မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပိုကောင်းမွန်တဲ့ဘဝ ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

ပိုကောင်းမွန်တဲ့ဘဝ ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

လက်ရှိ ဘဝဟာ ဘုရား ရည်ရွယ်​ထားတဲ့​အတိုင်း ဖြစ်​မနေဘူး။ ကမ္ဘာမြေဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့​သူတွေ၊ ဘုရား​လမ်းညွှန်မှု​ကနေ အကျိုး​ခံစားချင်​တဲ့​သူတွေ၊ ဘုရားရဲ့ အရည်အသွေးတွေကို တုပ​တဲ့​သူတွေနဲ့ ပြည့်နေ​ရမှာ။ မိသားစု​တွေကို ပျိုးထောင်​ရင်း၊ အသစ်​သော​အရာတွေကို ရှာဖွေ​လေ့လာ​ရင်း၊ ကမ္ဘာမြေကို ပရဒိသု ဖြစ်စေ​ရင်း ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း​လုပ်ဆောင်နေ​ကြ​ရမှာ။

ကမ္ဘာမြေကို ရည်ရွယ်​ထားတဲ့​အတိုင်း ပြောင်းလဲ​ပေးဖို့ ဘုရား ကတိပြု

  • “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်း​စေတယ်။”ဆာလံ ၄၆:၉

  • “ကမ္ဘာမြေကို ဖျက်ဆီး​တဲ့​သူတွေကို ဖျက်ဆီးဖို့ သတ်မှတ်​ထားတဲ့​အချိန် ရောက်​ပါပြီ။” ဗျာဒိတ် ၁၁:၁၈

  • “ပြည်သူ​ပြည်သားတွေက ‘နေမကောင်း​ဘူး’ လို့ မညည်း​ရတော့ဘူး။”ဟေရှာယ ၃၃:၂၄

  • “ငါ​ရွေးချယ်​ထားသူတွေဟာ ကိုယ့်​လုပ်အားရဲ့ အကျိုးကျေးဇူး​ကို အပြည့်အဝ ခံစား​ရလိမ့်မယ်။” ဟေရှာယ ၆၅:၂၂

ဒီ​ကြိုဟောချက်​တွေ ဘယ်လို ပြည့်စုံ​လာမလဲ။ ကောင်းကင်​ကနေ အုပ်ချုပ်မယ့် ပြည့်ဝ​စုံလင်တဲ့ အစိုးရ ဘုရင်အဖြစ် သားတော်​ယေရှုကို ဘုရား ခန့်အပ်​ထားပြီ။ အဲဒီ​အစိုးရကို ဘုရား​နိုင်ငံတော်​လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ဒံယေလ ၂:၄၄) ယေရှု​အကြောင်းကို ကျမ်းစာမှာ ဒီလို​ဆိုထားတယ်- “ယေဟောဝါ​ဘုရားက သူ့ကို . . . ရာဇ​ပလ္လင် အပ်နှင်း​လိမ့်မယ်။ သူက . . . ထာဝစဉ် အုပ်စိုး​လိမ့်မယ်။”—လုကာ ၁:၃၂၊ ၃၃

ယေရှု ကမ္ဘာမြေပေါ် ရှိခဲ့​စဉ်​က တန်ခိုးကြီး​လုပ်ရပ်များ​စွာ လုပ်ဆောင်ခဲ့တယ်။ ဘုရင်အဖြစ် အုပ်ချုပ်တဲ့​အခါ လူတွေရဲ့ ဘဝ ယခု​ထက် ကောင်းမွန်​လာမယ်​ဆိုတာ ပြ​တဲ့​သဘော​ပဲ။

နာခံတဲ့ လူသားတွေ​အတွက် လုပ်ဆောင်​ပေး​မယ့်​အရာတွေကို ယေရှု ဖော်ပြခဲ့

  • လူတွေရဲ့ ဝေဒနာတွေကို ဖယ်ရှား​ပေးမယ်​ဆိုတာ ဖော်ပြတဲ့​အနေနဲ့ ရောဂါ​ဝေဒနာ​အမျိုးမျိုးကို ပျောက်ကင်းစေ​ခဲ့​တယ်။မဿဲ ၉:၃၅

  • သဘာဝ​စွမ်းအား​စု​တွေကို ထိန်းချုပ်ခြင်း​အားဖြင့် လူတွေကို ကာကွယ်​ပေးမယ်​ဆိုတာ ပြတဲ့အနေနဲ့ မုန်တိုင်း​စဲ​စေခဲ့တယ်။မာကု ၄:၃၆-၃၉

  • ဘဝ​လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေးမယ်​ဆိုတာကို ပြတဲ့အနေနဲ့ လူ​ထောင်ချီ​ကို ကျွေးမွေးခဲ့တယ်။မာကု ၆:၄၁-၄၄

  • လူတွေရဲ့ ဘဝကို ပျော်ရွှင်​စေမယ်​ဆိုတာကို ပြတဲ့အနေနဲ့ မင်္ဂလာပွဲ​မှာ ရေ​ကို ဝိုင်​ဖြစ်စေခဲ့တယ်။ယောဟန် ၂:၇-၁၁

ဘုရားကို ချစ်​မြတ်နိုး​သူတွေ​အတွက် ပြင်ဆင်​ထားတဲ့ အဲဒီလို​ဘဝမျိုး ဘယ်လို ပိုင်ဆိုင်​နိုင်မလဲ။ လျှောက်လှမ်း​ရမယ့် “လမ်း” ရှိတယ်။ “အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့” အဲဒီ​လမ်းကို “ရှာတွေ့​သူတွေ နည်းတယ်” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။—မဿဲ ၇:၁၄

ပို​ကောင်းမွန်​တဲ့​ဘဝ ပိုင်ဆိုင်​စေတဲ့​လမ်းကို ရှာဖွေခြင်း

အသက်​လမ်း​ဆိုတာ ဘာလဲ။ “ငါ​ယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်​ပေးတဲ့​အရှင်၊ မင်းတို့​လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်​ပေးတဲ့ အရှင်ပဲ” လို့ ဘုရား မိန့်ဆိုတယ်။ (ဟေရှာယ ၄၈:၁၇) အဲဒီ​လမ်းပေါ်မှာ လျှောက်လှမ်းခြင်း​ဟာ အကောင်းဆုံး ဘဝ​လမ်းစဉ်​ပါ။

ယေရှု​က “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရား​လည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၄:၆) ယေရှုရဲ့ သွန်သင်ချက်​အတိုင်း ကျင့်ကြံ​မယ်၊ သူ့စံနမူနာကို လိုက်လျှောက်​မယ်​ဆိုရင် ဘုရားသခင်နဲ့ ရင်းနှီး​လာပြီး ပိုကောင်းမွန်​တဲ့​ဘဝ ပိုင်ဆိုင်​ကြပါမယ်။

အသက်​လမ်းကို ဘယ်လို ရှာတွေ့​နိုင်မလဲ။ ဘာသာတရား အများကြီး ရှိပေမဲ့ ယေရှု​က “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့​သူ​တိုင်း ကောင်းကင်​နိုင်ငံ​ကို ဝင်​ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်​အဖရဲ့ အလိုတော်ကို ဆောင်တဲ့​သူပဲ ဝင်​ရလိမ့်မယ်” လို့ သတိ​ပေးခဲ့တယ်။ (မဿဲ ၇:၂၁) “သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြား​သိ​လိမ့်မယ်” လို့​လည်း ပြောခဲ့တယ်။ (မဿဲ ၇:၁၆) စစ်မှန်တဲ့​ဝတ်ပြုရေး​နဲ့ မှားယွင်းတဲ့​ဝတ်ပြုရေးကို ခွဲခြား​သိမြင်​နိုင်အောင် ကျမ်းစာက ကူညီပေး​နိုင်ပါတယ်။—ယောဟန် ၁၇:၁၇

အသက်​လမ်းမှာ ဘယ်လို လျှောက်လှမ်း​နိုင်မလဲ။ အသက်ပေး​ရှင်​အကြောင်း သိကျွမ်းခြင်း ပါဝင်တယ်။ အသက်ပေး​ရှင်​က ဘယ်သူလဲ။ နာမည် ဘယ်လို ခေါ်​သလဲ။ ဘယ်လို ပုဂ္ဂိုလ်​မျိုး​လဲ။ ဘာတွေ လုပ်ဆောင်နေ​သလဲ။ ကျွန်တော်တို့ကို ဘာတွေ လုပ်​စေ​ချင်​သလဲ။ *

အလုပ်လုပ်ဖို့၊ စားဖို့၊ ကစား​ဖို့၊ အိမ်ထောင်​သားမွေး​ပြု​ဖို့​လောက်ပဲ လူတွေကို ယေဟောဝါ ဖန်ဆင်း​ထားတာ မဟုတ်ဘူး။ ဖန်ဆင်းရှင်​အကြောင်း သိလာပြီး မိတ်ဆွေ ဖြစ်နိုင်တယ်။ အလိုတော်ကို လုပ်ဆောင်ခြင်း​အားဖြင့် ဘုရားကို ချစ်ကြောင်း ပြ​နိုင်တယ်။ “ထာဝရ​အသက် ရနိုင်ဖို့​ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရားသခင် အဖ​ကို . . . သိကျွမ်း​ကြရမယ်” လို့ ယေရှု ပြောခဲ့တယ်။—ယောဟန် ၁၇:၃

ဘုရားသခင်က ကျွန်တော်တို့ “ကောင်းကျိုးအတွက်” ကျမ်းစာကတစ်ဆင့် သွန်သင်ပေးနေတယ်။—ဟေရှာယ ၄၈:၁၇

အသက်​လမ်းမှာ စတင်​လျှောက်လှမ်းခြင်း

တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရားရဲ့ နှစ်သက်မှု ရဖို့ အပြောင်းအလဲ​တချို့ လုပ်ရမယ်။ ခက်ခဲတယ်​လို့ ထင်​စရာ​ပဲ။ တကယ်တော့ အသက်​လမ်းမှာ စ​လျှောက်လှမ်း​တာ​နဲ့ ပို​ကောင်းမွန်​တဲ့​ဘဝ စလိုက်တာပါပဲ။ ဘုရားနဲ့​ပတ်သက်တဲ့ မေးခွန်းတွေ အဖြေ​ရဖို့ သင်​အဆင်ပြေ​တဲ့အချိန်​နဲ့ နေရာမှာ အခမဲ့ ကျမ်းစာ​လေ့လာဖို့ ယေဟောဝါသက်သေတွေ ကူညီ​ပေးချင်​ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် www.isa4310.com/my ကို​သုံးပြီး ဆက်သွယ်​နိုင်ပါတယ်။