မာတိကာဆီ ကျော်သွား

အကျဉ်းထောင်ကနေ လွတ်လာတဲ့ ညီအစ်ကို အိုလက် ဒန်နီလော့ဗ်ကို ဇနီးနာတလီယာ ကြိုဆိုနေ

၂၀၂၄ ခုနှစ်၊ မတ် ၅ ရက်
ရုရှား

ညီအစ်ကို အိုလက် ဒန်နီလော့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

ညီအစ်ကို အိုလက် ဒန်နီလော့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

၂၀၂၄ ခုနှစ်၊ မတ် ၁ ရက်မှာ ညီအစ်ကို အိုလက် ဒန်နီလော့ဗ် ထောင်ဒဏ် သုံးနှစ်ကျပြီးနောက် လွတ်မြောက်လာတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရရင် အခုလိုလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ စီရင်ချက် မချခင်မှာ အိုလက် ပြောခဲ့ဖူးတယ်– “ဖိလိပ္ပိ ၄:၄ မှာ ပေါလု ရေးထားတဲ့စကားတွေကို ကျွန်တော် တွေးတောဆင်ခြင်တယ်။ ‘ဘုရားသခင်ကြောင့် အမြဲ ဝမ်းမြောက်ကြပါ။ ကျွန်တော် ထပ်ပြောမယ်၊ ဝမ်းမြောက်ကြပါ’ တဲ့။ တကယ်တော့ ပေါလုက အဲဒီစကားတွေကို ထောင်ကျနေတုန်း ရေးခဲ့တာ။ ယေဟောဝါနဲ့ သူ့ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲဆိုရင် ထောင်ကျနေတာတောင် ပျော်ရွှင်နေတုန်းပဲ။ ကျွန်တော်လည်း သူ့လိုဖြစ်ချင်တယ်။ အခက်အခဲတွေကြောင့် ပျော်ရွှင်မှုပျောက်ဆုံးသွားတာမျိုး မဖြစ်ချင်ဘူး။”

အိုလက် ထောင်ကျပြီး မိသားစုနဲ့ တကွဲတပြား ဖြစ်သွားတဲ့အခါ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာမှုရှိမရှိ စမ်းသပ်ခံရတယ်။ သားအကြီးဆုံးရဲ့ မင်္ဂလာပွဲကိုလည်း မတက်နိုင်လို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဆက်ခံရပ်နိုင်အောင် အိုလက်ကို ဘာကူညီပေးသလဲဆိုတာ ဇနီးဖြစ်သူ နာတလီယာ ဒန်နီလော့ဗ် အခုလိုပြောပြတယ်– “ဆုံးရှုံးခဲ့တာတွေကို ဆက်စဉ်းစားနေရင် သူ့စိတ်ပိုင်းဖြတ်ချက် အားနည်းလာမယ်၊ ပျော်ရွှင်မှု ပျောက်သွားမယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ရရှိပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ စဉ်းစားတယ်။ သူ့မှာ ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်၊ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီ ရထားတယ်၊ သူ့ကိုချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေရင်းချာတွေနဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို ပိုင်ဆိုင်ထားတယ်။ ပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ အာရုံစိုက်လိုက်တဲ့အခါ သူ့ကိုယ်သူ သိပ်ချမ်းသာတဲ့လူတစ်ယောက်လို့တောင် ခံစားသွားရတာ။”

ချွေးမ၊ သားနှစ်ယောက်နဲ့အတူတွေ့ရတဲ့ အိုလက်နဲ့ နာတလီယာ

အိုလက်ရဲ့ပုံသက်သေကြောင့် သားတွေလည်း အကျိုးရခဲ့တယ်။ နာတလီယာ အခုလို ပြောပြတယ်– “ဖခင်ဖြစ်သူ ကြုံရတဲ့အရာတွေ၊ မိသားစုကို ယေဟောဝါ ကူညီပေးပုံတွေကို သူတို့ မြင်ခဲ့ရတယ်။ ဒါကြောင့် ယေဟောဝါကို သားတွေ ပိုယုံကြည်ကိုးစားလာပြီး ညီအစ်ကိုအသင်းအပင်းကိုလည်း ပိုချစ်မြတ်နိုးလာတယ်။ သူတို့ရဲ့အသက်တာမှာ ယေဟောဝါကို ဦးစားထားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် အရင်ကထက် ပိုခိုင်မာလာပြီ။”

မိသားစုနဲ့ အိုလက် ပြန်ဆုံစည်းနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ယုံကြည်ခြင်းကြောင့် ဒုက္ခရောက်ရင်တောင် ဆက်ပျော်ရွှင်နိုင်တယ်၊ ယေဟောဝါရဲ့ စွမ်းအားတော် ကူညီပေးမယ်ဆိုတာ အိုလက်ရဲ့ ပုံသက်သေက အမှတ်ရစေတယ်။—၁ ပေတရု ၄:၁၄