မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ကောလောသဲ ၃:၂၃—“ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့”

ကောလောသဲ ၃:၂၃—“ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့”

 “ဘာပဲလုပ်လုပ် လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါ အတွက် လုပ်နေတယ်လို့ သဘောထားပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ။”—ကောလောသဲ ၃:၂၃ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

 “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ်။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။”—ကောလောသဲ ၃:၂၃၊ ယုဒသန်ကျမ်း။

ကောလောသဲ ၃:၂၃ ရဲ့အဓိပ္ပာယ်

 ခရစ်ယာန်တစ်ယောက်ဟာ အလုပ်ကြိုးစားသူ ဖြစ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်နဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားဟာ ယေဟောဝါဘုရားကို ဝတ်ပြုတာနဲ့ ဆက်နွယ်နေလို့ပါ။

 “ဘာပဲလုပ်လုပ်။” ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေဟာ ဘာပဲလုပ်လုပ် ကျမ်းစာအဆိုအတိုင်း လိုက်နာကြတယ်။ အိမ်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်တဲ့အခါ ရိုးသား၊ ကြိုးစားကြပြီး ယုံကြည်စိတ်ချရသူဖြစ်ဖို့ ကြိုးပမ်းကြတယ်။—ပညာအလိမ္မာ ၁၁:၁၃။ ရောမ ၁၂:၁၁။ ဟေဗြဲ ၁၃:၁၈

 “စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ။” “စိတ်ရောကိုယ်ပါ” ဆိုတဲ့ စကားလုံးကို “အစွမ်းခွန်အားရှိသမျှနဲ့ ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထား” ဆိုတဲ့ ဂရိအသုံးအနှုန်းကနေ ပြန်ဆိုထားတာဖြစ်တယ်။ a

 ဒါကြောင့် အဲဒီလိုမျိုး လုပ်သားဟာ အလုပ်တစ်ခုလုပ်တဲ့အခါ ကာယခွန်အားရော၊ ဉာဏ်စွမ်းရှိသမျှကိုပါ ထုတ်သုံးပြီး လုပ်ဆောင်တယ်။ ခေတ်သုံး မြန်မာသမ္မာကျမ်းမှာ အဲဒီအသုံးအနှုန်းကို “အစွမ်းရှိသမျှဖြင့်” လို့ပြန်ဆိုထားတယ်။

 “လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါ အတွက်။” ခရစ်ယာန်တွေဟာ ဘာအလုပ်ပဲလုပ်လုပ် အလေးအနက်ထား လုပ်ဆောင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားက ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလို့ပါ။ သူတို့ အဓိကစိတ်ဝင်စားတာက ဘုရားရဲ့စိတ်ကို ရွှင်လန်းစေဖို့ဖြစ်တယ်။ အလုပ်ရှင် ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်ကို မဟုတ်ဘူး။ ခရစ်ယာန်တစ်ယောက် ကြိုးစားအလုပ်လုပ်ရင်၊ အပြုသဘောထားရှိရင် လူတွေက သူ့ကိုသာမက သူကိုးကွယ်တဲ့ဘုရားကိုလည်း အကောင်းမြင်မယ်။ ဒါကြောင့် ခရစ်ယာန်တစ်ယောက်ဟာ “ဘုရားသခင်ရဲ့နာမည် . . . ကဲ့ရဲ့စရာ” မဖြစ်အောင် လုပ်ဆောင်တယ်။”—၁ တိမောသေ ၆:၁။ ကောလောသဲ ၃:၂၂

ကောလောသဲ ၃:၂၃ အထက်အောက်စကား

 ကောလောသဲကျမ်းကို တမန်တော်ပေါလုက ရှေးခေတ် ကောလောသဲမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီ ရေးသားခဲ့တာပါ။ b ရောမမြို့မှာ ပထမအကြိမ် ထောင်ကျနေချိန်ဖြစ်တဲ့ အေဒီ ၆၀-၆၁ လောက်မှာ ရေးခဲ့ပုံရတယ်။

 နောက်ခံ၊ အခြေအနေ အမျိုးမျိုးရှိတဲ့ ခရစ်ယာန်တွေ ဘုရားကို စည်းလုံးစွာဝတ်ပြုနိုင်အောင် အထောက်အကူပြုတဲ့ သွန်သင်ချက်တွေ ကောလောသဲကျမ်းမှာ ပါတယ်။ (ကောလောသဲ ၃:၁၁) မေတ္တာ၊ ကြင်နာမှုနဲ့ ကရုဏာ စတဲ့ ဘုရားရဲ့ အရည်အသွေးတွေကို တုပဖို့ အားပေးထားတယ်။ (ကောလောသဲ ၃:၁၂-၁၄) ဘုရားကို ဝတ်ပြုသူတစ်ဦးဖြစ်ကြောင်း အသက်တာ ကဏ္ဍတိုင်းမှာ တင်ပြနိုင်ပုံကိုလည်း ရှင်းပြထားတယ်။—ကောလောသဲ ၃:၁၈–၄:၁

 ကောလောသဲကျမ်းအကြောင်း ပိုသိနိုင်ဖို့ ဒီဗီဒီယို အတိုကို ကြည့်ပါ။

a Exegetical Dictionary of the New Testament, 1993, Volume 3, page 502.

b ကောလောသဲမြို့ဟာ မျက်မှောက်ခေတ် တူရကီနိုင်ငံမှာ တည်ရှိတယ်။