မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ

ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ

 ခြေကုန်လက်ပန်းကျချင်သလို ဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

 ဘာကြောင့် ဖြစ်သလဲ

  •   မနိုင်ဝန် ထမ်းခြင်း။ “ပိုကောင်းအောင် လုပ်၊ တိုးတက်အောင် လုပ်၊ ပန်းတိုင် မြင့်မြင့်ထား၊ ထူးချွန်အောင်မြင်အောင် လုပ် ဆိုပြီး အမြဲ အပြောခံနေရတယ်။ တစ်ချိန်လုံး အဲဒီလိုဖိအားပေးနေတော့ တကယ်ခက်တယ်” ဆိုပြီး မိန်းကလေး ဂျူလီ ပြောတယ်။

  •   နည်းပညာ။ စမတ်ဖုန်း၊ တက်ဘလက်၊ တခြားကိရိယာတွေကို တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ခုနစ်ရက် ဖွင့်ထားတဲ့အခါ ဖိစီးမှုတွေ များပြီး ကြာတော့ ခြေကုန်လက်ပန်းကျလာတယ်။

  •   အိပ်ရေးပျက်ခြင်း။ “ကျောင်း၊ အလုပ်၊ အပန်းဖြေမှုတို့ကြောင့် လူငယ်များစွာဟာ ညနက်မှ အိပ်၊ မနက်စောစော ထရတဲ့ သံသရာထဲကနေ ရုန်းမထွက်နိုင်ကြဘူး” ဆိုပြီး မိန်းကလေး မီရန်ဒါ ပြောတယ်။ အိပ်ရေးပျက်ဖန် များလာတဲ့အခါ ခြေကုန်လက်ပန်းကျလာတတ်တယ်။

 ဘာကြောင့် အရေးကြီးသလဲ

 လုံ့လဝီရိယ ရှိတာကို ကျမ်းစာက ချီးမွမ်းထားတယ်။ (ပညာအလိမ္မာ ၆:၆-၈။ ရောမ ၁၂:၁၁) ဒါပေမဲ့ ကျန်းမာရေး အပါအဝင် တစ်ခုခုကို ထိခိုက်တဲ့အထိ အလုပ်လုပ်တာကိုတော့ ကျမ်းစာက မထောက်ခံပါဘူး။

 “တစ်ခါက အလုပ်တွေ များလွန်းလို့ သည်းကြီးမည်းကြီး လုပ်နေရတော့ တစ်နေ့လုံး အစာတောင် မစားဖြစ်ဘူး။ ကိုယ့်ကျန်းမာရေးကို ရင်းပြီး ပေးသမျှ တာဝန်တိုင်းကို လက်ခံတာ မကောင်းဘူးဆိုတာ သိလိုက်ပြီ။”—အက်ရှ်လေ။

 “အသက်ရှင်နေတဲ့ခွေးဟာ သေသွားတဲ့ခြင်္သေ့ထက် သာတယ်” လို့ ကျမ်းစာ ပြောတာ အကြောင်းကောင်း ရှိတယ်။ (ဒေသနာ ၉:၄) ခြင်္သေ့လို ခွန်အားရှိမယ်အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တအားမောင်းမယ်ဆိုရင် ခဏပဲ ခံပါလိမ့်မယ်။ ခြေကုန်လက်ပန်းကျအောင် လုပ်ရင် ကိုယ့်ကျန်းမာရေးပဲ ထိခိုက်မယ်။

 လုပ်ဆောင်နိုင်ရာ

  •   ငြင်းတတ်ပါစေ။ “ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်” လို့ ကျမ်းစာက ပြောတယ်။ (ပညာအလိမ္မာ ၁၁:၂) ကျိုးနွံတဲ့သူတွေဟာ ကိုယ်တတ်နိုင်ရာ၊ မတတ်နိုင်ရာကို သိပြီး မနိုင်တဲ့ဝန်ကို မထမ်းကြဘူး။

     “ကမ်းလှမ်းလာသမျှ အလုပ်တိုင်းကို မငြင်းဘဲ ကုန်းရုန်းလုပ်တဲ့သူဟာ ခြေကုန်လက်ပန်းကျတာ များတယ်။ ဒါက နှိမ့်ချကျိုးနွံရာ မရောက်ဘူး။ အနှေးနဲ့ အမြန် ခြေကုန်လက်ပန်းကျမှာပဲ။”—ဂျော်ဒန်။

  •   လုံလောက်စွာ အနားယူပါ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။” (ဒေသနာ ၄:၆) အိပ်စက်ခြင်းကို “ဦးနှောက်အတွက် အာဟာရ” လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အများစုဟာ လိုအပ်တဲ့အိပ်ချိန် ရှစ်နာရီမှ ဆယ်နာရီကို မပြည့်မီကြဘူး။

     “ကျွန်မရဲ့ အချိန်ဇယားက မူမမှန်ဖြစ်နေတော့ အိပ်ရေးပျက်တာ များတယ်။ တစ်ခါတလေ အိပ်ရေးဝဝ အိပ်လိုက်တဲ့အခါ နောက်နေ့အတွက် အားအင်တွေ ပြည့်နေပြီး စိတ်ကြည်လင်နေတဲ့အပြင် အလုပ်လည်း ပြီးတယ်။”—ဘရွတ်ကလင်။

  •   စည်းစနစ်ကျပါ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၁:၅) ကိုယ့်အချိန်နဲ့ အလုပ်တွေကို အသေအချာ စီစဉ်လုပ်ကိုင်တတ်တာက ဘဝတစ်လျှောက်လုံး အကျိုးပြုမယ့် အရည်အချင်းကောင်းပါပဲ။

     “အသေအချာ စီစဉ်ထားတဲ့ ဇယားရှိမယ်ဆိုရင် ကိုယ်တိုင်ကြောင့် ဖြစ်တဲ့ ဖိစီးမှု အတော်များများကို ရှောင်နိုင်မယ်။ ဇယားကို ကိုယ်မြင်နိုင်တဲ့နေရာမှာ ထားတဲ့အခါ ပြုပြင်ပြောင်းလဲဖို့ လိုတာတွေကို အလွယ်တကူ တွေ့နိုင်တဲ့အတွက် ခြေကုန်လက်ပန်းကျတာ မဖြစ်တော့ဘူး။”—ဗာနက်ဆာ။