မာတိကာဆီ ကျော်သွား

ဇွန် ၁၂၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကမ္ဘာ့ကပ်ရောဂါဖြစ်ချိန် ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံက ညီအစ်ကို/မတွေ အစားအစာထောက်ပံ့မှု ရရှိ

ကမ္ဘာ့ကပ်ရောဂါဖြစ်ချိန် ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံက ညီအစ်ကို/မတွေ အစားအစာထောက်ပံ့မှု ရရှိ

ရဝမ်ဒါနဲ့ ဇင်ဘာဘွေ ဌာနခွဲရုံးက ဒေသခံအသင်းတော် အကြီးအကဲတွေနဲ့ ပူးပေါင်းပြီး ကိုရိုနာကပ်ရောဂါကြောင့် ငွေကြေးမပြေလည်တဲ့ ညီအစ်ကို/မတွေကို ကူညီပေးနေကြတယ်။

ရဝမ်ဒါနိုင်ငံ

ကပ်ရောဂါကြောင့် ငွေကြေးမပြေလည်တဲ့ ညီအစ်ကို/မတွေကို ကူညီပေးဖို့ ရဝမ်ဒါ ဌာနခွဲကော်မတီက အသင်းတော် အကြီးအကဲတွေကို ၂၀၂၀၊ ဧပြီ ၂ ရက်နေ့မှာ ညွှန်ကြားစာ ပို့လိုက်တယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းက အကြီးအကဲတွေဟာ ညီအစ်ကို/မတွေကို အစားအစာနဲ့ အခြေခံ လိုအပ်ရာတွေ ထောက်ပံ့ပေးကြတယ်။

ဧပြီလလယ်မှာ ရဝမ်ဒါဌာနခွဲက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၃၁ ဖွဲ့ ဖွဲ့ပေးခဲ့တယ်။ သူတို့က ငွေကြေးမပြေလည်တဲ့ မိသားစုတွေကို ပြောင်းဖူး၊ ဆန်၊ ပဲ၊ ဆား၊ သကြားနဲ့ ဆီတွေ ထောက်ပံ့ပေးခဲ့ကြတယ်။ မိသားစု ၇,၀၀၀ ကျော်ကို အရေးပေါ် ထောက်ပံ့မှုတွေ ပေးပြီးပါပြီ။

ညီအစ်မ နီဇီယာမာနာ ရှာလက်နဲ့ သားသမီးသုံးယောက်က ထောက်ပံ့မှုတွေ ရရှိပြီးနောက်မှာ အခုလိုပြောတယ်- “ကိုရိုနာကပ်ရောဂါကြောင့် ခက်ခဲနေတဲ့အချိန်မှာ ကျွန်မတို့ လိုအပ်တဲ့ အစားအစာကို ထောက်ပံ့ပေးတာ၊ ကျမ်းစာနဲ့ နှစ်သိမ့်ပေးတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်တဲ့အထိ ကျေးဇူးတင်ပါတယ်။”

မိသားစုအတွက် အစားအစာတွေ ပို့ပေးမယ်လို့ သိလိုက်ရတဲ့နေ့ရဲ့ အဖြစ်အပျက်ကို ညီအစ်ကိုတစ်ယောက် ဒီလိုပြောပြတယ်- “အဲဒီနေ့မှာ ကျွန်တော့်ဇနီး အစာမစားရလို့ အားပြတ်နေတယ်။ မထင်မှတ်ဘဲ ညီအစ်ကိုတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ကျွန်တော့်မိသားစုအတွက် အစားအစာတွေ ပို့ပေးမယ်တဲ့။ ဘယ်လို အံ့ဩသွားမှန်းကို မသိတော့ဘူး။ တစ်ညလုံး ယေဟောဝါကို ဆုတောင်းပြီး ကျေးဇူးတင်ခဲ့တယ်။”

ဇင်ဘာဘွေနိုင်ငံ

နဂိုကတည်းက တိုင်းပြည်မှာ အစာရေစာ ရှားပါးနေတာ။ ကိုဗစ်-၁၉ ဖြစ်တော့ ပိုငတ်ပြတ်လာတယ်။

ဇင်ဘာဘွေဌာနခွဲရုံးက ညီအစ်ကို/မတွေကို ကူညီပေးဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၅ ဖွဲ့ ဖွဲ့ပေးခဲ့တယ်။ ဒါ့အပြင် ငွေကြေးအဆင်မပြေတဲ့ ညီအစ်ကို/မတွေအတွက် အစားအစာနဲ့ တခြားလိုအပ်ရာတွေ လှူဒါန်းနိုင်မယ့်နည်းကိုလည်း စီစဉ်ပေးခဲ့တယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေက လှူဒါန်းထားတဲ့ပစ္စည်းတွေကို ဖြန့်ဝေပေးခဲ့တယ်။

သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေက ညီအစ်ကို/မ ၇,၃၁၉ ယောက်ကို ပြောင်းဖူး ၆၂,၆၆၉ ကီလိုဂရမ်၊ ဆီ ၆,၂၆၉ လီတာ၊ ငါးခြောက် ၃,၃၃၇ ကီလိုဂရမ်၊ ပဲ ၅,၁၃၉ ကီလိုဂရမ် ဝေပေးခဲ့တယ်။

အစည်းအဝေးမှန်မှန် တက်နေတဲ့ ကျမ်းစာသင်အံမှု ဇနီးမောင်နှံမှာ စားစရာ မရှိတော့ဘူး။ ကျမ်းစာသင်ပေးနေတဲ့ ညီအစ်ကိုက သူတို့အတွက် စားစရာတွေ ပို့ပေးလိုက်တဲ့အခါ သူတို့ အံ့ဩပြီး ပျော်ရွှင်ခဲ့ကြတယ်။ မနေ့ကပဲ ဘာသာရေးခေါင်းဆောင်က သူတို့ကို ဆက်သွယ်ပြီး အလှူငွေ တောင်းတယ်။ ယေဟောဝါသက်သေတွေနဲ့ လုံးဝ မတူတာကို သိသွားပြီးနောက်မှာ ချာ့ချ်ကနေ တရားဝင် နုတ်ထွက်ဖို့ ဒီဇနီးမောင်နှံ ဆုံးဖြတ်လိုက်တယ်။

ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံက ညီအစ်ကို/မတွေကို ကူညီထောက်ပံ့ပေးတာကို ယေဟောဝါ ကောင်းချီးပေးနေတယ်ဆိုတာ သေချာပါတယ်။—တမန်တော် ၁၁:၂၉