ်​ဘူး။ ၄၄  “အဲဒီ​ဘု​ရင်တွေ​လက်​ထက်​မှာ ကောင်း​ကင်​အုပ်​စိုး​ရှင် ဘု​ရား​သခင်​က ဘယ်​တော့​မှ မပျက်​စီး​မယ့်+ နိုင်​ငံ​တစ်​ခု​ကို တည်​ထောင်​လိမ့်​မယ်။+ အဲဒီ​နိုင်​ငံ​ဟာ တ​ခြား​လူ​တွေ​လက်​ထဲ ရောက်​မှာ မဟုတ်​ဘူး။+ အထက်​မှာ​ပြော​ခဲ့​တဲ့ နိုင်ငံ​အားလုံး​ကို ခြေ​မွှ​ဖျက်​ဆီး​လိမ့်​မယ်။+ ပြီး​တဲ့​နောက် အဲဒီ​နိုင်​ငံ​တစ်​ခု​ပဲ ထာ​ဝ​စဉ် တည်​တံ့​နေ​မယ်။+ ၄၅  လူ့​လက်​နဲ့​မဟုတ်​ဘဲ တောင်​ပေါ်​က​နေ ထွင်း​ထုတ်​လိုက်​တဲ့ ကျောက်​တစ်​လုံး​က သံ၊ ကြေး​နီ၊ ရွှံ့​စေး၊ ငွေ​နဲ့ ရွှေ​တွေ ခြေ​မွှ​ပစ်​တာ​ကို မင်း​ကြီး မြင်​ခဲ့​တဲ့​အတိုင်း​ပါ​ပဲ။+ ကြီးမြတ်​တဲ့ ဘု​ရား​သခင်​က မင်း​ကြီး​ကို အနာ​ဂတ်​မှာ ဖြစ်​မယ့်​အရာတွေ အသိ​ပေး​လိုက်​ပါ​ပြီ။+ အိပ်​မက်​ဟာ မှန်​ကန်​ပါ​တယ်။ အဓိပ္ပာယ်​ကို​လည်း ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်” လို့​လျှောက်​တင်​တယ်။ ၄၆  အဲဒီ​အခါ  နေ​ဗု​ခ​ဒ်​နေ​ဇာ​က ဒံယေ​လ​ရှေ့​မှာ  ပျပ်​ဝပ်​ပြီး  ဂါ​ရ​ဝ​ပြု​တယ်။ ဒံယေလ​ကို ဆု​လက်​ဆောင်​ပေး​ဖို့၊ သူ့​အတွက် နံ့​သာ​ပေါင်း​ပူ​ဇော်​ဖို့ အမိန့်​ပေး​တယ်။ ၄၇  ပြီး​တော့ “ဒီ​လျှို့ဝှက်​ချက်​ကို ဖွင့်​ပြနိုင်​တဲ့​အတွက် မင်း​ရဲ့​ဘု​ရား​သခင်​ဟာ ဘု​ရား​တို့​ရဲ့​ဘု​ရား၊ ဘု​ရင်​တို့​ရဲ့​သခင်၊ လျှို့ဝှက်​ချက်​တွေ​ကို ဖွင့်​ပြနိုင်​တဲ့​အရှင်​ဖြစ်​မှန်း သေချာ​တယ်”+ လို့ ဒံယေ​လ​ကို ပြော​တယ်။ ၄၈  ဘုရင်​က ဒံယေ​လ​ကို ချီး​မြှောက်​ပြီး ဆု​လက်​ဆောင်​အများ​ကြီး ပေး​တယ်။ သူ့​ကို ဗာဗု​လုန်​ခ​ရိုင်​တစ်​ခု​လုံး အုပ်​ချုပ်​စေ​တယ်။+ ဗာ​ဗု​လုန်​ပညာ​ရှိ​တွေ​ကို ကြီး​ကြပ်​ရ​တဲ့ ဝန်​ကြီး​ချုပ်​အဖြစ်  ခန့်​လိုက်​တယ်။ ၄၉  ဒံယေလ​ရဲ့ ပန်​ကြား​ချက်​အရ ရှာ​ဒ​ရက်၊ မေရှက်၊ အဗေ​ဒ​နေ​ဂေါ​တို့ကို​လည်း+ ဗာ​ဗု​လုန်​ခ​ရိုင်​ရဲ့​အုပ်​ချုပ်​ရေး​မှူး​တွေ​အဖြစ် ခန့်​အပ်​တယ်။ ဒံယေ​လ​က​တော့ နန်း​တော်​မှာ အမှု​ထမ်း​ရ​တယ်။

အောက်ခြေမှတ်ချက်များ

နတ်​ဆိုး​ပညာ၊ နက္ခတ်​ဗေ​ဒင်​ပညာ တတ်​ကျွမ်း​သူ​တစ်​စု။
ဒံ ၂:၄​ခ က​နေ ၇:၂၈ အထိ အာ​ရ​မိတ်​လို ရေး​ထား။
“အမှိုက်​ပုံ၊ နောက်​ချေး​ပုံ” လည်း​ဖြစ်​နိုင်။
သာ​မန်​လူ​တန်း​စား​တွေ။