မာတိကာဆီ ကျော်သွား

ဘုရားသခင်မှာ နာမည်ဘယ်နှမျိုးရှိသလဲ

ဘုရားသခင်မှာ နာမည်ဘယ်နှမျိုးရှိသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင်မှာ ကိုယ်ပိုင်နာမည် တစ်ခုပဲရှိပါတယ်။ အဲဒါကို ဟီဘရူးလို יהוה လို့ရေးသားပြီး မြန်မာလို ယေဟောဝါ လို့ ခေါ်ဆိုလေ့ရှိတယ်။ a ကြိုဟောသူ ပရောဖက် ဟေရှာယကတစ်ဆင့် ဘုရားက “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ” လို့မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၄၂:​၈ကဘ) ဒီနာမည်ကို ရှေးကျမ်းစာလက်ရေးစာမူတွေမှာ အကြိမ်ပေါင်း ၇၀၀၀ ခန့်တွေ့ရတယ်။ ဘုရားသခင်ကို ရည်စူးပြီးခေါ်တဲ့ ဘယ်ဘွဲ့အမည်ထက်မဆို အကြိမ်ပိုများတယ်။ တခြားဘယ်သူ့နာမည်ထက်မဆိုလည်း ပိုများတယ်။ b

ယေဟောဝါကို တခြားနာမည်တွေနဲ့ ခေါ်သေးလား

 ဘုရားကို ကိုယ်ပိုင်နာမည်တစ်ခုတည်းနဲ့ပဲ ကျမ်းစာက ခေါ်ဆိုထားပေမဲ့ ကိုယ်တော့်မှာ ဘွဲ့နာမည်၊ တင်စားပြီး ခေါ်တဲ့နာမည် အမျိုးမျိုးရှိတယ်။ အောက်မှာဖော်ပြထားတဲ့ ဘွဲ့နာမည်နဲ့ တင်စားပြီးခေါ်တဲ့နာမည်တချို့ဟာ ယေဟောဝါရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုခုကို ပေါ်လွင်စေတယ်။

ဘွဲ့နာမည်

အထောက်အထား

အဓိပ္ပာယ်

အလ္လာ

(မရှိ)

“အလ္လာ” ဆိုတဲ့စကားလုံးက ကိုယ်ပိုင်နာမည်မဟုတ်ဘဲ အာရပ်ဘာသာစကားကနေ ဆင်းသက်လာတဲ့ “ဘုရား” ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ ဘွဲ့နာမည်သာ ဖြစ်တယ်။ အာရပ်စကားအပြင် တချို့ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ကျမ်းစာတွေမှာ “အလ္လာ” ကို “ဘုရား” အစား အသုံးပြုလေ့ ရှိတယ်။

အနန္တတန်ခိုးရှင်

ကမ္ဘာဦး ၁၇:၁

ပြိုင်ဘက်ကင်းတဲ့တန်ခိုး ရှိတယ်။ ဟီဘရူးလို ʼEl Shad·daiʹ၊ “အနန္တတန်းခိုးရှင် ဘုရားသခင်” ဆိုတဲ့ အသုံးအနှုန်း ကျမ်းစာထဲမှာ ခုနစ်ကြိမ်ပါတယ်။

အာလဖနဲ့ ဩမေဃ

ဗျာဒိတ် ၁:၈။ ၂၁:၆။ ၂၂:၁၃

“အစနဲ့ အဆုံး” ဒါမှမဟုတ် “အဦးဆုံးနဲ့ နောက်ဆုံး” ဆိုတဲ့အဓိပ္ပာယ်ရှိပြီး ယေဟောဝါရဲ့ ရှေ့မှာရော နောက်မှာပါ အနန္တတန်ခိုးရှိတဲ့ ဘယ်ဘုရားမှ မရှိဘူးလို့ ဆိုလိုတယ်။ (ဟေရှာယ ၄၃:၁၀) အာလဖနဲ့ ဩမေဃ ဆိုတာက ဂရိအက္ခရာမှာ အစနဲ့ အဆုံး စကားလုံးတွေဖြစ်တယ်။

အသက်အကြီးဆုံးအရှင်

ဒံယေလ ၇:​၉၊ ၁၃၊ ၂၂

အစမရှိဘူး။ ဘယ်သူ၊ ဘယ်အရာမှ မတည်ရှိခင်ကတည်းက ကိုယ်တော်တည်ရှိနှင့်ပြီး ဖြစ်တယ်။​—ဆာလံ ၉၀:၂

ဖန်ဆင်းရှင်

ဟေရှာယ ၄၀:၂၈

အရာအားလုံးကို ဖြစ်ပေါ်စေတယ်။

ဖခင်

မဿဲ ၆:၉

အသက်ပေးသူဖြစ်တယ်။

ဘုရားသခင်

ကမ္ဘာဦး ၁:၁

ကိုးကွယ်ထိုက်တဲ့အရာ၊ ခွန်အားကြီးမားသူ ဖြစ်တယ်။ ဟီဘရူးစကားလုံး ’Elo.him’ ဟာ အများကိန်းဖြစ်တဲ့အတွက် ယေဟောဝါရဲ့ မြင့်မြတ်မှု၊ ဂုဏ်ကြီးမားမှု ဒါမှမဟုတ် သာလွန်ကောင်းမြတ်မှုကို တင်စားတယ်။

ဘုရားတို့ရဲ့ ဘုရား

တရားဟောရာ ၁၀:၁၇

တချို့ကိုးကွယ်တဲ့ “အသုံးမဝင်တဲ့ ဘုရားတွေ” နဲ့ မတူဘဲ အကြီးမြတ်ဆုံးဘုရား ဖြစ်တယ်။​—ဟေရှာယ ၂:၈

မဟာသွန်သင်ရှင်

ဟေရှာယ ၃၀:​၂၀၊ ၂၁

အကျိုးပြုတဲ့ သွန်သင်ချက်နဲ့ လမ်းညွှန်ချက်တွေ ပေးတယ်။​—ဟေရှာယ ၄၈:​၁၇၊ ၁၈

မဟာဖန်ဆင်းရှင်

ဆာလံ ၁၄၉:၂

အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။​—ဗျာဒိတ် ၄:၁၁

ပျော်ရွှင်တဲ့ ဘုရား

၁ တိမောသေ ၁:၁၁

ဝမ်းမြောက်ရွှင်လန်းတဲ့ဘုရား ဖြစ်တယ်။​—ဆာလံ ၁၀၄:၃၁

ဆုတောင်းသံကို နားထောင်တဲ့အရှင်

ဆာလံ ၆၅:၂

ယုံကြည်ခြင်းနဲ့ ဆုတောင်းသူတွေရဲ့အသံကို ကိုယ်တိုင်နားထောင်တယ်။

ငါဖြစ်သည်အတိုင်းငါဖြစ်၏

ထွက်မြောက်ရာ ၃:​၁၄ယုဒသန်ကျမ်း

ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံစေဖို့ လိုအပ်တာမှန်သမျှ ဖြစ်လာနိုင်တယ်။ ဒီအသုံးအနှုန်းကို ‘ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်’ ဒါမှမဟုတ် “ငါသည် ငါဖြစ်၏” လို့လည်း ဘာသာပြန်ဆိုကြတယ်။ ဒါက နောက်အခန်းငယ်မှာပါတဲ့ ဘုရားသခင့် ကိုယ်ပိုင်နာမည် ယေဟောဝါရဲ့ အဓိပ္ပာယ်ဖြစ်တယ်။​—ထွက်မြောက်ရာ ၃:၁၅

စိတ်ထက်သန်အားကြီးတဲ့ဘုရား

ထွက်မြောက်ရာ ၃၄:​၁၄သမ္မာကျမ်းစာတော်။

ဝတ်ပြုရေးနဲ့ပတ်သက်ရင် “ပြိုင်ဖက်မထားတဲ့ဘုရား” ဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ ကိုးကွယ်ဖို့ တောင်းဆိုတဲ့ဘုရား ဖြစ်တယ်။—God’s Word Bible; ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

ထာဝရဘုရင်

ဗျာဒိတ် ၁၅:၃

ကိုယ်တော်ရဲ့အုပ်ချုပ်မှုက အစမရှိ အဆုံးမရှိပါ။

သခင်

ဆာလံ ၁၃၅:၅

ပိုင်ရှင် ဒါမှမဟုတ် အုပ်ချုပ်သူ ဖြစ်တယ်။ ဟီဘရူးစကားလုံးက ʼA·dhohnʹ နဲ့ ʼAdho·nimʹ ဖြစ်တယ်။

ကောင်းကင်ဗိုလ်ခြေအရှင်

ဟေရှာယ ၁:၉။ ရောမ ၉:​၂၉ယုဒသန်။

ကောင်းကင်တမန်တပ်မဟာကြီးရဲ့ စစ်သေနာပတိဖြစ်တယ်။ “ကောင်းကင်ဗိုလ်ခြေအရှင်” ဆိုတဲ့ ဘွဲ့အမည်ကို “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” နဲ့ “ဗိုလ်ခြေတို့အရှင်” လို့လည်း ခေါ်ဆိုနိုင်တယ်။​—ရောမ ၉:​၂၉ကမ္ဘာသစ်ဘာသာပြန်ကျမ်း။ သမ္မာကျမ်းစာတော်။

အမြင့်ဆုံးအရှင်

ဆာလံ ၄၇:၂

အမြင့်မြတ်ဆုံး ရာထူး ရှိထားတယ်။

အသန့်ရှင်းဆုံးအရှင်

သုတ္တံ ၉:၁၀

တခြားမည်သူထက်မဆို (ကျင့်ဝတ်တရား စင်ကြယ်ပြီး ဖြူစင်တဲ့) ပိုသန့်ရှင်းသူ ဖြစ်တယ်။

အိုးထိန်းသမား

ဟေရှာယ ၆၄:၈

အိုးထိန်းသမားက ရွှံ့ကို ပုံသွင်းနိုင်သလို လူတစ်ဦးချင်းစီနဲ့ လူမျိုးတွေအပေါ် အခွင့်အာဏာရှိသူဖြစ်တယ်။​—ရောမ ၉:​၂၀၊ ၂၁

ပြန်ဝယ်ယူတဲ့အရှင်၊ ရွေးနုတ်ရှင်

ဟေရှာယ ၄၁:၁၄

ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာနဲ့ လူတွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ် ဒါမှမဟုတ် ပြန်ဝယ်ယူခဲ့တယ်။​—ယောဟန် ၃:၁၆

ကျောက်ဆောင်

ဆာလံ ၁၈:​၂၊ ၄၆

လုံခြုံတဲ့ခိုလှုံရာဖြစ်ပြီး ကယ်တင်ပေးတယ်။

ကယ်တင်ရှင်

ဟေရှာယ ၄၅:၂၁

အန္တရာယ် ဒါမှမဟုတ် ပျက်စီးခြင်းဘေးကနေ ကယ်နုတ်ပေးတယ်။

သိုးထိန်း

ဆာလံ ၂၃:၁

ကိုယ်တော့်အား ကိုးကွယ်သူတွေကို ဂရုစိုက်တယ်။

အချုပ်အခြာအာဏာပိုင်ရှင်

ကမ္ဘာဦး ၁၅:၂

အမြင့်မြတ်ဆုံး အာဏာပိုင်ရှင် ဖြစ်တယ်။ ဟီဘရူးစကားလုံးʼAdho·naiʹ ဖြစ်တယ်။

အမြင့်မြတ်ဆုံးအရှင်

ဒံယေလ ၇:​၁၈၊ ၂၇

အမြင့်မြတ်ဆုံး အာဏာပိုင်ရှင် ဖြစ်တယ်။

ဟေဗြဲကျမ်းစောင်တွေမှာပါတဲ့ နေရာဒေသအမည်တွေ

 ကျမ်းစာထဲက နေရာတချို့ရဲ့ အမည်တွေမှာ ဘုရားသခင်ရဲ့ နာမည် ပါတယ်။ ဒါတွေက ဘုရားကို နောက်တစ်မျိုးခေါ်နိုင်တဲ့ နာမည်တွေ မဟုတ်ပါဘူး။

နေရာဒေသအမည်

ကိုးကားချက်

အဓိပ္ပာယ်

ယေဟောဝါယိရေ

ကမ္ဘာဦး ၂၂:​၁၃၊ ၁၄

“ယေဟောဝါ ပြင်ဆင်ပေးမယ်။”

ယေဟောဝါနိသိ

ထွက်မြောက်ရာ ၁၇:၁၅

“ယေဟောဝါဟာ ငါ့ခိုလှုံရာ” ဒါမှမဟုတ် “ယေဟောဝါဟာ ငါ့ရဲ့အောင်လံ” ဖြစ်တယ်။ ဘုရားရဲ့လူတွေ အကာအကွယ်နဲ့ အကူအညီရဖို့ ယေဟောဝါဆီ စုရုံးလာနိုင်တယ်။​—ထွက်မြောက်ရာ ၁၇:​၁၃-၁၆

ယေဟောဝါရှာလုံ

တရားသူကြီး ၆:​၂၃၊ ၂၄

“ယေဟောဝါဟာ ငြိမ်သက်ခြင်း။”

ယေဟောဝါရှမ္မ

ယေဇကျေလ ၄၈:၃၅

“ယေဟောဝါ စံမြန်းရာမြို့။”

ဘုရားနာမည်ကိုသိဖို့၊ အသုံးပြုဖို့ အကြောင်းရင်း

  •   ဘုရားသခင်က သူ့ရဲ့ကိုယ်ပိုင်နာမည်ဟာ အရေးပါတယ်လို့ ယူမှတ်တဲ့အတွက် ကျမ်းစာထဲမှာ အကြိမ်ပေါင်းထောင်ချီ ထည့်ထားတာဖြစ်တယ်။​—မာလခိ ၁:၁၁

  • ယေရှုက ဘုရားနာမည်ကို အကြိမ်ကြိမ် အလေးပေးဖော်ပြခဲ့တယ်။ ဥပမာ၊ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ယေဟောဝါဆီ သူဆုတောင်းခဲ့တယ်။​—မဿဲ ၆:၉။ ယောဟန် ၁၇:၆

  • ယေဟောဝါရဲ့မိတ်ဆွေဖြစ်ဖို့ ဘုရားနာမည်ကိုသိလာပြီး နာမည်ကို အသုံးပြုကြတယ်။ (ဆာလံ ၉:၁၀။ မာလခိ ၃:၁၆) ဒီလို ဆက်ဆံရေးကောင်းရှိကြလို့ “ငါ့ကို ချစ်မြတ်နိုးတဲ့အတွက် သူ့ကိုကယ်တင်မယ်။ ငါ့နာမည်ကို သိတဲ့အတွက် သူ့ကိုကာကွယ်မယ်” ဆိုတဲ့ကတိအတိုင်း အကျိုးခံစားရတယ်။​—ဆာလံ ၉၁:၁၄

  • “‘ဘုရားတွေ၊’ ‘သခင်တွေ’ အများကြီးရှိတယ်လို့ လူတွေပြောတဲ့အတိုင်းပဲ ကောင်းကင်မှာရော ကမ္ဘာမြေပေါ်မှာပါ ဘုရားလို့ အခေါ်ခံရသူတွေ အများကြီးရှိတယ်” လို့ သမ္မာကျမ်းစာမှာ အသိအမှတ်ပြုထားတယ်။ (၁ ကောရိန္သု ၈:​၅၊ ၆) တစ်ဆူတည်းသော ဘုရားမှန်ကိုတော့ ယေဟောဝါအမည်နဲ့ သဲသဲကွဲကွဲ ခွဲခြားဖော်ပြထားတယ်။​—ဆာလံ ၈၃:၁၈

a ဟီဘရူးပညာရှင်တချို့က ဘုရားသခင်ရဲ့နာမည်ကို “ယာဝေး” လို့ ခေါ်တာကို ပိုကြိုက်တယ်။

b ဘုရားနာမည် အတိုကောက် “ယ” ကို မူရင်းဟီဘရူးကျမ်းစောင်တွေထဲမှာ အကြိမ် ၅၀ လောက်ပါတယ်။ “ဟာလေလုယ” လို့လည်း သုံးကြတယ်။ အဓိပ္ပာယ်ကတော့ “ယကိုချီးမွမ်းကြ၊” “ယေဟောဝါကို ချီးမွမ်းကြ” ဖြစ်တယ်။​—ဗျာဒိတ် ၁၉:​၁ယုဒသန်။ သမ္မာကျမ်းစာတော်။