မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှု

ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှု

‘[အကြံဉာဏ်] နှင့် [အသိပညာ] တို့ကိုရစေခြင်းငှာ သင့်အား ရေးပေးလိုက်၏။ မေးမြန်းသောသူအား အဘယ်သို့ပြန်ပြောရမည်ကို သိစေခြင်းငှာလည်း [အမှန်တရား] ကိုငါပြသ၏။’—သုတ္တံ ၂၂:၂၀၊ ၂၁၊ သမ္မာ။

သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်စာပေတွေမှာ ဖော်ပြထားတဲ့ ယူဆချက်တွေက ခေတ်သစ် ဆေးပညာနဲ့မကိုက်ညီတဲ့အပြင် အန္တရာယ်လည်းရှိတယ်။ ကနေ့ခေတ်မှာတောင် စာရေးဆရာတွေဟာ အသစ်တွေ့ရှိတဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့အညီ ပြင်ဆင်ရေးသားရပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဖန်ဆင်းရှင်ဖြစ်ပြီး ကိုယ်တော်ရဲ့စကားတွေက “ထာဝစဉ်တည်မြဲ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ပေတရု ၁:၂၅

ဥပမာ– မောရှေပညတ်အရ ရှေးခေတ်အစ္စရေးလူတွေဟာ “တပ်ပြင်” မှာ တွင်းတူးပြီး ကျင်ကြီးကျင်ငယ်စွန့်၊ ပြီးနောက် ပြန်ဖုံးအုပ်ခဲ့ရပါတယ်။ (တရားဟောရာ ၂၃:၁၂၊ ၁၃) တိရစ္ဆာန်အသေကောင် ဒါမှမဟုတ် လူသေကောင်ကို တို့ထိမိတယ်ဆိုရင် ဆေးကြောသန့်စင်ခဲ့ရတယ်။ (ဝတ်ပြုရာ ၁၁:၂၇၊ ၂၈; တောလည်ရာ ၁၉:၁၄-၁၆) အနာကြီးရောဂါသည်တွေကို သူတို့ရဲ့အနာပျောက်ကင်းတဲ့အထိ လူတွေနဲ့ဝေးရာမှာ သီးသန့်ထားတယ်။—ဝတ်ပြုရာ ၁၃:၁-၈

ခေတ်သစ်ဆေးလောကရဲ့ ပြောပြချက်– ယင်လုံအိမ်သာ ဆောက်ခြင်း၊ လက်ဆေးခြင်း၊ လူနာကို တသီးတခြား ထားရှိခြင်းတွေဟာ ရောဂါကို နှိမ်နင်းရာမှာ ထိရောက်တဲ့နည်းတွေ ဖြစ်နေတုန်းပါပဲ။ တကယ်လို့ ယင်လုံအိမ်သာ ဒါမှမဟုတ် အညစ်အကြေး စွန့်ပစ်တဲ့စနစ်တွေ မရှိဘူးဆိုရင် အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက အခုလိုဖော်ပြပါတယ်– “ရေနဲ့ အနည်းဆုံး မီတာ ၃၀ [ပေ ၁၀၀] ဝေးတဲ့နေရာမှာ တွင်းတူးပြီး အညစ်အကြေးစွန့်ပါ၊ ပြီးတော့ ပြန်ဖုံးအုပ်လိုက်ပါ။” လူနေတဲ့ရပ်ကွက်တွေမှာ အညစ်အကြေးတွေကို သေသေချာချာ စွန့်ပစ်တဲ့အခါ ဝမ်းပျက်ဝမ်းလျှောရောဂါကို ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀၀ နီးပါးလောက်က ဆရာဝန်တွေဟာ လူသေအလောင်းတွေကို ကိုင်တွယ်ပြီးတဲ့နောက် လက်မဆေးဘဲနေတဲ့အခါ လူနာအတော်များများကို ရောဂါကူးစက်စေခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။ လက်ဆေးခြင်းက “ရောဂါကူးစက်ခြင်းကို တားဆီးရာမှာ အထိရောက်ဆုံးသောနည်း” ဖြစ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဆိုပါတယ်။ အနာကြီးရောဂါသည် ဒါမှမဟုတ် တခြားရောဂါသည်တွေကို သီးသန့်ထားရှိခြင်းကကော။ မကြာသေးခင်က အာရပ်ဂျာနယ် (Saudi Medical Journal) တစ်စောင်မှာ ဒီလိုဖော်ပြထားပါတယ်– “ရောဂါကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်တဲ့နည်းက ရောဂါစပြန့်ပွားချိန်မှာ လူနာကို တသီးတခြား ထားရှိခြင်းကပဲ အထိရောက်ဆုံးသော နည်းလမ်းဖြစ်နိုင်တယ်။”

သင် ဘယ်လိုယူဆသလဲ။ တခြားရှေးခေတ်ကျမ်းဂန်က ခေတ်သစ်ဆေးပညာနဲ့ ကိုက်ညီပါသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာက ကိုက်ညီပါသလား။

“တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်ပြီး မောရှေခေတ်က စေ့စပ်သေချာတဲ့ ကြိုတင်ကာကွယ်မှုတွေက မှတ်သားစရာကောင်းတယ်။”​—MANUAL OF TROPICAL MEDICINE, BY DRS. ALDO CASTELLANI AND ALBERT J. CHALMERS