မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဗျာဒိတ် ၂၁:၁—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”

ဗျာဒိတ် ၂၁:၁—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”

 “အဲဒီနောက် ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော် မြင်တယ်။ အရင်ကောင်းကင်နဲ့ အရင်မြေကြီးဟာ ကွယ်ပျောက်ပြီး ပင်လယ်လည်း မရှိတော့ဘူး။”—ဗျာဒိတ် ၂၁:၁ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။”—ဗျာဒိတ် ၂၁:၁၊ ယုဒသန်ကျမ်း

ဗျာဒိတ် ၂၁:၁ ရဲ့ အဓိပ္ပာယ်

 ကျမ်းချက်ပါ ပုံဆောင်စကားတွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် လူ့အစိုးရအားလုံးကို အစားထိုးမယ့်အကြောင်း ဖော်ပြထားတာဖြစ်တယ်။ ဘုရားနိုင်ငံတော်က ဆိုးသွမ်းသူတွေကို ဖယ်ရှားပြီး ဘုရားအုပ်ချုပ်မှုကို လိုလိုလားလား လက်အောက်ခံတဲ့ လူ့ဘောင်သစ်ကို အုပ်ချုပ်ပါမယ်။

 ဗျာဒိတ်ကျမ်းကို “အမှတ်သင်္ကေတ” ဒါမှမဟုတ် ပုံဆောင်ချက်တွေနဲ့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁:၁) ဒါကြောင့် ဒီကျမ်းချက်က တကယ့် ကောင်းကင်နဲ့မြေကြီးအကြောင်း ပြောနေတာမဟုတ်ဘဲ ပုံဆောင်ချက်ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပုံဆောင် “ကောင်းကင်သစ်”နဲ့ “မြေကြီးသစ်” အကြောင်း တခြားကျမ်းပိုဒ်တွေမှာလည်း ဖော်ပြထားတယ်။ (ဟေရှာယ ၆၅:၁၇။ ၆၆:၂၂။ ၂ ပေတရု ၃:၁၃) အဲဒီကျမ်းချက်တွေနဲ့ တခြားကျမ်းချက်တွေကို ဆန်းစစ်ခြင်းက ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ထောက်ကူပေးတယ်။

 “ကောင်းကင်သစ်။” ကျမ်းစာထဲမှာ “ကောင်းကင်” ကို အုပ်ချုပ်ရေး ဒါမှမဟုတ် အစိုးရတွေအဖြစ် ရည်ညွှန်းတဲ့အခါတွေ ရှိတယ်။ (ဟေရှာယ ၁၄:၁၂-၁၄။ ဒံယေလ ၄:၂၅၊ ၂၆) ဒါကြောင့် ပရောဖက်ပြုချက်ဆိုင်ရာ စိတ်အာရုံတွေမှာ “ကောင်းကင်ဟာ အုပ်ချုပ်ရေး ဒါမှမဟုတ် အစိုးရကို ပုံဆောင်တယ်” လို့ စွယ်စုံကျမ်းတစ်အုပ်က ဆိုတယ်။ a ဗျာဒိတ် ၂၁:၁ ပါ “ကောင်းကင်သစ်” က ဘုရားနိုင်ငံတော်ကို ရည်ညွှန်းတယ်။ “ကောင်းကင်နိုင်ငံတော်” အဖြစ် သုံးနှုန်းလေ့ရှိတဲ့ ဒီကောင်းကင်အစိုးရအကြောင်းကို ဗျာဒိတ်ကျမ်းတစ်ကျမ်းလုံးနဲ့ တခြားကျမ်းစောင်တွေထဲမှာ တွေ့ရတယ်။ (မဿဲ ၄:၁၇။ တမန်တော် ၁၉:၈။ ၂ တိမောသေ ၄:၁၈။ ဗျာဒိတ် ၁:၉။ ၅:၁၀။ ၁၁:၁၅။ ၁၂:၁၀) “အရင်ကောင်းကင်” နဲ့ ခိုင်းနှိုင်းထားတဲ့၊ မစုံလင်တဲ့ လူ့အစိုးရအားလုံးနေရာမှာ ဘုရင်ယေရှုအုပ်ချုပ်တဲ့ ဘုရားနိုင်ငံတော် အစားထိုးပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ လုကာ ၁:၃၁-၃၃။ ဗျာဒိတ် ၁၉:၁၁-၁၈

 “မြေကြီးသစ်။” ပကတိမြေကြီးဟာ ဘယ်တော့မှ အစားထိုးခံရမှာ၊ ဖျက်ဆီးခံရမှာ မဟုတ်ဘူးလို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၁၀၄:၅။ ဒေသနာ ၁:၄) ဒါဆိုရင် ပုံဆောင်မြေကြီးဟာ ဘာလဲ။ ကျမ်းစာမှာ “မြေကြီး” ဆိုတဲ့ အသုံးအနှုန်းက “မြေကြီးသား” တွေကို ရည်ညွှန်းလေ့ရှိတယ်။ (ကမ္ဘာဦး ၁၁:၁။ ၁ ရာဇဝင်ချုပ် ၁၆:၃၁။ ဆာလံ ၆၆:၄။ ၉၆:၁) ဒါကြောင့် “မြေကြီးသစ်” ဆိုတာ ဘုရားသခင့်ကောင်းကင်အစိုးရကို လိုလိုလားလား လက်အောက်ခံတဲ့ လူ့ဘောင်သစ်ကို ရည်ညွှန်းတာ ဖြစ်ရမယ်။ “အရင်မြေကြီး” ဒါမှမဟုတ် ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်း ကွယ်ပျောက်သွားမယ်။

 “ပင်လယ်လည်း မရှိတော့ဘူး။” ဗျာဒိတ် ၂၁:၁ ရဲ့ကျန်အပိုင်းတွေလိုပဲ “ပင်လယ်” ဆိုတာလည်း ပုံဆောင်ချက် ဖြစ်တယ်။ လှိုင်းထန်ဖို့လွယ်ပြီး မုန်တိုင်းထန်လေ့ရှိတဲ့ ပင်လယ်ဟာ ဘုရားနဲ့စိမ်းကားပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူသားထုကြီးကို ပုံဆောင်တယ်။ (ဟေရှာယ ၁၇:၁၂၊ ၁၃။ ၅၇:၂၀။ ဗျာဒိတ် ၁၇:၁၊ ၁၅) သူတို့လည်း ပျောက်ကွယ်သွားမယ်။ ဆာလံ ၃၇:၁၀ မှာ အခုလို ဖတ်ရတယ်– “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။”

ဗျာဒိတ် ၂၁:၁ အထက်အောက်စကား

 “သခင့်နေ့တော်” အတွင်း ဖြစ်ပျက်မယ့်အရာတွေကို ဗျာဒိတ်ကျမ်းက ကြိုပြောထားတယ်။ (ဗျာဒိတ် ၁:၁၀) ကျမ်းစာပရောဖက်ပြုချက်အရ အဲဒီနေ့ဟာ ဘုရားနိုင်ငံတော် bရဲ့ ဘုရင်အဖြစ် ယေရှုစတင်အုပ်ချုပ်တဲ့ ၁၉၁၄ ခုနှစ်မှာ အစပြုတယ်။ ဒါပေမဲ့ ယေရှုက ချက်ချင်း မြေကြီးကို အပြည့်အဝ ထိန်းချုပ်မှာ မဟုတ်ဘူး။ အဲဒီအစား “သခင့်နေ့တော်” အစဖြစ်တဲ့ “နောက်ဆုံးကာလ” မှာ ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာမယ်လို့ တခြားပရောဖက်ပြုချက်တွေမှာ ဖော်ပြထားတယ်။ (၂ တိမောသေ ၃:၁-၅၊ ၁၃။ မဿဲ ၂၄:၃၊ ၇။ ဗျာဒိတ် ၆:၁-၈။ ၁၂:၁၂) အဲဒီခက်ခဲကျပ်တည်းတဲ့ကာလ ပြီးဆုံးသွားတဲ့အခါ ဘုရားနိုင်ငံတော်က ပုံဆောင် ကောင်းကင်ဟောင်းနဲ့မြေကြီးဟောင်းကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့ခေတ်သစ်ကို ဆောင်ကြဉ်းပေးပါမယ်။ အဲဒီအခါ ဘုရားနိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ နေထိုင်တဲ့သူတွေဟာ အကောင်းဆုံးဘဝနဲ့ ပြီးပြည့်စုံတဲ့ကျန်းမာရေး ရရှိကြမယ်။—ဗျာဒိတ် ၂၁:၃၊ ၄

 ဗျာဒိတ်ကျမ်း ခြုံငုံသုံးသပ်ချက် ဗီဒီယိုအတိုကို ကြည့်ပါ။

a မက်ကလင်းတော့နဲ့ စထရောင်းရဲ့ စွယ်စုံကျမ်း (၁၈၉၁)၊ အတွဲ ၄၊ စာမျက်နှာ ၁၂၂။