မာတိကာဆီ ကျော်သွား

ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ

ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

 ကျမ်းစာမှာ “ရှင်ပြန်ထမြောက်ခြင်း” ဆိုတဲ့ စကားလုံးက ဂရိစကားလုံး အာနာစတာစီဇ် ကနေ ပြန်ဆိုထားတာပါ။ တိုက်ရိုက်အဓိပ္ပာယ်က “ထလာခြင်း၊” “တစ်ဖန် မတ်တပ်ရပ်ခြင်း” ဖြစ်တယ်။ ရှင်ပြန်ထမြောက်လာတဲ့သူဟာ သေခြင်းကနေ နိုးထလာပြီး မသေခင်က ပုဂ္ဂိုလ်ပဲ ပြန်ဖြစ်လာမှာဖြစ်တယ်။—၁ ကောရိန္သု ၁၅:၁၂၊ ၁၃

 ဓမ္မဟောင်းကျမ်းလို့လည်းခေါ်တဲ့ ဟီဘရူးကျမ်းစောင်တွေမှာ “ရှင်ပြန်ထမြောက်ခြင်း” ဆိုတဲ့ စကားလုံး မပါပေမဲ့ အဲဒီအကြောင်း ပြောထားတာတော့ရှိပါတယ်။ ဥပမာ၊ ပရောဖက် ဟောရှေကို ဘုရားသခင် ဒီလို ကတိပေးတယ်– “ငါဟာ သင်္ချိုင်းလက်ကနေ ရွေးယူနိုင်တဲ့အရှင်၊ သေမင်းလက်ကနေ ပြန်နုတ်ယူနိုင်တဲ့ အရှင်ပဲ။”—ဟောရှေ ၁၃:၁၄။ ယောဘ ၁၄:၁၃–၁၅။ ဟေရှာယ ၂၆:၁၉။ ဒံယေလ ၁၂:၂၊ ၁၃

 သေသွားတဲ့သူတွေက ဘယ်နေရာမှာ အသက်ပြန်ရှင်လာကြမှာလဲ။ တချို့က ခရစ်တော်နဲ့အတူ ဘုရင်တွေအနေနဲ့ အုပ်ချုပ်ဖို့ ကောင်းကင်မှာ အသက်ပြန်ရှင်လာမယ်။ (၂ ကောရိန္သု ၅:၁။ ဗျာဒိတ် ၅:၉၊ ၁၀) အဲဒီထမြောက်ခြင်းကို ကျမ်းစာမှာ “ပထမရှင်ပြန်ထမြောက်ခြင်း၊” “အစောပိုင်း ရှင်ပြန်ထမြောက်ခြင်း” လို့ ခေါ်ထားတဲ့အတွက် ထမြောက်ခြင်းနောက်တစ်မျိုး ရှိသေးတယ်ဆိုတာ သိနိုင်တယ်။ (ဗျာဒိတ် ၂၀:၆။ ဖိလိပ္ပိ ၃:၁၁) ထမြောက်ခြင်းနောက်တစ်မျိုးက မြေကြီးပေါ်မှာဖြစ်တယ်။ လူအနည်းငယ်ပဲ ကောင်းကင်မှာ ထမြောက်မှာဖြစ်ပြီး အများစုက မြေကြီးပေါ်မှာ ထမြောက်လာကြမယ်။—ဆာလံ ၃၇:၂၉

 ဘယ်လို ထမြောက်လာကြမှာလဲ။ ဘုရားသခင်က ယေရှုကို သေသွားတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်စွမ်း ပေးထားပါတယ်။ (ယောဟန် ၁၁:၂၅) ယေရှုက “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” ကို အသက်ပြန်ရှင်အောင် လုပ်ပေးတဲ့အခါ သူတို့တစ်ဦးစီရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ မှတ်ဉာဏ်တွေကို ပြန်ထည့်ပေးပါလိမ့်မယ်။ (ယောဟန် ၅:၂၈၊ ၂၉) ကောင်းကင်အသက်တာ ရသူတွေက မမြင်နိုင်တဲ့ နာမ်ဝိညာဉ် ခန္ဓာကိုယ်ကို ရကြမယ်။ မြေကြီးမှာ အသက်ပြန်ရှင်လာသူတွေက ကျန်းမာပြီး ကိုယ်လက်အင်္ဂါပြည့်စုံတဲ့ ကိုယ်ခန္ဓာကို ရမှာဖြစ်တယ်။—ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆။ ၁ ကောရိန္သု ၁၅:၄၂–၄၄၊ ၅၀

 ဘယ်သူတွေ ထမြောက်လာကြမှာလဲ။ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ” ကြမယ်လို့ ကျမ်းစာက ဆိုတယ်။ (တမန်တော် ၂၄:၁၅) ဖြောင့်မတ်သူတွေထဲမှာ နောဧ၊ စာရာနဲ့ အာဗြဟံတို့လို သစ္စာရှိရှိ သေဆုံးသွားသူတွေ ပါဝင်တယ်။ (ကမ္ဘာဦး ၆:၉။ ဟီဘရူး ၁၁:၁၁။ ယာကုပ် ၂:၂၁) မဖြောင့်မတ်သူတွေထဲမှာ ဘုရားသခင့် တောင်းဆိုချက်တွေကို သင်ယူ၊ လိုက်လျှောက်ဖို့ အခွင့်အရေးမရဘဲ သေဆုံးသွားသူတွေ ပါဝင်တယ်။

 ဒါပေမဲ့ အရမ်းဆိုးသွမ်းပြီး ကိုယ့်အကျင့်အကြံကို မပြောင်းလဲတဲ့သူတွေကတော့ အသက်ပြန်ရှင်လာကြမှာ မဟုတ်ပါဘူး။ အဲဒီလိုလူတွေ သေသွားတဲ့အခါ အပြီးအပိုင် ပျက်စီးသွားတယ်။ သူတို့မှာ ထမြောက်ခြင်း မျှော်လင့်ချက် မရှိဘူး။—မဿဲ ၂၃:၃၃။ ဟီဘရူး ၁၀:၂၆၊ ၂၇

 ဘယ်အချိန်မှာ ထမြောက်လာကြမှာလဲ။ ကောင်းကင်မှာ ထမြောက်မယ့်သူတွေက ၁၉၁၄ ခုနှစ်ကနေစတဲ့ ခရစ်တော် ရောက်ရှိနေချိန်အတွင်းမှာ ထမြောက်ကြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (၁ ကောရိန္သု ၁၅:၂၁–၂၃) မြေကြီးမှာ ထမြောက်ကြမယ့်သူတွေက ခရစ်တော်ယေရှုရဲ့ အနှစ် ၁,၀၀၀ အုပ်ချုပ်ချိန်အတွင်း ထမြောက်လာကြမယ်။ အဲဒီအချိန်မှာ တစ်ကမ္ဘာလုံး သာယာလှပတဲ့ ဥယျာဉ်ဖြစ်နေပါလိမ့်မယ်။—လုကာ ၂၃:၄၃။ ဗျာဒိတ် ၂၀:၆၊ ၁၂၊ ၁၃

 ရှင်ပြန်ထမြောက်ခြင်း အယူဝါဒက ဘာကြောင့် ယုတ္တိရှိသလဲ။ ကျမ်းစာမှာ ရှင်ပြန်ထမြောက်ခြင်း ၉ ခု အကြောင်း အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ သူတို့တွေဟာ မျက်မြင်သက်သေတွေရှေ့ ထမြောက်လာကြတာဖြစ်တယ်။ (၁ ဘုရင်များ ၁၇:၁၇–၂၄။ ၂ ဘုရင်များ ၄:၃၂–၃၇။ ၁၃:၂၀၊ ၂၁။ လုကာ ၇:၁၁–၁၇။ ၈:၄၀–၅၆။ ယောဟန် ၁၁:၃၈–၄၄။ တမန်တော် ၉:၃၆–၄၂။ ၂၀:၇–၁၂။ ၁ ကောရိန္သု ၁၅:၃–၆) လာဇရုကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးတဲ့ မှတ်တမ်းက တကယ် မှတ်သားထိုက်ပါတယ်။ သေသွားတာ ၄ ရက်ကြာပြီဖြစ်တဲ့ လာဇရုကို အသက်ပြန်ရှင်လာအောင် လူအုပ်ရှေ့မှာတင် ယေရှု လုပ်ဆောင်ခဲ့တယ်။ (ယောဟန် ၁၁:၃၉၊ ၄၂) ယေရှုကို ဆန့်ကျင်သူတွေတောင် ဒီဖြစ်ရပ်ကို မငြင်းနိုင်ဘူး။ ဒါကြောင့် ယေရှုနဲ့ လာဇရု နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ သူတို့ ကြံစည်ခဲ့ကြတယ်။—ယောဟန် ၁၁:၄၇၊ ၅၃။ ၁၂:၉–၁၁

 သေသွားတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်စွမ်းရော၊ လုပ်ပေးလိုစိတ်ပါ ဘုရားသခင်မှာ ရှိတယ်ဆိုတာ ကျမ်းစာကနေ သိရပါတယ်။ ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ မှတ်ဉာဏ်ထဲမှာ ကိုယ်တော်ထမြောက်အောင် လုပ်ပေးချင်တဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။ ဘုရားသခင်က အတိုင်းအဆမဲ့တန်ခိုးကို သုံးပြီး သူတို့တွေ အသက်ပြန်ရှင်အောင် လုပ်ပေးပါလိမ့်မယ်။ (ယောဘ ၃၇:၂၃။ မဿဲ ၁၀:၃၀။ လုကာ ၂၀:၃၇၊ ၃၈) အနာဂတ်မှာဖြစ်လာမယ့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာပြောတဲ့အခါ ဘုရားသခင်က “ဖန်ဆင်းထားတဲ့လက်ရာကို ပြန်မြင်ချင်စိတ် ပြင်းပြနေလိမ့်မယ်” လို့ ဆိုထားတယ်။ အမှန်ပါပဲ၊ ဘုရားသခင်ဟာ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ရုံသာမက လုပ်ပေးလိုစိတ်လည်း ရှိတယ်။—ယောဘ ၁၄:၁၅

ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ယူဆချက် အမှားများ

 ယူဆချက်အမှား– ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ ပြန်ပေါင်းစပ်သွားတာဖြစ်တယ်။

 အမှန်တရား– ကျမ်းစာအရ လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူ မတည်ရှိတော့ဘူး။ မသေနိုင်တဲ့ ဝိညာဉ်ဆိုတာလည်း မရှိဘူး။ (ဒေသနာ ၉:၅၊ ၁၀) ဒါကြောင့် အသက်ပြန်ရှင်လာတယ်ဆိုတာ ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ ပြန်ပေါင်းစပ်သွားတာ မဟုတ်ပါဘူး။ ဘုရားသခင်က သူ့ကို အသစ်ပြန်ဖန်ဆင်းလိုက်တာပါ။

 ယူဆချက်အမှား– တချို့က ရှင်ပြန်ထမြောက်လာတာနဲ့ ချက်ချင်း ပြန်ဖျက်ဆီးခံရမယ်။

 အမှန်တရား– “ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၅:၂၉) သူတို့မသေခင်က လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် မဟုတ်ဘဲ ထမြောက်လာပြီးနောက်ပိုင်း လုပ်တဲ့လုပ်ရပ်အပေါ်မူတည်ပြီး တရားစီရင်ခံရမှာဖြစ်တယ်။ “သေလွန်သူတွေ ဘုရားသခင့်သားတော်ရဲ့ စကားသံကို ကြားရမယ့်အချိန် အခုပဲ ရောက်နေပြီ။ အဲဒီစကားသံကို အာရုံစိုက်သူတွေ အသက်ရှင်ရလိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၅:၂၅) ထမြောက်ပြီးနောက်ပိုင်း သင်ယူသိရှိလာတဲ့ အရာတွေကို “အာရုံစိုက်သူတွေ၊” နာခံလိုက်လျှောက်သူတွေရဲ့ နာမည်တွေဟာ “အသက်စာလိပ်” မှာ ရေးမှတ်ထားခြင်း ခံရမယ်။—ဗျာဒိတ် ၂၀:၁၂၊ ၁၃

 ယူဆချက်အမှား– ထမြောက်လာတဲ့အခါ မသေခင်က ကိုယ်ခန္ဓာနဲ့ပဲ ထမြောက်လာကြမယ်။

 အမှန်တရား– လူတစ်ယောက်သေသွားတဲ့အခါ သူ့ကိုယ်ခန္ဓာက တဖြည်းဖြည်းနဲ့ ပျက်စီး၊ ပျောက်ကွယ် သွားပါတယ်။—ဒေသနာ ၃:၁၉၊ ၂၀