မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရန်သူသေခြင်းကို ဘယ်လို အနိုင်ယူမလဲ

ရန်သူသေခြင်းကို ဘယ်လို အနိုင်ယူမလဲ

ကနဦး​မိဘ အာဒံနဲ့ ဧဝရဲ့ မနာခံမှုကြောင့် လူသား​အားလုံး အပြစ်ရှိ​ပြီး သေရ​ပေမဲ့ လူ့​မိသားစု​အတွက် ဘုရား​ရည်ရွယ်ချက်​က မပြောင်းလဲပါဘူး။ မိမိ​ရည်ရွယ်ချက် မပြောင်းလဲ​ကြောင်း နှုတ်ထွက်​စကားတော် သမ္မာကျမ်းစာမှာ အကြိမ်ကြိမ် ဖော်ပြ​ထားတယ်။

  • “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်။”ဆာလံ ၃၇:၂၉

  • “သေမင်းကို​လည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာ​အာဏာ​ပိုင်ရှင် ယေဟောဝါ​က လူ​အားလုံးရဲ့ မျက်ရည်ကို သုတ်​ပေးမယ်။”ဟေရှာယ ၂၅:၈

  • “နောက်ဆုံး​ရန်သူ​ဖြစ်တဲ့ သေခြင်းဟာ ဖျက်ဆီး​ခံရလိမ့်မယ်။”၁ ကောရိန္သု ၁၅:၂၆

  • “သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”ဗျာဒိတ် ၂၁:၄

ဘုရားသခင်က “သေမင်းကို” ဘယ်လို “ဖယ်ရှား” မလဲ။ ဘယ်လို ဖျက်ဆီး​မလဲ။ “ဖြောင့်မတ်​သူတွေဟာ . . . ထာဝစဉ် နေထိုင်​ရလိမ့်မယ်” လို့ ကျမ်းစာ အတိအလင်း ဖော်ပြ​ထားတယ်။ “ကောင်းတာတွေ အမြဲ​လုပ်ပြီး အပြစ်​မလုပ်ဖူးတဲ့ ဖြောင့်မတ်သူ​ဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့​လည်း ဆိုထားတယ်။ (ဒေသနာ ၇:၂၀) သေခြင်းကို အနိုင်ရ​ဖို့ ဘုရားသခင်က မိမိ​စံနှုန်းကို ပစ်ပယ်​လိုက်​မလား။ လုံးဝ မဖြစ်နိုင်ဘူး။ “မုသာ​မသုံးတဲ့ ဘုရားသခင်” ဖြစ်လို့ အဲဒီလို ဘယ်တော့မှ ပစ်ပယ်​မှာ မဟုတ်ဘူး။ (တိတု ၁:၂) ဒါဆိုရင် လူသားတွေကို မေတ္တာပါ​စွာ ဖန်ဆင်း​ရတဲ့ ရည်ရွယ်ချက် ပြည့်စုံ​အောင် ဘုရားသခင် ဘာလုပ်မလဲ။

ဘုရားသခင်က “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။”—ဟေရှာယ ၂၅:၈

ရွေးဖိုး ပေးပြီး သေခြင်းကို အနိုင်ယူ​ခြင်း

ယေဟောဝါ​ဘုရားက ရွေးဖိုး ပေးပြီး လူသားတွေကို သေခြင်းက ကယ်နုတ်​ဖို့ မေတ္တာပါ​စွာ စီစဉ်ခဲ့​တယ်။ ရွေးဖိုး​ရဲ့ အခြေခံ​သဘောတရား​ကတော့ ထိခိုက်​ပျက်စီးမှု​တွေ ကာမိ​စေဖို့ ဒါမှမဟုတ် တရား​မျှတမှု ရှိဖို့ ညီမျှတဲ့​တန်ဖိုး ပေးခြင်း ဖြစ်တယ်။ လူသား​အားလုံး အပြစ်သားတွေ ဖြစ်ပြီး သေဒဏ်​အောက်မှာ ရှိနေကြ​တဲ့​အတွက် “သူတို့​တစ်ယောက်မှ ကိုယ့်ညီအစ်ကို​ကို မရွေး​နိုင်ဘူး။ ညီအစ်ကို​အတွက် ရွေးဖိုး​ကို ဘုရားသခင်​ဆီ မပေး​နိုင်ဘူး။ (အသက်​အတွက် ရွေးဖိုးဟာ တန်ဖိုးကြီး​လွန်း​လို့ သူတို့ ဘယ်တော့မှ တတ်နိုင်​မှာ မဟုတ်ဘူး)” လို့ ကျမ်းစာမှာ အတိအလင်း ဆိုထားတယ်။—ဆာလံ ၄၉:၇၊ ၈

မစုံလင်တဲ့​လူသား သေတဲ့​အခါ ကိုယ့်​အပြစ်​အတွက်ပဲ ကျေ​နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် မရွေး​နိုင်သလို သူတစ်ပါး​အပြစ်​အတွက်လည်း မပေးဆပ်​နိုင်ဘူး။ (ရောမ ၆:၇) မိမိ​အပြစ်​အတွက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အပြစ်တွေ​အတွက် အသက်​ပေး​မယ့် ပြည့်ဝ​စုံလင်တဲ့၊ အပြစ်မဲ့တဲ့ လူ​ပုဂ္ဂိုလ်​တစ်ဦး လိုတယ်။—ဟီဘရူး ၁၀:၁-၄

ဘုရားသခင်က အဲဒီအတိုင်းပဲ အတိအကျ စီစဉ်​ပေးခဲ့တယ်။ သားတော်​ယေရှုကို ကောင်းကင်​ကနေ မြေကြီးပေါ် စေလွှတ်​ပြီး ပြည့်ဝ​စုံလင်တဲ့၊ အပြစ်မဲ့တဲ့​လူသား​အဖြစ် မွေးဖွား​စေခဲ့တယ်။ (၁ ပေတရု ၂:၂၂) “လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်​ပေးဖို့ ရောက်လာတာ” လို့ ယေရှု ပြောခဲ့တယ်။ (မာကု ၁၀:၄၅) ရန်သူ​သေခြင်းကို အနိုင်ယူ​ဖို့ အသေခံ​ခဲ့​တဲ့​အတွက် ကျွန်တော်တို့ အသက်ရှင်​နိုင်ပြီ။—ယောဟန် ၃:၁၆

သေခြင်းကို ဘယ်တော့ အနိုင်ယူ​မလဲ

ကျမ်းစာ​ဟောကိန်း ပြည့်စုံတဲ့​အနေနဲ့ “အလွန် ခက်ခဲ​ကျပ်တည်း” တဲ့ ဒီ​စနစ်ဆိုးရဲ့ “နောက်ဆုံး​ကာလ” မှာ ကျွန်တော်တို့ အသက်​ရှင်​နေကြတယ်။ (၂ တိမောသေ ၃:၁) နောက်ဆုံး​ကာလဟာ “ဘုရား​တရားမဲ့​သူတွေကို ဖျက်ဆီးမယ့်​နေ့၊ တရား​စီရင်မယ့်​နေ့” မှာ အဆုံးတိုင်​ပါလိမ့်မယ်။ (၂ ပေတရု ၃:၃၊ ၇) ဘုရားသခင်ကို ချစ်တဲ့​သူတွေကတော့ ဖျက်ဆီး​မခံရ​ဘဲ “ထာဝရ​အသက်” ရ​ကြပါလိမ့်မယ်။—မဿဲ ၂၅:၄၆

ယေရှုက “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ။”—မာကု ၁၀:၄၅

လူ​သန်းပေါင်း​များစွာဟာ အသက်ပြန်ရှင်​လာ​ကြ​တဲ့အခါ ထာဝရ​အသက်ရှင်မယ့် အလားအလာ ရရှိကြ​ပါ​မယ်။ နာအိနမြို့ကို ရောက်​ခဲ့​စဉ်​က လူတစ်ဦးကို အသက်ပြန်ရှင်​အောင် ယေရှု လုပ်ပေးခဲ့တယ်။ မုဆိုးမရဲ့ တစ်ဦးတည်းသော​သား သေသွား​တယ်။ ယေရှု​က “သနားစိတ် ယိုဖိတ်​လာပြီး” အသက်ပြန်ရှင်​စေခဲ့တယ်။ (လုကာ ၇:၁၁-၁၅) တမန်တော်​ပေါလုကလည်း “ဖြောင့်မတ်သူ​ရော မဖြောင့်မတ်​သူတွေပါ ရှင်ပြန်​ထမြောက်​လာမယ့်​အကြောင်း . . . ကျွန်တော်လည်း ဘုရားသခင်ကို အမှီပြု​ပြီး မျှော်လင့်​ပါတယ်” လို့ ပြောခဲ့တယ်။ ဒီ​ခိုင်မာတဲ့​မျှော်လင့်ချက်ဟာ လူတွေကို ဘုရားသခင် ချစ်ကြောင်း ထူးခြားတဲ့​သက်သေပါပဲ။—တမန်တော် ၂၄:၁၅

လူ​သန်း​ထောင်ချီ​ဟာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်​နိုင်ကြတယ်။ “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဆာလံ ၃၇:၂၉) အဲဒီ​အချိန်ကျရင် လွန်ခဲ့တဲ့​အနှစ် ၂,၀၀၀ ခန့်​က ရေးခဲ့တဲ့ တမန်တော်​ပေါလုရဲ့ အောက်ပါ​စကားအတိုင်း ဖြစ်လာတာကို ကိုယ်တွေ့ ကြုံရမှာ​မို့ အလွန်​ကျေနပ်​ပျော်ရွှင်​ကြ​ရပါမယ်။ “သေမင်း၊ မင်းရဲ့​အောင်ပွဲ ဘယ်မှာ​လဲ။ သေမင်း၊ မင်းရဲ့​အဆိပ်​ဆူး ဘယ်မှာ​လဲ။” (၁ ကောရိန္သု ၁၅:၅၅) လူသားတွေရဲ့ ရန်သူကြီး သေခြင်းကို အနိုင်​ယူပြီး ဖြစ်ပါလိမ့်မယ်။