ဗျာဒိတ် ၁၉:၁-၂၁

  • ပြစ်​ဒဏ်​စီ​ရင်​ချက်​အတွက် ယေဟောဝါ​ကို ချီးမွမ်း (၁-၁၀)

    • သိုး​သငယ်​ရဲ့ မင်္ဂလာ​ပွဲ (၇-၉)

  • မြင်း​ဖြူ​စီး​တဲ့ မြင်း​စီး​သူ​ရဲ (၁၁-၁၆)

  • ဘု​ရား​သခင်​ရဲ့ ည​စာ​စား​ပွဲ​ကြီး (၁၇၊ ၁၈)

  • သား​ရဲ ရှုံး​နိမ့် (၁၉-၂၁)

၁၉  အဲဒီ​နောက် ကောင်း​ကင်​မှာ လူ​စု​ကြီး​ရဲ့​အသံ​လို ကျယ်​လောင်​တဲ့​အသံ ထွက်​ပေါ်​လာ​တာ​ကို ကျွန်​တော်​ ကြား​တယ်။ “ယေဟောဝါ​ကို ချီး​မွမ်း​ပါ။*+ ဘု​ရား​သခင်​ဟာ ကယ်​တင်​ရှင်​ပဲ။ ဘုန်း​တော်​နဲ့ တန်​ခိုး​တော်​ကို ပိုင်​ဆိုင်​တယ်။ ၂  ဘု​ရားရဲ့ တ​ရား​စီ​ရင်​ချက်​တွေ​ဟာ မှန်​ကန်​ဖြောင့်​မတ်​တယ်။+ လိင်​အကျင့်​ယို​ယွင်း​ပြီး* ကမ္ဘာ​မြေကို ပုပ်​ပျက်​စေ​တဲ့ ပြည့်​တန်​ဆာ​ကြီး​ကို ဘု​ရား​သခင် ပြစ်​ဒဏ်​စီ​ရင်​ပြီ။ သူ့​လက်​ချက်​နဲ့​သေသွား​တဲ့ မိမိ​ရဲ့​ကျွန်​တွေ​အတွက် သူ့​ကို လက်​စား​ချေ​ပြီ”+ လို့ ကြွေး​ကြော်​ကြ​တယ်။ ၃  အဲ​ဒီ​နောက် “ယေဟောဝါ​ကို ချီး​မွမ်း​ပါ။*+ ပြည့်​တန်​ဆာ​ကို လောင်​မြိုက်​နေ​တဲ့​မီး​ခိုး​တွေ အစဉ်​ထာ​ဝ​ရ လွင့်​တက်​နေ​ပြီ”+ ဆို​တဲ့​အသံ​က ဒုတိ​ယ​အကြိမ် ချက်​ချင်း​ ထွက်​ပေါ်​လာ​တယ်။ ၄  အဲ​ဒီ​အခါ အကြီး​အကဲ ၂၄ ယောက်​နဲ့+ သတ္တ​ဝါ​လေး​ပါး​က+ ရာ​ဇ​ပလ္လင်​ပေါ်​ ထိုင်​နေ​တဲ့ ဘု​ရား​သခင်​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ပြီး “အာ​မင်။* ယေဟောဝါ​ကို ချီး​မွမ်း​ပါ”*+ လို့​ပြော​ကြ​တယ်။ ၅  “ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့ ဘု​ရားရဲ့​ကျွန်+ လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့၊+ ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ​ပါ” ဆို​တဲ့​အသံ​လည်း ရာ​ဇ​ပလ္လင်​က​နေ ထွက်​ပေါ်​လာ​တယ်။ ၆  အဲ​ဒီ​နောက် လူ​စု​ကြီး​ရဲ့​အသံ၊ ရေ​ထု​ကြီး​ရဲ့​အသံ၊ ကျယ်​လောင်​တဲ့ မိုး​ခြိမ်း​သံ​မျိုး ထွက်​ပေါ်​လာ​ပြီး “ယေဟောဝါ​ကို ချီး​မွမ်း​ပါ။*+ ငါ​တို့​ရဲ့​ဘု​ရား အနန္တ​တန်​ခိုး​ရှင်+ ယေဟောဝါ​ဟာ* ဘု​ရင်​အဖြစ် စတင်​စိုး​စံ​ပြီ။+ ၇  ဝမ်း​မြောက်​ရွှင်​လန်း​ကြ​စို့။ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​စို့။ သိုး​သငယ်​ရဲ့​မင်္ဂလာ​ပွဲ စတင်​ပြီ။ သတို့​သမီး​လည်း အသင့်​ဖြစ်​နေ​ပြီ။ ၈  သတို့​သမီး​က တောက်​ပဖြူ​စင်​တဲ့ ချည်​ချော​ထည်​ကို ဆင်​မြန်း​ခွင့်​ရ​တယ်။ ချည်​ချော​ထည်​ဆို​တာ သန့်​ရှင်း​သူ​တွေရဲ့ ဖြောင့်​မတ်​တဲ့​လုပ်​ရပ်တွေ​ကို ကိုယ်​စား​ပြု​တယ်”+ လို့​ပြော​ကြ​တယ်။ ၉  အဲ​ဒီ​နောက် ကောင်း​ကင်​တ​မန်​က “သိုး​သငယ်​ရဲ့ မင်္ဂလာ​ည​စာ​စား​ပွဲ​ကို+ လာ​ဖို့ ဖိတ်​ကြား​ခံ​ရ​သူ​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်​လို့ ရေး​ပါ” ဆို​ပြီး ကျွန်​တော့်​ကို​ ပြော​တယ်။ အဲ​ဒီ​အပြင် “ဒါ​ဟာ ဘုရား​သခင်​ရဲ့ မိန့်​ဆို​ချက် အစစ်​အမှန်​ပဲ” လို့​လည်း ပြော​သေး​တယ်။ ၁၀  အဲ​ဒီ​အခါ ကျွန်​တော်​လည်း သူ့​ခြေ​ရင်း​မှာ​ ပျပ်​ဝပ်​ပြီး ကိုး​ကွယ်​မယ်​လုပ်​တော့ သူ​က “သတိ​ထား​ပါ​ဦး။ အဲ​ဒီ​လို မလုပ်​ပါ​နဲ့။+ ကျွန်​တော်​လည်း ယေရှု​အကြောင်း သက်​သေခံ​တဲ့ ခင်​ဗျား​နဲ့ ခင်​ဗျားရဲ့ ညီ​အစ်​ကို​တွေ​လို​ပဲ ကျွန်​တစ်​ယောက်​ပါ။+ ဘု​ရား​သခင်​ကို​သာ ကိုး​ကွယ်​ပါ။+ ပရော​ဖက်​ပြု​ရ​တဲ့ ရည်​ရွယ်​ချက်​ဟာ ယေရှု​အကြောင်း သက်​သေခံ​ဖို့​ဖြစ်​တယ်”+ လို့​ပြော​တယ်။ ၁၁  အဲ​ဒီ​နောက် ကောင်း​ကင်​ ပွင့်​လာ​ပြီး မြင်း​ဖြူ​တစ်​စီး+ ထွက်​လာ​တာ​ကို ကျွန်​တော်​ မြင်​တယ်။ မြင်း​စီး​သူ​ဟာ သစ္စာ​ရှိ​သူ၊+ အမှန်​အတိုင်း​ပြော​တဲ့​သူ​လို့+ နာ​မည်​တွင်​တယ်။ သူ​က ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ပြီး စစ်​ဆင်​နွှဲ​တယ်။+ ၁၂  သူ့​မျက်​စိ​ဟာ မီး​လျှံ​လို​ပဲ။+ သူ့​ခေါင်း​ပေါ်​မှာ သရ​ဖူ​အများ​ကြီး ရှိ​တယ်။ သူ​ကိုယ်​တိုင်​က​လွဲ​လို့ ဘယ်​သူ​မှ​မသိ​တဲ့ နာ​မည်​တစ်​ခု သူ့​ကိုယ်​ပေါ်​မှာ ရေး​ထား​တယ်။ ၁၃  သွေး​စဉ်​ထား​တဲ့ ဝတ်​လုံ​ကို သူ​ဝတ်​ဆင်​ထား​တယ်။ ဘု​ရား​သခင်​ရဲ့ နှုတ်​က​ပတ်​တော်လို့​လည်း+ နာ​မည်​တွင်​တယ်။ ၁၄  ကောင်း​ကင်​ဗိုလ်​ခြေ​တွေ​လည်း မြင်း​ဖြူ​စီး​ပြီး သူ့​နောက်​က​နေ လိုက်​ကြ​တယ်။ သူ​တို့​က ဖြူ​စင်​တဲ့​ချည်​ချော​ထည် ဝတ်​ဆင်​ထား​တယ်။ ၁၅  လူ​မျိုး​တွေ​ကို တိုက်​ခိုက်​မယ့် ထက်​တဲ့​ဓား​ရှည်​တစ်​လက်+ သူ့​ခံ​တွင်း​ထဲ​က​နေ ထိုး​ထွက်​နေ​တယ်။ သူ​က လူ​မျိုး​တွေ​ကို သံ​လှံ​တံ​နဲ့ အုပ်​ချုပ်​လိမ့်​မယ်။+ အနန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်​ရဲ့ အမျက်​ဒေါ​သ စ​ပျစ်​ကျင်း​ကို​လည်း သူ​နင်း​နယ်​လိမ့်​မယ်။+ ၁၆  သူ့​ဝတ်​လုံ​ရဲ့ ပေါင်​နေ​ရာ​မှာ ဘု​ရင်​တ​ကာ​တို့​ရဲ့ ဘု​ရင်၊ သခင်​တ​ကာ​တို့​ရဲ့ သခင်​ဆို​တဲ့+ နာ​မည်​ကို ရေး​ထား​တယ်။ ၁၇  အဲ​ဒီ​နောက် နေ​ထဲ​မှာ​ရပ်​နေ​တဲ့ ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​လည်း ကျွန်​တော်​ မြင်​တယ်။ သူ​က ကောင်း​ကင်​မှာ ပျံ​သန်း​နေ​တဲ့ ငှက်​တွေ​ကို “ဒီ​ကို လာ​ကြ။ ဘု​ရား​သခင်​ရဲ့ ည​စာ​စား​ပွဲ​ကြီး​မှာ စု​ဝေး​ကြ။+ ၁၈  ရှင်​ဘု​ရင်တွေ၊ တပ်​မှူး​တွေ၊ ခွန်​အား​ကြီး​သူ​တွေ၊+ မြင်း​နဲ့​မြင်း​စီး​သူ​ရဲတွေ၊+ လွတ်​လပ်​သူ​တွေ၊ ကျွန်​တွေ​သာ​မက လူ​ကြီး​လူ​ငယ်​အား​လုံး​ရဲ့ အသား​ကို မင်း​တို့ စား​ရ​လိမ့်​မယ်” လို့ အော်​ပြော​တယ်။ ၁၉  သား​ရဲ​နဲ့ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ၊ သူ​တို့​ရဲ့​တပ်​တွေ​က မြင်း​စီး​သူ​နဲ့ သူ့​ရဲ့​တပ်​ကို တိုက်​ခိုက်​ဖို့ စု​ရုံး​လာ​တာ+ ကျွန်​တော်​ မြင်​တယ်။ ၂၀  သား​ရဲ​က အဖမ်း​ခံ​ရ​တယ်။ သူ​နဲ့​အတူ ပရော​ဖက်​အတု​အယောင်​လည်း+ အဖမ်း​ခံ​ရ​တယ်။ အဲ​ဒီ​ပရော​ဖက်​ဟာ သား​ရဲ​အမှတ်​တံ​ဆိပ်​ကို ခတ်​နှိပ်​ပြီး+ သား​ရဲရဲ့​ရုပ်​တု​ရှေ့​မှာ+ ကိုး​ကွယ်​တဲ့​သူ​တွေ​ကို လှည့်​ဖြား​ပြီး သား​ရဲ​ရှေ့​မှာ​တင် အံ့​ဖွယ်​အမှု​တွေ လုပ်​ပြတဲ့​သူ​ပဲ။ ကန့်​တွေ​လောင်​နေ​တဲ့ မီး​အိုင်​ထဲ သား​ရဲရော အဲ​ဒီ​ပရော​ဖက်​ပါ အရှင်​လတ်​လတ် ပစ်​ချ​ခံ​ရ​တယ်။+ ၂၁  ကျန်​တဲ့​သူ​တွေ​က​တော့ မြင်း​စီး​သူ​ရဲ့ ခံ​တွင်း​ထဲ​က ထွက်​နေ​တဲ့ ဓား​ရှည်​နဲ့ ကွပ်​မျက်​ခံ​ရ​တယ်။+ ငှက်​တွေ​က သူ​တို့​ရဲ့​အသား​ကို အဝ​စား​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။