ပျော်ရွှင်သာယာတဲ့ မိသားစု ရရှိစေတဲ့ ဉာဏ်ပညာ
အိမ်ထောင်မင်္ဂလာနဲ့ သားသမီးတွေက ဖန်ဆင်းရှင် ပေးတဲ့ ဆုလက်ဆောင် ဖြစ်တယ်။ ဘုရားက ပျော်ရွှင်သာယာတဲ့ မိသားစု ဖြစ်စေချင်တယ်။ ဒါကြောင့် ပျော်ရွှင်သာယာတဲ့ မိသားစု ဖြစ်အောင် ကူညီပေးမယ့် မြင့်မြတ်တဲ့ ကျမ်းဂန်တစ်အုပ် ဘုရား ပေးထားတယ်။ အောက်ပါ ပညာရှိ လမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ပါ။
ခင်ပွန်းတို့၊ ဇနီးကို ချစ်ပါ
“ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကို ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။”—ဧဖက် ၅:၂၈၊ ၂၉။
မိသားစုမှာ ခင်ပွန်းက အိမ်ထောင်ဦးစီး ဖြစ်တယ်။ (ဧဖက် ၅:၂၃) ဒါပေမဲ့ ခင်ပွန်းကောင်းတစ်ယောက်က ခက်ထန်တဲ့သူ၊ အာဏာရှင်ဆန်တဲ့သူ မဖြစ်ရဘူး။ ဇနီးကို တန်ဖိုးထားပြီး ကာယပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ဖြည့်ဆည်းပေးရတယ်။ ဇနီးကို စိတ်ချမ်းသာအောင် ထားတယ်။ ကိုယ့်အရေးကိုပဲ အဓိက မထားဘူး။ (ဖိလိပ္ပိ ၂:၄) ဇနီးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်တယ်။ ဇနီး ပြောတာကို နားထောင်ပေးတယ်။ ဇနီးကို “တရားလွန် ဒေါသမထွက်” ဘူး။ ရိုက်နှက်တာ၊ စိတ်ထိခိုက်အောင် ပြောဆိုတာ မလုပ်ဘူး။—ကောလောသဲ ၃:၁၉။
ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို ရိုသေလေးစားပါ
“ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”—ဧဖက် ၅:၃၃။
ခင်ပွန်းကို ရိုသေတဲ့ ဇနီးက ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာတယ်။ မိသားစု ငြိမ်သက်အေးချမ်းအောင် လုပ်ဆောင်တယ်။ ခင်ပွန်း အမှားလုပ်တယ်ဆိုရင်တောင် အထင်မသေးဘူး။ နူးညံ့သိမ်မွေ့မှု၊ လေးစားမှုကို ဆက်ပြတယ်။ (၁ ပေတရု ၃:၄) ပြဿနာတစ်ခုအကြောင်း ပြောဖို့ လိုတယ်ဆိုရင် သင့်တော်တဲ့ အချိန်ကို စောင့်ပြီး လေးလေးစားစား ပြောဆိုတယ်။—ဒေသနာ ၃:၇။
အိမ်ထောင်ဖက်ကို သစ္စာရှိပါ
“ယောက်ျားက . . . ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။”—ကမ္ဘာဦး ၂:၂၄။
အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် လက်ထပ်လိုက်တဲ့အခါ မိသားစု နှောင်ကြိုး ဖွဲ့လိုက်တာပဲ။ ဒါကြောင့် အိမ်ထောင်သည် မောင်နှံဟာ အိမ်ထောင် ဆက်ခိုင်မြဲဖို့ မေတ္တာနဲ့ ပြောဆိုသင့်တယ်။ ကြင်နာတဲ့ လုပ်ရပ်လေးတွေ ပြသင့်တယ်။ အိမ်ထောင်ရေး မဖောက်ပြန်ဘဲ အချင်းချင်း သစ္စာရှိသင့်တယ်။ အိမ်ထောင်ရေး ဖောက်ပြန်တာက ရက်စက်ရာ ကျတယ်။ အချင်းချင်း ယုံကြည်မှု မရှိတော့ဘဲ အိမ်ထောင် ပြိုကွဲစေတယ်။—ဟီဘရူး ၁၃:၄။
မိဘတို့၊ သားသမီးတွေကို သွန်သင်ဆုံးမပါ
“ကလေးကို သူ သွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူ စွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။
သားသမီးတွေကို သွန်သင်ဆုံးမဖို့ မိဘတွေကို ဘုရား တာဝန် ပေးထားတယ်။ အပြောအဆိုနဲ့ရော ပုံသက်သေနဲ့ပါ သင်ပေးရမယ်။ (တရားဟောရာ ၆:၆၊ ၇) ကလေးတစ်ယောက် စကားနားမထောင်တဲ့အခါ ပညာရှိတဲ့ မိဘက ခက်ခက်ထန်ထန် မတုံ့ပြန်ဘူး။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။” (ယာကုပ် ၁:၁၉) သားသမီးကို ဒေါသနဲ့ မဟုတ်ဘဲ မေတ္တာနဲ့ ဆုံးမတယ်။
သားသမီးတို့၊ မိဘစကား နားထောင်ပါ
“သားသမီးတို့၊ . . . မိဘကို နာခံကြပါ။ ‘မိဘကို ရိုသေပါ။’”—ဧဖက် ၆:၁၊ ၂။
သားသမီးတွေဟာ မိဘစကား နားထောင်ရမယ်၊ ရိုသေလေးစားရမယ်။ သားသမီးတွေ မိဘကို ရိုသေမယ်ဆိုရင် မိသားစု စည်းလုံး ပျော်ရွှင်လာမယ်။ အရွယ်ရောက်လာတဲ့ သားသမီးတွေလည်း မိဘကို ဂရုစိုက်စောင့်ရှောက်ခြင်းအားဖြင့် ရိုသေလေးစားရမယ်။ မိဘတွေရဲ့ အိမ်ကို ပြုပြင်ပေးတာ၊ ငွေကြေးထောက်ပံ့တာတွေ ပါတယ်။—၁ တိမောသေ ၅:၃၊ ၄။