မာတိကာဆီ ကျော်သွား

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ ခေါင်းခုနစ်လုံးနဲ့သားရဲက ဘာလဲ

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ ခေါင်းခုနစ်လုံးနဲ့သားရဲက ဘာလဲ

ကျမ်းစာ အဖြေ

 ဗျာဒိတ် ၁၃:၁ ပါ ခေါင်းခုနစ်လုံးနဲ့သားရဲဟာ တစ်ကမ္ဘာလုံးက လူ့နိုင်ငံရေးစနစ်ကို တင်စားတယ်။

  •   အဲဒီသားရဲမှာ အာဏာ၊ တန်ခိုးနဲ့ ပလ္လင်ရှိတာကိုကြည့်ရင် နိုင်ငံရေးကို တင်စားတယ်ဆိုတာ သိနိုင်တယ်။—ဗျာဒိတ် ၁၃:၂

  •   အဲဒီသားရဲဟာ “လူမျိုးနွယ်၊ လူစု၊ ဘာသာစကားနှင့် လူမျိုးရှိသမျှတို့အပေါ်” အုပ်စိုးနေတာကိုကြည့်ရင် နိုင်ငံတစ်နိုင်ငံတည်းရဲ့ အစိုးရကို ပြောတာမဟုတ်ဘူးဆိုတာ သိနိုင်တယ်။—ဗျာဒိတ် ၁၃:၇

  •   အဲဒီသားရဲမှာ ဒံယေလ ၇:၂–၈ မှာဖော်ပြထားတဲ့ ကြိုဟောချက်ပါ သားရဲလေးကောင်ရဲ့ ပုံသဏ္ဌာန်တွေ ပေါင်းစပ်ပါဝင်နေတယ်။ အဲဒီသားရဲက ကျားသစ်နဲ့တူတယ်။ သူ့ရဲ့ခြေတွေက ဝက်ဝံခြေနဲ့တူတယ်။ သူ့ရဲ့နှုတ်က ခြင်္သေ့နှုတ်နဲ့တူတယ်။ သူ့မှာ ချိုဆယ်ချောင်း ရှိတယ်။ ဒံယေလရဲ့ကြိုဟောချက်မှာပါတဲ့ သားရဲတွေက အင်ပါယာတွေကို အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေ ဒါမှမဟုတ် နိုင်ငံတွေကို တင်စားတယ်။ (ဒံယေလ ၇:၁၇၊ ၂၃) ဒါကြောင့် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ပါ သားရဲဟာ နိုင်ငံရေးအဖွဲ့အစည်းတွေကို တင်စားတယ်။

  •   အဲဒီသားရဲက “ပင်လယ်ထဲ” ကနေ တက်လာတယ်။ ဆိုလိုတာက လူ့အစိုးရတွေဟာ မငြိမ်မသက် ရုန်းရင်းခတ်နေတဲ့ လူသားထုကနေ ပေါ်ထွက်လာတယ်။—ဗျာဒိတ် ၁၃:၁။ ဟေရှာယ ၁၇:၁၂၊ ၁၃

  •   အဲဒီသားရဲရဲ့ နံပါတ် ဒါမှမဟုတ် နာမည်ဖြစ်တဲ့ ၆၆၆ ဟာ “လူ၏ ကိန်းဂဏန်း” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၃:၁၇၊ ၁၈) ဒီဖော်ပြချက်အရ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ သားရဲဟာ နာမ်ဝိညာဉ်လောက ဒါမှမဟုတ် နတ်ဆိုးလောကကို မဟုတ်ဘဲ လူ့လောကကို ရည်ညွှန်းနေတယ်ဆိုတာ သိနိုင်တယ်။

 တိုင်းနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သဘောထားတိုက်ဆိုင်တာတွေ သိပ်မရှိဘူး။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံမယ့်အစား မိမိတို့အာဏာတည်မြဲအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှာတော့ တူညီကြတယ်။ (ဆာလံ ၂:၂) အာမဂေဒုန်စစ်ပွဲမှာ ယေရှုခရစ် ဦးဆောင်လာတဲ့ ဘုရားသခင့်တပ်တော်ကိုတောင် သူတို့ ပူးပေါင်းတိုက်ခိုက်ကြပါလိမ့်မယ်။ အဲဒီစစ်ပွဲမှာ တိုင်းနိုင်ငံတွေ ဖျက်ဆီးခံရပါလိမ့်မယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၉:၁၉၊ ၂၀

“ချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံး”

 ကျမ်းစာမှာ တချို့နံပါတ်တွေကို တင်စားပြီး အသုံးပြုထားတယ်။ ဥပမာ၊ နံပါတ် ၇ နဲ့ ၁၀ က အပြည့်အစုံ ဒါမှမဟုတ် အားလုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ပါ သားရဲရဲ့ “ချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံး” ရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်ဖို့ ‘အဲဒီသားရဲရဲ့ ရုပ်တု’ က ထောက်ကူပေးပါတယ်။ အဲဒီရုပ်တုကို ဗျာဒိတ်ကျမ်းရဲ့ နောက်ပိုင်းအခန်းကြီးမှာ ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိပြီး နီမြန်းတဲ့သားရဲအဖြစ် ပြန်ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၃:၁၊ ၁၄၊ ၁၅။ ၁၇:၃) အဲဒီ နီမြန်းတဲ့သားရဲရဲ့ ခေါင်းခုနစ်လုံးဟာ “ဘုရင်ခုနစ်ပါး၊” နောက်တစ်နည်းပြောရရင် အစိုးရ ခုနစ်ခုဖြစ်တယ်လို့ ကျမ်းစာကဆိုတယ်။—ဗျာဒိတ် ၁၇:၉၊ ၁၀

 အဲဒီလိုပဲ၊ ဗျာဒိတ် ၁၃:၁ ပါ သားရဲရဲ့ ခေါင်းခုနစ်လုံးကလည်း သမိုင်းမှာ ဩဇာအာဏာ အလွှမ်းမိုးဆုံးဖြစ်ပြီး ဘုရားသခင့်လူမျိုးကို ဦးဆောင်ဖိနှိပ်ခဲ့တဲ့ အစိုးရခုနစ်ခုကို တင်စားဖော်ပြတာဖြစ်တယ်။ အဲဒီအစိုးရတွေကတော့ အီဂျစ်၊ အဆီးရီးယား၊ ဗာဗုလုန်၊ မီဒို–ပါးရှား၊ ဂရိ၊ ရောမနဲ့ အင်္ဂလိပ်–အမေရိကန် အစိုးရတွေ ဖြစ်တယ်။ သားရဲရဲ့ ချို ၁၀ ချောင်းက နိုင်ငံအကြီးအငယ်အားလုံးကို တင်စားတာဖြစ်နိုင်ပြီး ချိုတစ်ချောင်းစီပေါ်မှာရှိတဲ့ သရဖူက သူတို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့အတူ တစ်ပြိုင်တည်း အုပ်ချုပ်ခဲ့တယ်ဆိုတာ ဖော်ပြနေတာဖြစ်နိုင်တယ်။