မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု ရနိုင်ပုံ

အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်

အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်

“လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။” (ဒေသနာ ၃:၁၃) ဘုရားသခင်က ကျွန်ုပ်တို့ကို အလုပ်မှာ ပျော်ရွှင်စေချင်တယ်ဆိုရင် ပျော်ရွှင်မှု ဘယ်လိုရနိုင်မလဲဆိုတာ ကိုယ်တော် လမ်းညွှန်ပေးမှာပဲ။ (ဟေရှာယ ၄၈:၁၇) ဒီလမ်းညွှန်ချက်တွေ ကျမ်းစာထဲမှာ ပါတယ်။ အလုပ်မှာ ကျေနပ်ပျော်ရွှင်မှုရနိုင်ဖို့ အောက်ပါလမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ပါ။

အလုပ်အပေါ် အကောင်းမြင်သဘောထားရှိပါ

ကာယအလုပ်ဖြစ်စေ၊ ဉာဏအလုပ်ဖြစ်စေ၊ ကာယ၊ ဉာဏတွဲလုပ်ရတဲ့အလုပ်ပဲဖြစ်နေပါစေ ‘ကြိုးစား၍လုပ်လေရာရာ၌ အကျိုးရှိ’ တယ်ဆိုတာ သိထားပါ။ (သုတ္တံ ၁၄:၂၃) ဘာအကျိုး ရမလဲ။ တစ်ချက်အနေနဲ့ အလုပ်ကြိုးစားတာက စားဝတ်နေရေး ဖူလုံစေတယ်။ ဘုရားသခင်က မိမိကို စိတ်ရင်းမှန်နဲ့ ဝတ်ပြုသူတွေရဲ့ လိုအပ်ရာတွေကိုပေးမယ်လို့ ကတိပေးထားတာတော့ ဟုတ်ပါတယ်။ (မဿဲ ၆:၃၁၊ ၃၂) ဒါပေမဲ့ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးကြိုးစားစား ရိုးရိုးသားသား ဝင်ငွေရှာရမှာ ဖြစ်တယ်။—၂ သက်သာလောနိတ် ၃:၁၀

လက်ရှိအလုပ်ကို ပန်းတိုင်ရောက်အောင် ပံ့ပိုးပေးတဲ့အလုပ်လို့ သဘောထားပါ။ ‘အလုပ်ဟူသမျှ ဂုဏ်ရှိစွ’ ဆိုတဲ့ဆောင်ပုဒ်ကိုလည်း ကိုင်စွဲထားသင့်ပါတယ်။ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာက ဂုဏ်ယူစရာပဲ။ အလုပ်ကြိုးစားလုပ်ရင် သူများဆီက လက်ဖြန့်တောင်းစရာမလိုတော့ဘူး” လို့ အသက် ၂၅ နှစ်အရွယ် ဂျော့ရှဝါက ပြောတယ်။

ဒါ့အပြင် အလုပ်ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစေတယ်။ အလုပ်ကြိုးစားလုပ်ရင်တော့ ပင်ပန်းမှာပဲ။ ဒါပေမဲ့ ခက်ခဲတယ်၊ ငြီးငွေ့စရာကောင်းတယ်လို့ ထင်ရတဲ့အလုပ်ကိုတောင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပြီး ပြီးအောင်လုပ်မယ်ဆိုရင် ကျေနပ်ပျော်ရွှင်မှုခံစားရမယ့်အပြင် ရေသာခိုချင်တဲ့စိတ်ကိုလည်း အနိုင်ယူလိုက်နိုင်တယ်။ (သုတ္တံ ၂၆:၁၄) ဒီလိုနဲ့ အလုပ်က ပျော်ရွှင်မှုပေးမှာ ဖြစ်တယ်။ “တစ်နေကုန် အလုပ်လုပ်လို့ ကျွန်တော် မောဟိုက်နေမယ်၊ အဲဒါကို တခြားသူတွေလည်း သိချင်မှသိမယ်။ ဒါပေမဲ့ အလုပ်ပြီးအောင် လုပ်ခဲ့ပါလားဆိုတဲ့ ခံစားချက်ကိုကြိုက်တယ်” လို့ ရှေ့ဆောင်းပါးမှာပါတဲ့ အေရွန်က ဆိုတယ်။

ကိုယ့်အလုပ်ကို ဝီရိယရှိရှိ လုပ်ပါ

“မိမိ၏အတတ်ပညာတွင် ကျွမ်းကျင်” တဲ့အမျိုးသားနဲ့ “မိမိလက်နှင့် အလိုအလျောက်လုပ်တတ်” တဲ့အမျိုးသမီးအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၂၂:၂၉ခမ; သုတ္တံ ၃၁:၁၃) သူ့အလိုလို ဘယ်သူမှ အလုပ် ကျွမ်းကျင်လာတာ မဟုတ်ဘူး။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို ဘယ်သူမှ မလုပ်ချင်ကြဘူး။ လူတွေက အလုပ်ကျွမ်းကျင်တဲ့အထိ မကြိုးစားတဲ့အတွက် အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု မရတာဖြစ်တယ်။

တကယ်တော့ အလုပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဘယ်လို လုပ်ရမလဲဆိုတာ သင်ယူမယ်ဆိုရင် ဘယ်အလုပ်မျိုးမှာမဆို ပျော်ရွှင်နိုင်ပါတယ်။ “အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ထွက်ပေါ်လာတဲ့ ရလဒ်ကိုမြင်တဲ့အခါ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဖြတ်လမ်းနည်းနဲ့ အပေါ်ယံပဲလုပ်ရင်တော့ အဲဒီခံစားချက်မျိုး ရနိုင်မှာမဟုတ်ဘူး” ဆိုပြီး ၂၄ နှစ်အရွယ် ဝီလျံက ပြောတယ်။

ကိုယ့်အလုပ်ကြောင့် တခြားသူတွေ အကျိုးရတယ်ဆိုတာ သိမြင်ပါ

ဝင်ငွေ ဘယ်လောက်ရနေသလဲ ဆိုတာကိုပဲ မစဉ်းစားပါနဲ့။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– “ဒီအလုပ်ကို ဘာကြောင့် လုပ်နေရတာလဲ။ ဒီအလုပ်မလုပ်ရင် ဒါမှမဟုတ် ဒီအလုပ်ကို ကောင်းကောင်းမလုပ်ရင် ဘာဖြစ်နိုင်မလဲ။ ငါ့အလုပ်ကြောင့် တခြားသူတွေ ဘယ်လိုအကျိုးရနိုင်မလဲ။”

နောက်ဆုံးမေးခွန်းက စဉ်းစားသင့်တဲ့ မေးခွန်းပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အလုပ်ကနေ တခြားသူတွေ အကျိုးရတာကို မြင်တဲ့အခါ ပီတိဖြစ်ရလို့ပါ။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်” တယ်လို့ ယေရှုကိုယ်တိုင် ပြောခဲ့ပါတယ်။ (တမန်တော် ၂၀:၃၅) ကိုယ်ရဲ့အလုပ်ကြိုးစားမှုကြောင့် ဖောက်သည်တွေ၊ အလုပ်ရှင်တွေက တိုက်ရိုက် အကျိုးရရှိတယ်။ ဒါ့အပြင် ကိုယ့်မိသားစုနဲ့ အကူအညီလိုနေတဲ့ တခြားသူတွေလည်း အကျိုးရရှိကြတယ်။

မိသားစုဝင်များ– အိမ်ထောင်ဦးစီးတွေက မိသားစုကို ကျွေးမွေးထောက်ပံ့ဖို့ အလုပ်ကြိုးစားတဲ့အခါ အနည်းဆုံး နည်းနှစ်နည်းနဲ့ အကျိုးပြုတယ်။ ပထမ၊ သူဟာ မိသားစုရဲ့စား၀တ်နေရေးကို ဖူလုံစေတယ်။ ဒီလိုလုပ်တာက “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူ” တွေကို ထောက်ပံ့ပေးပါဆိုတဲ့ ဘုရားပေးတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်တယ်။ (၁ တိမောသေ ၅:၈) ဒုတိယ၊ လုံ့လဝီရိယရှိတဲ့ အိမ်ထောင်ဦးစီးက အလုပ်ကြိုးစားမှုရဲ့တန်ဖိုးကို စံနမူနာကောင်းနဲ့ သင်ပေးနေတယ်။ “ကျွန်တော့်အဖေက အလုပ်စည်းကမ်းကို လိုက်နာတဲ့နေရာမှာတော့ တကယ့်စံပဲ။ အဖေ့ဘဝတစ်လျှောက်လုံးမှာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ အဓိကလုပ်ခဲ့တာတော့ လက်သမားအလုပ်ပါ။ ကိုယ့်လက်နဲ့လုပ်ပေးရတဲ့ အလုပ်တန်ဖိုးကို အဖေ့ကြောင့် ကျွန်တော် သိရှိခဲ့တယ်။ တခြားသူတွေအတွက် အသုံးဝင်တဲ့ပရိဘောဂတွေကို လုပ်တတ်လာတယ်” ဆိုပြီး ရှေ့ဆောင်းပါးမှာပါတဲ့ ရှိန်းက ပြောပြတယ်။

အကူအညီလိုအပ်နေသူများ– ခရစ်ယာန်တွေကို ပေါလုက “အလုပ်ကို ကြိုးစားလုပ်ကိုင်ပါ” လို့ အကြံပြုခဲ့တယ်။ “သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်။” (ဧဖက် ၄:၂၈) အလုပ်ကြိုးစားတဲ့အခါ ကိုယ်ကိုယ်တိုင်နဲ့ မိသားစုကိုပါ ထောက်ပံ့ပေးနိုင်တဲ့အပြင် အကူအညီလိုအပ်နေသူတွေကိုပါ ပေးကမ်းနိုင်မယ့် အနေအထားမျိုး ရှိလာပါလိမ့်မယ်။ (သုတ္တံ ၃:၂၇) ဒါကြောင့် ပေးကမ်းခြင်းကနေ ရရှိမယ့် ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင် အလုပ်ကြိုးစားရမှာဖြစ်တယ်။

တောင်းဆိုတာထက် ပိုလုပ်ပါ

ကျော်ကြားတဲ့တောင်ပေါ်တရားတော်မှာ ယေရှု ဒီလိုပြောခဲ့တယ်– “အာဏာရှိသူတစ်ဦးက သင့်ကို အနိုင်အထက်ပြု၍ ခရီးတစ်မိုင် ခေါ်သွားလျှင် ထိုသူနှင့် နှစ်မိုင်လိုက်သွားဦးလော့။” (မဿဲ ၅:၄၁) သင့်ရဲ့အလုပ်မှာ ဒီလမ်းညွှန်ချက်ကို ဘယ်လိုကျင့်သုံးနိုင်မလဲ။ တောင်းဆိုသလောက်ပဲ လုပ်မယ့်အစား တောင်းဆိုတာထက် ပိုပြီးလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံပါ။ အလုပ်ကို ကိုယ်ထင်တာထက် ပိုကောင်းအောင် ဒါမှမဟုတ် ပိုမြန်အောင်လုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပေးပါ။ အလုပ်ကို ထောင့်စေ့အောင် သေသေချာချာလုပ်ပါ။

တောင်းဆိုတာထက် ပိုလုပ်တဲ့အခါ သင့်ရဲ့အလုပ်မှာ ပိုပြီးကျေနပ်ပျော်ရွှင်လာမှာ ဖြစ်တယ်။ ဘာကြောင့်လဲ။ သူများ ခိုင်းလို့မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် လုပ်တာဖြစ်လို့ပါ။ (ဖိလေမုန် ၁၄) “လုံ့လဝီရိယရှိသူသည် တန်ခိုးအာဏာကို ရရှိလိမ့်မည်။ ပျင်းရိသူမူကား သူတစ်ပါးတို့၏ထံတွင် ကျွန်ခံရလိမ့်မည်” ဆိုတဲ့ကျမ်းစာလမ်းညွှန်ချက်ကို အမှတ်ရနေဖို့ ဖြစ်ပါတယ်။ (သုတ္တံ ၁၂:၂၄ခမ) အခုအချိန်မှာ အစေခံကျွန် ဒါမှမဟုတ် အတင်းအကျပ်စေခိုင်းခံရသူ ရှားပါတယ်။ ဒါပေမဲ့ ခိုင်းသလောက်ပဲ လုပ်တဲ့သူက တခြားသူရဲ့ခိုင်းဖတ်လို့ ခံစားမိနိုင်တယ်။ တောင်းဆိုတာထက် ပိုလုပ်တဲ့သူကတော့ စိတ်လိုကိုယ်လျောက် လုပ်ပေးတဲ့အတွက် သူများရဲ့ခိုင်းဖတ်လို့ ခံစားရမှာမဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် လုပ်ပေးတဲ့အတွက် ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်လို့ ခံစားရတယ်။

အလုပ်ကိုသူ့နေရာနဲ့သူ ထားပါ

အလုပ်ကြိုးစားလုပ်တာက ချီးမွမ်းစရာပါပဲ။ ဒါပေမဲ့ အလုပ်ထက် ကိုယ့်ရဲ့ဘဝက ပိုအရေးပါတယ်ဆိုတာ သတိရဖို့လိုတယ်။ ကျမ်းစာမှာ လုံ့လဝီရိယရှိဖို့ အားပေးထားပါတယ်။ (သုတ္တံ ၁၃:၄) ဒါက တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ အလုပ်သရဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ ပြည့်သောဥစ္စာထက် သာ၍ကောင်း၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၄:၆) ဒီကနေ ဘာသင်ယူနိုင်သလဲ။ အလုပ်သရဲတစ်ယောက်ဟာ သူ့ရဲ့အချိန်တွေ၊ အင်အားတွေရှိသမျှကို အလုပ်မှာပဲ စုံးစုံးနှစ်မြှုပ်ထားပြီဆိုရင် အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှု ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အလုပ်က “လေကိုကျက်စား” သလို သဲထဲရေသွန်အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။

အလုပ်အပေါ် မျှတတဲ့သဘောထားရှိဖို့ ကျမ်းစာက ထောက်ကူပေးပါတယ်။ ကျမ်းစာက အလုပ်ကို ဝီရိယရှိရှိလုပ်ဆောင်ဖို့ တိုက်တွန်းထားပေမဲ့ “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ပါလို့လည်း အကြံပေးထားပါတယ်။ (ဖိလိပ္ပိ ၁:၁၀) သာ၍အရေးကြီးသောအရာတွေဆိုတာ ဘာလဲ။ အဲဒီအထဲမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပေးပေါင်းသင်းတာတွေ ပါဝင်တယ်။ ဒီထက်ပိုအရေးကြီးတဲ့အရာက ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တာလိုမျိုး ဝတ်ပြုရေးနဲ့ဆိုင်တဲ့အလုပ်တွေကို လုပ်ဆောင်တာဖြစ်ပါတယ်။

ဟန်ချက်ညီညီနဲ့ အသက်ရှင်တဲ့သူတွေဟာ အလုပ်မှာ ပိုပြီးပျော်ရွှင်နိုင်ပါတယ်။ “ကျွန်တော့်ရဲ့ အရင်အလုပ်ရှင်က အလုပ်စည်းကမ်းအတိုင်း ဟန်ချက်ညီညီ လုပ်ဆောင်တဲ့နေရာမှာ တကယ့်ကို စံထားလောက်တယ်။ သူဟာ အလုပ်လည်း ကြိုးစားတယ်၊ လုပ်ရည်ကိုင်ရည်လည်းရှိလို့ အလုပ်လာအပ်တဲ့သူတွေနဲ့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တစ်နေ့တာ အလုပ်ပြီးသွားရင်တော့ သူ့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုနဲ့ ဝတ်ပြုရေးကို အချိန်ပေးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ကျွန်တော် သိတဲ့လူတွေထဲမှာ သူဟာ အပျော်ဆုံးလူပါပဲ” လို့ ဝီလျံက ပြောတယ်။