မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ဘုရားပညတ်က ခေတ်ရှေ့ပြေး

တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ဘုရားပညတ်က ခေတ်ရှေ့ပြေး

 လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ခန့်က အစ္စရေးလူမျိုး ကတိထားရာပြည်ထဲ မဝင်ခင် အီဂျစ်ပြည်မှာ သူတို့မြင်ခဲ့ရတဲ့ “ရောဂါဆိုးတွေ” ကနေ ကာကွယ်ပေးမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ (တရားဟောရာ ၇:၁၅) ကာကွယ်ပေးတဲ့နည်း တစ်နည်းကတော့ ရောဂါ မပြန့်ပွားစေဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ အသေးစိတ် ညွှန်ကြားချက်တွေ ပေးခြင်းပါပဲ။ ဥပမာ–

  •   ပညတ်တရားထဲမှာ ရေချိုးဖို့၊ အဝတ်လျှော်ဖွပ်ဖို့ တောင်းဆိုထားတယ်။—ဝတ်ပြုရာ ၁၅:၄-၂၇

  •   လူ့အညစ်အကြေးတွေနဲ့ပတ်သက်ပြီး ဘုရား ဒီလိုမိန့်မှာတယ်– “မစင်စွန့်တဲ့နေရာကို တပ်စခန်းအပြင်ဘက်မှာ ထားရမယ်။ အဲဒီကို သွားပြီး မစင်စွန့်ရမယ်။ လက်နက်တွေနဲ့အတူ တူးရွင်းကိုလည်း ဆောင်ထားရမယ်။ တပ်စခန်းအပြင်မှာ မစင်စွန့်တဲ့အခါ အဲဒီတူးရွင်းနဲ့ တွင်းတူးရမယ်။ ပြီးရင် မစင်ကို ပြန်ဖုံးရမယ်။”—တရားဟောရာ ၂၃:၁၂၊ ၁၃

  •   ကူးစက်ရောဂါရှိသူကို အချိန်ကာလတစ်ခုအထိ သီးသန့်ထားရတယ်။ ပြန်ကျန်းမာလာပြီး အိမ်မပြန်ခင် အဝတ်အစားတွေ လျှော်ဖွပ်ရတယ်၊ ရေချိုးရတယ်၊ ပြီးမှ “သန့်ရှင်း” သူအဖြစ် သတ်မှတ်ခံရတယ်။—ဝတ်ပြုရာ ၁၄:၈၊ ၉

  •   အသေကောင်ကို ထိမိကိုင်မိသူအတွက် သီးသန့်နေရမယ့်အချိန် သတ်မှတ်ပေးထားတယ်။—ဝတ်ပြုရာ ၅:၂၊ ၃။ တောလည်ရာ ၁၉:၁၆

 အစ္စရေးလူမျိုးရဲ့ ဆေးပညာ အယူအဆ၊ မိလ္လာစနစ်တွေဟာ တစ်ခေတ်တည်းသားတွေထက် ခေတ်ရှေ့ပြေးခဲ့တယ်။

 တခြားလူမျိုးတွေရဲ့ ရှေးခေတ် တစ်ကိုယ်ရေ သန့်ရှင်းရေး စံနှုန်းတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ–

  •   အမှိုက်တွေကို လမ်းတွေမှာ ပစ်ကြတယ်။ ညစ်ညမ်းတဲ့ရေ၊ မသန့်ရှင်းတဲ့ အစားအစာနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေက ရောဂါဖြစ်ပွားနှုန်း၊ ကလေးငယ် သေဆုံးမှုနှုန်း တိုးပွားစေတယ်။

  •   ရှေးခေတ်က ဆရာဝန်တွေဟာ ရောဂါပိုးမွှားတွေအကြောင်း မသိကြဘူး။ အီဂျစ်တွေက ပုတ်သင်သွေး၊ ဝန်ပိုငှက်ချေး၊ ကြွက်သေ၊ ကျင်ငယ်ရေ၊ မှိုတက်နေတဲ့ ပေါင်မုန့် စတာတွေကို “ဆေးမြီးတို” အဖြစ် သုံးခဲ့ကြတယ်။ ဆေးကုထုံးတွေထဲမှာ တိရစ္ဆာန်မစင်၊ လူ့မစင်တွေကို အသုံးပြုခဲ့ကြတယ်။

  •   ညစ်ညမ်းနေတဲ့ နိုင်းမြစ်ရေ၊ ဆည်မြောင်းရေထဲက ကပ်ပါးပိုးအမျိုးမျိုးကြောင့် အီဂျစ်တွေ ဖျားနာခဲ့ကြတယ်။ မသန့်ရှင်းတဲ့ အစားအစာကြောင့် အီဂျစ်ကလေးငယ်များစွာ ဝမ်းပျက်ဝမ်းလျှော သေဆုံးကြရသလို ဝမ်းရောဂါတွေ ခံစားကြရတယ်။

 ဒါပေမဲ့ အစ္စရေးလူမျိုးဟာ ဘုရားသခင့်ပညတ်ကျမ်းမှာ ချမှတ်ထားတဲ့ စံနှုန်းတွေအတိုင်း နေထိုင်ကြတဲ့အတွက် တခြားလူမျိုးနဲ့ယှဉ်ရင် ကျန်းမာကြတယ်။