မာတိကာဆီ ကျော်သွား

ရွှေပညတ်ဆိုတာ ဘာလဲ

ရွှေပညတ်ဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

 ကျမ်းစာထဲမှာ “ရွှေပညတ်” ဆိုတဲ့ အသုံးအနှုန်း မပါဘူး။ ဒါပေမဲ့ လူအတော်များများက ယေရှု သွန်သင်ပေးခဲ့တဲ့ ကျင့်ဝတ်တစ်ခုနဲ့ပတ်သက်ပြီး ဒီအသုံးအနှုန်းကို အသုံးပြုတယ်။ တောင်ပေါ်ဒေသနာမှာ ယေရှုက “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ” လို့ ပြောခဲ့တယ်။ (မဿဲ ၇:၁၂။ လုကာ ၆:၃၁) အဲဒါကို “ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” လို့လည်း ဆိုကြတယ်။—Encyclopedia of Philosophy.

 ရွှေပညတ်ရဲ့ အဓိပ္ပာယ်က ဘာလဲ

 ကိုယ့်ကို တခြားသူ ပြုမူဆက်ဆံစေချင်သလို ကိုယ်ကလည်း တခြားသူကို ပြုမူဆက်ဆံဖို့ ရွှေပညတ်က အားပေးတယ်။ ကိုယ့်ကို လေးလေးစားစား၊ ကြင်ကြင်နာနာ၊ မေတ္တာရှိရှိ ဆက်ဆံတာကို လူအများ ကြိုက်နှစ်သက်ကြတယ်။ ဒါဆိုရင် တခြားသူတွေကိုလည်း အဲဒီ “အတိုင်း” ပဲ ဆက်ဆံသင့်တယ်။—လုကာ ၆:၃၁

 ရွှေပညတ်က ဘာကြောင့် အကျိုးပြုသလဲ

 ရွှေပညတ်က အခြေအနေတိုင်းလိုလိုနဲ့ သက်ဆိုင်တယ်။ ဥပမာ၊

 ရွှေပညတ်ဟာ ဓမ္မဟောင်းကျမ်းလို့ ခေါ်လေ့ရှိတဲ့ ကျမ်းစောင်အများစုမှာ ပါတဲ့ အခြေခံမူနဲ့ တူတယ်။ ယေရှုရဲ့ ဒီကျင့်ဝတ်က “ပညတ်ကျမ်း [ကျမ်းစာရဲ့ ပထမငါးစောင်] နဲ့ ပရောဖက်ကျမ်း [ပရောဖက်ပြု ကျမ်းစောင်များ] ရဲ့ အနှစ်ချုပ်ပဲ။” (မဿဲ ၇:၁၂) နောက်တစ်မျိုး ပြောရရင် ရွှေပညတ်က လူလူချင်းကို ချစ်ပါ ဆိုတဲ့ ဓမ္မဟောင်းကျမ်းမှာ ပါတဲ့ အခြေခံ အမှန်တရားရဲ့ အနှစ်ချုပ် ဖြစ်တယ်။—ရောမ ၁၃:၈-၁၀

 ရွှေပညတ်က အပေးအယူကိစ္စ သက်သက်ပဲလား

 မဟုတ်ပါဘူး။ ရွှေပညတ်က ပေးကမ်းတာကို အလေးပေးတယ်။ ရွှေပညတ်အကြောင်း ယေရှု သင်ပေးတုန်းက လူလူချင်းကို ပြုမူဆက်ဆံသင့်ပုံသာမက ရန်သူကိုတောင် ဘယ်လို ပြုမူဆက်ဆံသင့်တဲ့အကြောင်း ပြောပြခဲ့တယ်။ (လုကာ ၆:၂၇-၃၁၊ ၃၅) တကယ်တော့ ရွှေပညတ်က လူတိုင်းကို ကောင်းမှုပြုဖို့ အားပေးတယ်။

 ရွှေပညတ်ကို ဘယ်လို လိုက်နာနိုင်သလဲ

  1.  ၁။ မျက်စိရှင်ပါ။ ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်ပါ။ လူတစ်ယောက် စျေးကအပြန် အထုပ်အပိုးတွေ မနိုင်မနင်း သယ်နေတာကို တွေ့တယ်၊ အိမ်နီးချင်းတစ်ယောက်ကို ဆေးရုံတင်ရထားတယ်လို့ ကြားတယ်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက် စိတ်ဓာတ်ကျနေတာကို သတိထားမိတယ် ဆိုကြပါစို့။ “သူတစ်ပါးအကျိုးကို . . . ထည့်စဉ်းစားပေး” တဲ့အခါ သူတစ်ပါး အကျိုးဆောင်ဖို့၊ ကူညီပေးဖို့ အခွင့်အရေး ရှာတွေ့ပါလိမ့်မယ်။—ဖိလိပ္ပိ ၂:၄

  2.  ၂။ ကိုယ်ချင်းစာပါ။ သူတစ်ပါး နေရာ ဝင်ကြည့်ပါ။ သူ ကြုံတွေ့နေတဲ့ အခြေအနေမျိုး ကိုယ်တိုင် ကြုံတွေ့ရရင် ဘယ်လို ခံစားရမလဲ။ (ရောမ ၁၂:၁၅) သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်ဖို့ ကြိုးစားတဲ့အခါ သူ့ကို ကူညီပေးချင်စိတ် ပေါ်လာနိုင်တယ်။

  3.  ၃။ ပြောင်းလွယ်ပြင်လွယ် ရှိပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာကို သတိရပါ။ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပေမဲ့ သူတစ်ပါးက ကြိုက်ချင်မှ ကြိုက်မယ်။ ဒါကြောင့် ကိုယ် လုပ်ပေးနိုင်တဲ့အရာတွေထဲက သူတစ်ပါး အကြိုက်ဆုံးက ဘာဖြစ်မလဲဆိုတာ စဉ်းစားပါ။—၁ ကောရိန္သု ၁၀:၂၄