မာတိကာဆီ ကျော်သွား

လူငယ်များအမေး

မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင်နေသင့်သလဲ

မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင်နေသင့်သလဲ

 “နီးတကျက်ကျက် ဝေးတသက်သက်”

 မောင်နှမတွေကို “နီးတကျက်ကျက် ဝေးတသက်သက်” လို့ ပြောတတ်ကြတယ်။ သင်က သူတို့ကို ချစ်တယ်၊ သူတို့ကလည်း သင့်ကို ချစ်တယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဖြစ်တတ်တယ်။ ဟဲနာ အခုလိုပြောတယ်– “မောင်လေးက ကျွန်မကို စိတ်အနှောင့်အယှက် ပေးတတ်တယ်။ ဘာပြောလိုက်ရင်၊ ဘယ်လိုလုပ်လိုက်ရင် ကျွန်မစိတ်ဆိုးမယ်ဆိုတာ သူကောင်းကောင်းသိတယ်။”

 တချို့ပြဿနာကျတော့ အေးအေးဆေးဆေး ပြောလိုက်ရုံ၊ ညှိနှိုင်းလိုက်ရုံနဲ့ အဆင်ပြေသွားလေ့ရှိတယ်။ ဥပမာ–

  •   တစ်ခန်းတည်းမှာ အတူနေတဲ့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်တည်း သီးသန့်နေချင်တဲ့အခါမျိုးမှာ စကားများနိုင်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ အလျှော့ပေးတတ်အောင်၊ သူ့နေရာကို မကျူးကျော်မိအောင် သင်ယူပါ။ လုကာ ၆:၃၁ မှာပါတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးပါ။

  •   ညီအစ်မနှစ်ယောက် တစ်ယောက်ရဲ့ အဝတ်အစားကို ခွင့်မတောင်းဘဲ “ယူဝတ်” တာမျိုး ဖြစ်နိုင်တယ်။ ဒါကို ဘယ်လို ဖြေရှင်းမလဲ။ အတူဆွေးနွေးပါ၊ နှစ်ယောက်စလုံး လိုက်နာနိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပါ။ ၂ တိမောသေ ၂:၂၄ မှာပါတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးပါ။

 တချို့အခြေအနေမှာတော့ မောင်နှမချင်းဖြစ်တဲ့ ပြဿနာက ပိုပြင်းထန်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်။ ကျမ်းစာပါ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ–

  •   မိရိအံနဲ့ အာရုန်တို့ဟာ မောရှေကို မနာလိုဖြစ်တာကြောင့် ဝမ်းနည်းဖွယ် အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။ တောလည်ရာ ၁၂:၁-၁၅ မှာပါတဲ့ မှတ်တမ်းကို ဖတ်ပါ။ အဲဒီနောက် ‘မောင်နှမကို မနာလိုမဖြစ်အောင် ငါဘာလုပ်နိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  •   ကာဣနဟာ ဒေါသကြောင့် ညီဖြစ်သူ အာဗေလကို သတ်ပစ်ခဲ့တယ်။ ကမ္ဘာဦး ၄:၁-၁၂ မှာပါတဲ့ မှတ်တမ်းကို ဖတ်ပါ။ အဲဒီနောက် ‘မောင်နှမချင်း စကားများတဲ့အခါ ဒေါသကို ဘယ်လို ထိန်းချုပ်နိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

 အဆင်ပြေအောင်နေသင့်တဲ့ အကြောင်းရင်းနှစ်ခု

 မောင်နှမတွေနဲ့ အဆင်ပြေဖို့ ဘယ်လောက်ပဲ ခက်ပါစေ အနည်းဆုံး အကြောင်းရင်းနှစ်ခုကြောင့် အဆင်ပြေအောင် နေသင့်တယ်။

  1.  ၁။ သင် ရင့်ကျက်လာပြီဆိုတဲ့ လက္ခဏာပဲ။ အဲလစ် အခုလိုပြောတယ်– “ညီမလေး နှစ်ယောက်အပေါ် ထစ်ခနဲဆို ကျွန်တော် ဒေါသထွက်တတ်တယ်။ အခုတော့ သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ရှည် ဆက်ဆံတတ်လာပြီ။ ဒါကြောင့် ကျွန်တော် ရင့်ကျက်လာပြီလို့ ပြောလို့ရတယ်။”

     သမ္မာကျမ်းစာပြောဆိုရာ– “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား အထူးသဖြင့် မိုက်ပေ၏။”​—သုတ္တံ ၁၄:၂၉

  2.  ၂။ အနာဂတ်အတွက် လေ့ကျင့်မှုကောင်းပဲ။ မောင်နှမတွေရဲ့ မစုံလင်မှုကို သည်းမခံနိုင်ဘူးဆိုရင် အိမ်ထောင်ဖက်၊ အလုပ်ဖော်၊ အလုပ်ရှင် ဒါမှမဟုတ် တခြားသူတွေနဲ့ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ။

     သိထားသင့်ရာ– အနာဂတ်မှာ တခြားသူတွေနဲ့ အဆင်ပြေဖို့ဆိုရင် သင့်ရဲ့ ပြောဆိုဆက်သွယ်တတ်မှု၊ ညှိနှိုင်းဆွေးနွေးတတ်မှုအပေါ် မူတည်တယ်။ ဒီအရည်အသွေးတွေကို မွေးမြူနိုင်တဲ့ အကောင်းဆုံးနေရာကတော့ မိသားစုမှာပဲ။

     သမ္မာကျမ်းစာပြောဆိုရာ– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”​—ရောမ ၁၂:၁၈

 မောင်နှမတွေနဲ့ ပြဿနာဖြစ်တဲ့အခါ ဖြေရှင်းနည်းအတွက် အကူအညီလိုချင်ပါသလား။ “ရွယ်တူချင်းတွေ ပြောဆိုရာ” ဆောင်းပါးကို ဖတ်ပါ၊ ပြီးနောက် “မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ” ဆိုတဲ့ ပူးတွဲပါ အစီအစဉ်ဇယားကို ကြည့်ပါ။