မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

ဒီနေ့ခေတ်မှာ စစ်ပွဲတွေအပေါ် ဘုရားသခင့်ရှုမြင်ချက်

ဒီနေ့ခေတ်မှာ စစ်ပွဲတွေအပေါ် ဘုရားသခင့်ရှုမြင်ချက်

ဒီနေ့ခေတ်လူတွေလည်း မတရားမှုမျိုးစုံ ခံနေရတယ်။ ကူမပေးဖို့ ဘုရားသခင်ဆီ သူတို့ အကြိမ်ကြိမ်ဆုတောင်းကြပြီး သက်သာရာရမယ်လို့ မျှော်လင့်နေကြတယ်။ သူတို့ အကူအညီတောင်းတာကို ဘုရားသခင် နားထောင်ပေးသလား။ ဖိနှိပ်မှုတွေရပ်စဲသွားဖို့ မတတ်သာတဲ့အဆုံး စစ်တိုက်နေသူတွေနဲ့ ပတ်သက်ပြီးတော့ကော။ သူတို့ရဲ့ကြိုးပမ်းမှုတွေကို ဘုရားသခင်က တရားသောစစ်အဖြစ်ရှုမြင်ပြီး ထောက်ခံပါသလား။

အာမဂေဒုန်စစ်ပွဲဟာ စစ်ပွဲအားလုံးရဲ့အဆုံးဖြစ်

ဦးဆုံး၊ ဒီအမှန်တရားတွေကနေ နှစ်သိမ့်မှုယူပါ– ကမ္ဘာပေါ်က ဆင်းရဲဒုက္ခမျိုးစုံကို ဘုရားသခင် မြင်တယ်၊ ပပျောက်အောင်လုပ်ပေးဖို့လည်း ကိုယ်တော်ရည်ရွယ်ထားတယ်။ (ဆာလံ ၇၂:၁၃၊ ၁၄) ‘ဆင်းရဲဒုက္ခခံရသော သင်တို့သည် သက်သာရာရကြမည်’ လို့ ဘုရားသခင့်စကားတော် ကျမ်းစာမှာ ကတိပေးထားတယ်။ ဘယ်အချိန်ကျမှလဲ။ ‘သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံမှ ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်သည် ဘုရားသခင်ကို မသိသောသူတို့နှင့် ငါတို့၏သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူသောသူတို့အား လက်စားချေတော်မူမည်” ဆိုတဲ့ အချိန်ကျမှဖြစ်ပါတယ်။ (၂ သက်သာလောနိတ် ၁:၇၊ ၈) အာမဂေဒုန်စစ်ပွဲခေါ် “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ” လို့ကျမ်းစာမှာဖော်ပြထားတဲ့ အနာဂတ်အချိန်မှာ ယေရှုခရစ် ပေါ်ထွန်းလာမှာဖြစ်တယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆

အာမဂေဒုန်စစ်ပွဲမှာ ဘုရားသခင်က လူသားတွေကိုမသုံးဘဲ ကိုယ်တော့်သားတော်ယေရှုနဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တမန်တွေကိုအသုံးပြုပြီး ဆိုးသွမ်းမှုတွေကို အပြီးအပြတ်ချေမှုန်းပစ်ပါလိမ့်မယ်။ အဲဒီကောင်းကင်စစ်တပ်က ဖိနှိပ်မှုအားလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။—ဟေရှာယ ၁၁:၄၊ ဗျာဒိတ် ၁၉:၁၁-၁၆

အခုခေတ်မှာလည်း စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ချက် မပြောင်းလဲပါဘူး။ ကိုယ်တော်က စစ်ပွဲကို ဆိုးသွမ်းမှု၊ မတရားဖိနှိပ်မှုအားလုံးကို အဆုံးတိုင်ပေးမယ့်နည်းအဖြစ် ရှုမြင်နေဆဲပါ။ ဒါပေမဲ့ ဘယ်အချိန်မှာ တိုက်ပွဲစရမလဲ၊ ဘယ်သူတွေ ပါဝင်ရမလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူဟာ ဘုရားသခင်တစ်ပါးတည်းသာဖြစ်ကြောင်း လူ့သမိုင်းတစ်လျှောက်လုံးမှာ ကိုယ်တော် သက်သေထူခဲ့ပါတယ်။ ဆိုးသွမ်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို အဆုံးတိုင်စေမယ့်စစ်ပွဲဟာ အာမဂေဒုန်စစ်ပွဲဖြစ်ပြီး အဲဒီစစ်ပွဲကိုလည်း သားတော် ယေရှုခရစ်က ဦးဆောင်တိုက်သွားဖို့ ဘုရားသခင် ဆုံးဖြတ်ထားပြီးသားဆိုတာ သိရှိခဲ့ရတယ်။ ဒါကြောင့် ဒီနေ့ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ဘယ်လောက်ပဲ တရားမျှတတဲ့စစ်ဖြစ်ပုံရနေပါစေ ဘုရားသခင် လုံးဝနှစ်သက်လက်ခံမှာ မဟုတ်ဘူးဆိုတာ သိရတယ်။

ဥပမာ၊ အဖေ ခရီးထွက်နေချိန်မှာ ညီအကိုနှစ်ယောက် ရန်ဖြစ်တယ်ဆိုပါစို့။ ရန်ဖြစ်တာ ခဏရပ်ပြီး သူတို့နှစ်ဦးစလုံး အဖေကို ဖုန်းဆက်တယ်။ သူ ရန်စလို့ ကျွန်တော် ထိုးလိုက်တာဆိုပြီး တစ်ယောက်က တိုင်ပြောတော့ နောက်တစ်ယောက်က အနိုင်ကျင့်ခံနေရလို့ ပြန်ထိုးရတာဆိုပြီး အဖေ့ကို တိုင်ပြောတယ်။ သားနှစ်ယောက်စလုံးက အဖေ ကိုယ့်ဘက်မှာပါမယ်လို့ မျှော်လင့်ကြတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ စကားကိုနားထောင်ပြီးနောက် ဆက်ရန်မဖြစ်တော့နဲ့၊ ပြန်လာတဲ့အချိန်အထိစောင့်၊ အဲဒီတော့မှ ဖြေရှင်းပေးမယ်လို့ အဖေပြောတယ်။ ခဏလောက်တော့ ညီအကိုနှစ်ယောက် အဖေကိုစောင့်ပါတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး၊ ရန်ပြန်ဖြစ်ပြန်ရော။ အဖေဖြစ်သူ အိမ်ပြန်လာတော့ သူ့ပြောစကားကို နားမထောင်ဘဲ လုပ်ချင်တာလုပ်တဲ့ သားနှစ်ယောက်စလုံးကို အပြစ်ဒဏ်ပေးလိုက်တယ်။

ဒီနေ့ခေတ်မှာ စစ်တိုက်နေတဲ့နိုင်ငံတွေက ဘုရားသခင် ကူညီပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်စစ်ပွဲတွေမှာ ဘယ်သူ့ဘက်ကိုမှ ဘုရားသခင် ကူညီမပေးဘူး။ အဲဒီအစား ကျမ်းစာမှာ အခုလို ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်– “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်၊” “ကိုယ်တိုင်လက်စားမချေကြနှင့်။” (ရောမ ၁၂:၁၇၊ ၁၉) ဘုရားသခင် အရေးယူလုပ်ဆောင်ပေးမယ့်အချိန် အာမဂေဒုန်စစ်ပွဲကို လူသားတွေ “သည်းခံ၍ စောင့်မျှော်” ဖို့ ကိုယ်တော် မိန့်ဆိုထားတယ်။ (ဆာလံ ၃၇:၇ခမ) တိုင်းနိုင်ငံတွေက ဘုရားသခင်ကို မစောင့်ဆိုင်းဘဲ စစ်တိုက်တာကို ထင်ရာစိုင်းရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့ ကိုယ်တော် ရှုမြင်တယ်။ ဒါကြောင့် အာမဂေဒုန်စစ်ပွဲမှာ ဘုရားသခင်က “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေ” ခြင်းအားဖြင့် ပဋိပက္ခအားလုံးကို အပြီးအပိုင် ဖြေရှင်းပေးပါလိမ့်မယ်။ (ဆာလံ ၄၆:၉; ဟေရှာယ ၃၄:၂) အာမဂေဒုန်စစ်ပွဲဟာ စစ်ပွဲအားလုံးရဲ့အဆုံး ဖြစ်ပါလိမ့်မယ်။

ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့် ကောင်းချီးများစွာထဲမှာ စစ်မရှိတော့တာလည်း ပါတယ်။ အဲဒီနိုင်ငံတော်အကြောင်း ယေရှုက လူသိများတဲ့ဆုတောင်းချက်မှာ အခုလိုဖော်ပြခဲ့ပါတယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) ဘုရားသခင့်နိုင်ငံတော်က စစ်ပွဲအားလုံးကိုအဆုံးတိုင်ပေးမယ့်အပြင် စစ်ဖြစ်စေတဲ့အကြောင်းရင်း၊ ဆိုးသွမ်းမှုကိုပါ အမြစ်ပါမကျန် ဖယ်ရှားပေးမှာဖြစ်တယ်။ * (ဆာလံ ၃၇:၉၊ ၁၀၊ ၁၄၊ ၁၅) ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးတွေကို ယေရှုတပည့်တွေ မျှော်လင့်မဆုံး ဖြစ်နေကြတာပါ။—၂ ပေတရု ၃:၁၃

ဒါပေမဲ့ ဆင်းရဲဒုက္ခ၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဆိုးသွမ်းမှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်က အဆုံးတိုင်စေမယ့်အချိန်ကို ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ။ ကျွန်ုပ်တို့အားလုံးဟာ ဒီလောကရဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေရကြောင်း ပြည့်စုံပြီးသား ကျမ်းစာကြိုဟောချက်တွေက ဖော်ပြနေပါတယ်။ (၂ တိမောသေ ၃:၁-၅) * မကြာခင်၊ ဘုရားသခင့်နိုင်ငံတော်က အာမဂေဒုန်စစ်ပွဲမှာ နောက်ဆုံးသောနေ့ရက်များကို အဆုံးတိုင်စေတော့မယ်။

အစောပိုင်းမှာဖော်ပြခဲ့သလို “သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူသောသူတို့” ဟာ အာမဂေဒုန်စစ်ပွဲမှာ ဖျက်ဆီးခံရလိမ့်မယ်။ (၂ သက်သာလောနိတ် ၁:၈) ဒါပေမဲ့ လူဆိုးတွေအပါအဝင် ဘယ်သူ့ကိုမှ ဘုရားသခင် မသေစေချင်ဘူးဆိုတာ အမှတ်ရပါ။ (ယေဇကျေလ ၃၃:၁၁) ဒီနောက်ဆုံးစစ်ပွဲမှာ “မည်သူမျှ ဖျက်ဆီးခြင်းမခံရ” ဖို့ “အလိုတော်ရှိ” တဲ့အတွက် ဒီလောကအဆုံးမလာခင် ယေရှုခရစ်နဲ့ဆိုင်တဲ့သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြော” ဖို့ ကိုယ်တော် စီစဉ်ညွှန်ကြားနေပါတယ်။ (၂ ပေတရု ၃:၈၊ ၉; မဿဲ ၂၄:၁၄; ၁ တိမောသေ ၂:၃၊ ၄) ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီကျမ်းစာဟောပြောခြင်းလုပ်ငန်းကြောင့် လူများစွာဟာ ယေဟောဝါဘုရားအကြောင်း သိရှိလာခွင့်၊ ယေရှုနဲ့ဆိုင်တဲ့သတင်းကောင်းကို နားထောင်လိုက်နာခွင့်အပြင် ရောက်လာတော့မယ့် စစ်မဲ့ကမ္ဘာမှာလည်း နေထိုင်ခွင့်ရပါလိမ့်မယ်။

^ စာပိုဒ်၊ 9 ဘုရားနိုင်ငံတော်က လူသားတွေရဲ့အဆိုးဆုံးရန်သူ သေခြင်းတရားကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။ ဒီလထုတ်မှာပါတဲ့ “ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” ဆောင်းပါးမှာဖော်ပြထားသလို ရာစုနှစ်တစ်လျှောက် စစ်ပွဲတွေကြောင့် သေသွားသူတွေအပါအဝင် မရေမတွက်နိုင်အောင်များတဲ့လူတွေကို ဘုရားသခင် အသက်ပြန်ရှင်စေပါလိမ့်မယ်။

^ စာပိုဒ်၊ 10 နောက်ဆုံးသောနေ့ရက်များအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၉ ကိုကြည့်ပါ။