မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တခြား​သူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်

တခြား​သူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်

အိမ်မှာ၊ အလုပ်မှာ၊ မိတ်ဆွေတွေနဲ့ သင့်သင့်မြတ်မြတ်​ ရှိဖို့ ဘာလုပ်​ရမယ်ဆိုတာ ဖန်ဆင်း​ရှင် ပြောပြ​ထား​တယ်။ လူများစွာကို အကျိုး​ဖြစ်စေ​ခဲ့​တဲ့ ဘုရား​ရဲ့ အကြံဉာဏ် တချို့​ကို သုံးသပ်ကြည့်​ပါ။

ခွင့်လွှတ်​ပါ

“အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် . . . ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ။”—ကောလောသဲ ၃:၁၃

ကျွန်တော်​တို့အားလုံး အမှား​နဲ့ မကင်း​ကြဘူး။ ကိုယ့်​ကြောင့် တခြား​သူတွေ စိတ်ထိခိုက်​နိုင်တယ်။ တခြား​သူတွေ​ကြောင့်​လည်း ကိုယ် စိတ်ထိခိုက်​နိုင်တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့အားလုံး ခွင့်လွှတ်​တတ်​ဖို့၊ ခွင့်လွှတ်​ခံရ​ဖို့ လိုတယ်။ ခွင့်လွှတ်​လိုက်ရင် ကိုယ့်ကို စိတ်​ထိခိုက်အောင် လုပ်တဲ့​သူ​အပေါ် အငြိုးအတေး မရှိတော့ဘူး။ ကျွန်တော်​တို့​ဟာ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်” ဘူး။ တခြား​သူတွေရဲ့ အပြစ်၊ အားနည်းချက်တွေကို ပြန်​အစ​မဖော်​ဘူး။ (ရောမ ၁၂:၁၇) ဒါပေမဲ့ သိပ်​စိတ်ထိခိုက်​ပြီး ဒီ​အကြောင်း​ပဲ တနုံ့နုံ့ တွေး​နေ​မိတယ်​ဆိုရင်ကော။ သက်ဆိုင်​တဲ့​သူနဲ့ နှစ်ကိုယ်ကြား လေးလေးစားစား ပြောဆို​ဖြေရှင်း​ပါ။ ရည်ရွယ်ချက်​က ပြန်​သင့်မြတ်​ဖို့ ဖြစ်တယ်။ ငြင်းခုံ​ပြီး အနိုင်​ယူဖို့ မဟုတ်ဘူး။ —ရောမ ၁၂:၁၈

နှိမ့်ချပါ၊ လေးစားပါ

“စိတ်​နှိမ့်ချ​ကြ​ပါ၊ သူတစ်ပါးကို ကိုယ့်ထက်​သာတယ်လို့ သဘောထား​ပါ။”—ဖိလိပ္ပိ ၂:၃

နှိမ့်ချ​သူ၊ လေးစား​တတ်​သူတွေနဲ့ လူတွေ ပေါင်းသင်း​ချင်​ကြတယ်။ အဲဒီလို​လူက ကြင်နာ​တတ်တယ်၊ ထောက်ထား​စာနာ​တတ်တယ်၊ တစ်ဖက်သား စိတ်​ထိခိုက်အောင် တမင်တကာ လုပ်မှာ​ မဟုတ်ဘူးဆိုတာ လူတွေ သိကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တခြားသူ​ထက် သာ​တယ်လို့ ထင်​ရင်၊ ကိုယ့်​သဘော​အတိုင်းပဲ ဇွတ်​လုပ်မယ်ဆိုရင် အချေအတင် ဖြစ်လာ​မယ်၊ အခြေအနေ တင်းမာ​လာမယ်။ ကျွန်တော်​တို့ကို လူတွေ ရှောင်​လို့ မိတ်ဆွေ တစ်ယောက်​တောင် ရှိမှာ မဟုတ်ဘူး။

မျက်နှာ မလိုက်​ပါ​နဲ့

“ဘုရားသခင် မျက်နှာမလိုက် . . . [ဘူး]။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရား​ရဲ့ နှစ်သက်​လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၄၊ ၃၅

ဖန်ဆင်း​ရှင်​က လူမျိုး၊ ဘာသာ​စကား၊ လူမှုရေး အဆင့်အတန်း၊ အသားအရောင်​ပေါ်​ မူတည်ပြီး မျက်နှာ မလိုက်ဘူး။ “လူတစ်ဦး​တည်း​ကနေ လူအမျိုးမျိုးကို ဖန်ဆင်း” ခဲ့​တာ။ (တမန်တော် ၁၇:၂၆) ဒါ​ကြောင့် လူသား​အားလုံး​ဟာ ညီအစ်ကို၊ ညီအစ်မ​တွေ​ပဲ။ လူတိုင်းကို ဂုဏ်​သိက္ခာရှိရှိ ကြင်ကြင်နာနာ ဆက်ဆံ​မယ်​ဆိုရင် တခြား​သူတွေလည်း ပျော်​မယ်၊ ကိုယ်တိုင်​လည်း ပျော်​မယ်၊ ဖန်ဆင်း​ရှင်​လည်း ပျော်​မယ်။

နူးညံ့​သိမ်မွေ့​ပါ

“နူးညံ့​သိမ်မွေ့​ခြင်း . . . ကို ဝတ်ဆင်​ကြ​ပါ။” —ကောလောသဲ ၃:၁၂

ကိုယ်​က နူးညံ့​သိမ်မွေ့​မယ်​ဆိုရင် တခြား​သူတွေ သက်သောင့်သက်သာ​ရှိမယ်။ ကျွန်တော်​တို့​နဲ့ ပြောရဲဆိုရဲ​ရှိမယ်။ တည်ငြိမ်​အေးဆေး​တဲ့​သူ​လို့ သိထားကြလို့ လိုအပ်​ရင် ကျွန်တော်​တို့ကို တည့်မတ်​ပေးဖို့​တောင် ဝန်​လေးမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်​က ကျွန်တော်​တို့ကို ဒေါသ​ထွက်​ရင် ကိုယ့်ရဲ့ နူးညံ့​သိမ်မွေ့​မှု​ကြောင့် သူ ဒေါသ ပြေသွား​နိုင်တယ်။ “ညင်ညင်သာသာ ပြန်​ပြော​တဲ့​ စကား​က ဒေါသကို ပြေစေ​တယ်။ ကြမ်းတမ်း​တဲ့ စကား​က​တော့ ဒေါသကို ဆွပေး​တယ်” လို့ ပညာအလိမ္မာ ၁၅:၁ က​ ဆိုတယ်။

ရက်ရော​ပါ၊ ကျေးဇူး​သိ​တတ်​ပါ

“ရယူခြင်း​ထက် ပေးကမ်း​ခြင်း​က ပို​ပျော်ရွှင်​စေတယ်။”—တမန်တော် ၂၀:၃၅

အခုခေတ်​လူများစွာဟာ လောဘ​ကြီး​တယ်၊ ကိုယ့်​အတွက်ပဲ စဉ်းစား​ကြတယ်။ ဒါပေမဲ့ တကယ် ပျော်ရွှင်​တဲ့​သူတွေက ရက်ရောတဲ့​သူတွေ ဖြစ်တယ်။ (လုကာ ၆:၃၈) ရက်ရော​သူတွေဟာ ပစ္စည်းဥစ္စာ​ထက် လူတွေကို ပို​ချစ်​လို့ ပျော်​ကြတယ်။ အဲဒီ​မေတ္တာ​ကြောင့်​ပဲ ကျေးဇူး​သိ​တတ်တယ်။ ကိုယ့်​အပေါ် ရက်ရော​သူကို ကျေးဇူး​တင်​ကြတယ်။ (ကောလောသဲ ၃:၁၅) ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ငါ​က ကပ်စေးနှဲ​သူ၊ ကျေးဇူး​မသိ​တတ်​တဲ့​သူကို ကြိုက်​သလား။ ဒါမှ​မဟုတ် ရက်ရောတဲ့​သူ၊ ကျေးဇူး​သိ​တတ်​သူကို ကြိုက်​သလား။’ ဒါ​ကြောင့် ကိုယ်​နှစ်သက်တဲ့ လူစားမျိုး​ဖြစ်အောင် ကြိုးစား​ပါ။—မဿဲ ၇:၁၂