မာတိကာဆီ ကျော်သွား

လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိသလား

လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိသလား

သမ္မာကျမ်းစာဖြေဆိုရာ

 ဟေဗြဲစကားလုံး နီးဖက်ရှ် နဲ့ ဂရိစကားလုံး ပစီးခီး ကို မြန်မာကျမ်းစာရဲ့ တချို့နေရာတွေမှာ ဝိညာဉ်လို့ ဘာသာပြန်ထားပါတယ်။ ဒါပေမဲ့ နီးဖက်ရှ် ရဲ့ တိုက်ရိုက်အဓိပ္ပာယ်က “အသက်ရှုတဲ့သတ္တဝါ” ဖြစ်ပြီး ပစီးခီး ရဲ့ တိုက်ရိုက်အဓိပ္ပာယ်က “သက်ရှိ” လို့ အဓိပ္ပာယ်ရှိတယ်။ a ဒါကြောင့် အဲဒီဟေဗြဲစကားလုံးနဲ့ ဂရိစကားလုံးတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အရာ၊ လူသေပြီးနောက် ဆက်အသက်ရှင်ကျန်ရစ်ခဲ့တဲ့အရာကို ပြောတာမဟုတ်ဘဲ သက်ရှိသတ္တဝါကို ပြောနေတာဖြစ်တယ်။ ဒါကြောင့် ကျမ်းစာတော်တော်များများက နီးဖက်ရှ် နဲ့ ပစီးခီး ကို အကြောင်းအရာပေါ်မူတည်ပြီး “အသက်၊” “သတ္တဝါ၊” “ကျွန်ုပ်၊” စသဖြင့် ဘာသာပြန်ကြတယ်။ နီးဖက်ရှ် နဲ့ ပစီးခီး ကို သမ္မာကျမ်းစာက ဘယ်လိုအဓိပ္ပာယ်နဲ့ သုံးထားသလဲဆိုတာ သုံးသပ်ကြည့်ပါ–

အာဒံကို ဝိညာဉ်ထည့်ပေးလိုက်တာ မဟုတ်၊ သူဟာ အသက်ရှင်သော နီးဖက်ရှ် (ခေါ်) လူတစ်ယောက် ဖြစ်လာ

  •   ယေဟောဝါဘုရားက ပထမဆုံးလူသား အာဒံကို ဖန်ဆင်းတဲ့အခါ “လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လေ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၂:၇) “အသက်ရှင်သော သတ္တဝါဖြစ်လေ၏” ဆိုတဲ့ စကားစုကို မူရင်းဟေဗြဲစကားမှာ “အသက်ရှင်သော နီးဖက်ရှ် ဖြစ်လေ၏” လို့ ရေးထားတယ်။ အာဒံကို ဝိညာဉ်ထည့်ပေးလိုက်တာ မဟုတ်ဘူး။ သူဟာ အသက်ရှင်သော နီးဖက်ရှ် (ခေါ်) လူတစ်ယောက် ဖြစ်လာတာဖြစ်တယ်။

  •   လုကာ ၁၂:၁၉၊ ၂၀ ယုဒသန် ဘာသာပြန်ကျမ်း– “ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိ၏။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ထိုသို့အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအားမိန့်တော်မူ၏။”

     ခေတ်သုံးမြန်မာသမ္မာကျမ်း– “ထိုနောက် ‘သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါးစွာနေလော့’ ဟု ငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။ သို့ရာတွင် ဘုရားသခင်က ‘အချင်းလူမိုက်၊ ယခုညဉ့်ပင် သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍ သင်စုဆောင်းထားသည့် ဥစ္စာပစ္စည်းများကား အဘယ်သူ၏လက်သို့ရောက်လိမ့်မည်နည်း’ ဟု မိန့်တော်မူ၏။” ခေတ်သုံးမြန်မာသမ္မာကျမ်းအရ ပစီးခီး ဟာ ဝိညာဉ်ကို ပြောတာမဟုတ်ဘူးဆိုတာ သိနိုင်တယ်။ ဒီကျမ်းချက်အရ နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ဟာ အသက်ရှိတယ်။ အလုပ်လုပ်နိုင်၊ ဥစ္စာတွေကို သိမ်းဆည်းနိုင်၊ စားနိုင်သောက်နိုင်ပြီး ပျော်မွေ့နိုင်တယ်။ ဒီအရာတွေကို သက်ရှိလူသားကပဲ လုပ်နိုင်တာမဟုတ်လား။

နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ဟာ မသေနိုင်တဲ့ဝိညာဉ်လို့ရော အဓိပ္ပာယ် ရသလား။

 မရပါဘူး။ နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီးက သေနိုင်ပါတယ်။ သေဆုံးနိုင်တယ်ဆိုတာ ဖော်ပြတဲ့ ကျမ်းချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ဟာ မသေနိုင်တဲ့ဝိညာဉ်လို့ အဓိပ္ပာယ်မရပါဘူး။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ–

  •   “ပြစ်မှားသောဝိညာဉ် (နီးဖက်ရှ်) သည် အသက်သေရမည်။”—ယေဇကျေလ ၁၈:၄

  •   တချို့ကျမ်းချက်တွေမှာ “အသေကောင်” လို့ပြန်ဆိုထားတဲ့ မူရင်းဟေဗြဲစကားလုံးဟာ နီးဖက်ရှ် ဖြစ်ပါတယ်။—ဝတ်ပြုရာ ၂၁:၁၁; တောလည်ရာ ၆:၆

  •   “ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းလျှင် . . . ပင်လယ်၌အသက်ရှင်သော သတ္တဝါ [ပစီးခီး] အပေါင်းတို့သည် သေကြ၏။”—ဗျာဒိတ် ၁၆:၃

နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး က “အသက်” လို့လည်းအဓိပ္ပာယ်ရှိ

 ကျမ်းစာမှာ နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ကို “အသက်” ရဲ့ ကြောင်းတူသံကွဲ စကားလုံးအဖြစ်လည်း အသုံးပြုထားပါတယ်။ ဥပမာ၊ နီးဖက်ရှ် ကို ယောဘ ၃၃:၂၂ မှာ “အသက်ဝိညာဉ်” ဆိုပြီး ပြန်ဆိုထားတယ်။ အလားတူ၊ သမ္မာကျမ်းစာမှာ လူတစ်ယောက်ရဲ့ နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ဖြစ်တဲ့ အသက်ဟာ အန္တရာယ်ရှိနိုင်တယ်၊ ဆုံးရှုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။—ထွက်မြောက်ရာ ၄:၁၉; တရားသူကြီး ၉:၁၇; ဖိလိပ္ပိ ၂:၃၀

 နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး ဟာ အသက်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတယ်ဆိုတာ သိထားမယ်ဆိုရင် “နာမ်ဝိညာဉ်ထွက်စဉ်အခါ” လို့ပါတဲ့ ကျမ်းချက်တွေကို နားလည်ဖို့ အကူအညီ ရပါတယ်။ (ကမ္ဘာဦး ၃၅:၁၈) အဲဒီစကားက ဥပစာစကားဖြစ်ပြီး အသက်ထွက်ခါနီးအခြေအနေကို ဖော်ပြနေတာဖြစ်တယ်။ ဒါကြောင့် တချို့ဘာသာပြန်ကျမ်းတွေမှာ ကမ္ဘာဦး ၃၅:၁၈ မှာပါတဲ့ အဲဒီအသုံးအနှုန်းကို “နောက်ဆုံးထွက်သက်” လို့ ဘာသာပြန်ကြတယ်။—Good News Translation; New Jerusalem Bible.

မသေနိုင်တဲ့ဝိညာဉ် အယူအဆက ဘယ်က ပေါ်ထွက်လာသလဲ

 ခရစ်ယာန်ဂိုဏ်းဂဏတွေ ယုံကြည်လက်ခံထားကြတဲ့ မသေနိုင်တဲ့ဝိညာဉ် အယူအဆဟာ ကျမ်းစာမှာပါတဲ့ အယူအဆမဟုတ်ဘဲ ရှေးဂရိအတွေးအခေါ်ကနေ ရလာတဲ့ အယူအဆဖြစ်ပါတယ်။ “ဝိညာဉ် [နီးဖက်ရှ် ဒါမှမဟုတ် ပစီးခီး] အကြောင်း ကျမ်းစာရည်ညွှန်းဖော်ပြချက်တွေက အသက်ရှုသွင်း၊ ရှုထုတ်ခြင်းနဲ့ပတ်သက်နေတယ်။ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ဝိညာဉ်နဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ခန္ဓာကိုယ်ဆိုပြီး ခွဲခြားဖော်ပြထားတာမရှိဘူး။ ခန္ဓာနဲ့ ဝိညာဉ်က မတူဘူးဆိုတဲ့ ခရစ်ယာန်ယုံကြည်ချက်တွေဟာ ရှေးခေတ် ဂရိလူမျိုးတွေကနေ ပေါ်ထွက်လာတာဖြစ်တယ်” လို့ ဗြိတိန်နီကာ စွယ်စုံကျမ်း မှာ ဖော်ပြထားပါတယ်။

 ဘုရားသခင်ရဲ့ သွန်သင်ချက်တွေကို မသေနိုင်တဲ့ဝိညာဉ်လိုမျိုး လူ့အတွေးအခေါ်တွေနဲ့ ရောနှောပေါင်းစပ်တာကို ကိုယ်တော် ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ကျမ်းစာက ဒီလိုသတိပေးထားပါတယ်– “လောက၏ အခြေခံတရားကို လိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။”—ကောလောသဲ ၂:၈

a The New Brown, Driver၊ and Briggs Hebrew and English Lexicon of the Old Testament ရဲ့ စာမျက်နှာ ၆၅၉ နဲ့ the Lexicon in Veteris Testamenti Libros ရဲ့ စာမျက်နှာ ၆၂၇ ကိုကြည့်ပါ။