မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ

ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ

 ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းကို အဓိကအားဖြင့် ယေဟောဝါသက်သေတွေ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လည်ပတ်နေပါတယ်။ a ဝတ်ပြုစည်းဝေးတဲ့နေရာတွေမှာ အလှူငွေသေတ္တာတွေ ထားရှိပါတယ်။ အလှူငွေထည့်ဝင်နိုင်တဲ့ တခြားနည်းလမ်းတွေကို အလှူငွေစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာချီလုပ်ငန်းအတွက် ထည့်မလား၊ ဒေသခံကုန်ကျစရိတ်အတွက် ထည့်မလား ဒါမှမဟုတ် နှစ်ခုစလုံးအတွက် ထည့်မလားဆိုတာ ရွေးချယ်နိုင်တယ်။

 ဆယ်ဖို့တစ်ဖို့ပေးဖို့၊ သတ်သတ်မှတ်မှတ် ပမာဏပေးဖို့၊ ဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ပေးဖို့ဆိုပြီး ယေဟောဝါသက်သေတွေဆီကနေ မတောင်းဆိုပါဘူး။ (၂ ကောရိန္သု ၉:၇) ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေမှာ အလှူငွေ ကောက်ခံခြင်းမရှိသလို ကျွန်တော်တို့ရဲ့ ဓမ္မအမှုဆောင်တွေဟာ နှစ်ခြင်း၊ ဈာပန၊ လက်ထပ်ထိမ်းမြားပွဲနဲ့ တခြား ဘာသာရေးအစီအစဉ်တွေ လုပ်ဆောင်ပေးတဲ့အခါ အခကြေးငွေ မတောင်းခံကြဘူး။ မုန့်ရောင်းပွဲ၊ ရန်ပုံငွေ ဈေးပွဲတော်၊ အားကစားပြိုင်ပွဲ၊ ကာနီဗယ်ပွဲတော်၊ ညစာစားပွဲ၊ ကံစမ်းမဲဖောက်ခြင်း စတဲ့ ရန်ပုံငွေပွဲတွေ ကျင်းပပြီး အလှူငွေရှာတာမျိုး မလုပ်သလို အလှူငွေတောင်းခံခြင်းလည်း မလုပ်ကြဘူး။ အလှူငွေ ထည့်သူတွေရဲ့ အချက်အလက်ကို ကြေညာပေးခြင်း၊ လူအများသိအောင် ထုတ်ဖော်ပေးခြင်းလည်း မလုပ်ဘူး။ (မဿဲ ၆:၂-၄) ရန်ပုံငွေရဖို့အတွက် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ စာပေတွေမှာ ကြော်ငြာထည့်ခြင်းမျိုးလည်း မလုပ်ဘူး။

 ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တိုင်းမှာ လစဉ် ငွေစာရင်းမှတ်တမ်းကို အစည်းအဝေးတွေမှာ အများသိအောင် ကြေညာပေးပါတယ်။ လှူဒါန်းထားတဲ့ အလှူငွေတွေကို တော်လျော်စွာ အသုံးပြုကြောင်း သေချာစေဖို့ အသင်းတော် ငွေစာရင်းမှတ်တမ်းတွေကို ပုံမှန် စာရင်းစစ်ပါတယ်။—၂ ကောရိန္သု ၈:၂၀၊ ၂၁

လှူဒါန်းနိုင်တဲ့ နည်းလမ်းများ

  •   အလှူငွေ သေတ္တာများ– ဝတ်ပြုရာခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေနဲ့ ကျွန်တော်တို့ အစည်းအဝေးတွေ ကျင်းပတဲ့ တခြားနေရာတွေမှာထားတဲ့ အလှူငွေသေတ္တာထဲကို ငွေသား ဒါမှမဟုတ် ချက်လက်မှတ်တွေ ထည့်နိုင်ပါတယ်။

  •   အွန်လိုင်းမှ အလှူငွေထည့်ခြင်း– နိုင်ငံများစွာမှာ “ယေဟောဝါသက်သေများထံ လှူဒါန်းပါ” စာမျက်နှာကို အသုံးပြုပြီး ခရက်ဒစ်ကတ်၊ ဒီဘစ်ကတ်၊ ဘဏ်ငွေလွှဲခြင်းအပြင် တခြားအီလက်ထရောနစ် နည်းစနစ်တွေနဲ့ အလှူငွေထည့်ဝင်နိုင်ကြတယ်။ b ယေဟောဝါသက်သေတချို့က အဲဒီနည်းတွေထဲက တစ်နည်းနည်းကို အသုံးပြုပြီး ပုံမှန်အလှူငွေ ထည့်နိုင်ဖို့အတွက် လစဉ် “သီးသန့်ဖယ်ထား” ဖို့ ဆုံးဖြတ်ကြတယ်။—၁ ကောရိန္သု ၁၆:၂

  •   ကြိုတင်စီစဉ်ပြီး ပေးလှူခြင်း– လှူဒါန်းနိုင်တဲ့ နည်းလမ်းတချို့ဟာ ကြိုတင်စီစဉ်ဖို့ နဲ့/ဒါမှမဟုတ် ဥပဒေ အကြံပြုချက်တွေ လိုအပ်ပါတယ်။ အဲဒီလို စီစဉ်ထားမယ်ဆိုရင် သင့်နိုင်ငံရဲ့ အခွန်နဲ့ပတ်သက်တဲ့ အကျိုးအမြတ်တွေ ရရှိနိုင်ကြတယ်။ များစွာသောသူတွေဟာ သူတို့ အသက်ရှင်နေချိန်အတွင်း ပြုလုပ်နိုင်တဲ့ ဒါမှမဟုတ် သေပြီးနောက်ပိုင်း အကျိုးသက်ရောက်မယ့် လှူဒါန်းခြင်းအကြောင်း ပိုသိလာတဲ့အတွက် အကျိုးရရှိခဲ့ကြတယ်။ အောက်ပါပုံစံတွေနဲ့ လှူဒါန်းချင်တယ်ဆိုရင် ထပ်ဆင့် အသေးစိတ်အချက်အလက်တွေအတွက် ဒေသခံ ဌာနခွဲရုံးကို ဆက်သွယ်ပါ။

    •   ဘဏ်စာရင်းများ

    •   အာမခံနဲ့ ပင်စင်ခံစားခွင့်များ

    •   အိမ်ရာ အဆောက်အအုံများ

    •   အစုရှယ်ယာလက်မှတ်နဲ့ ငွေချေးစာချုပ်များ

    •   သေတမ်းစာနဲ့ လွှဲအပ်စာချုပ်များ

 သင့်ဒေသမှာ လှူဒါန်းနိုင်တဲ့ နည်းလမ်းတွေအကြောင်း ထပ်သိချင်ရင် “ယေဟောဝါသက်သေများထံ လှူဒါန်းပါ” စာမျက်နှာမှာ ကြည့်ပါ။

a ယေဟောဝါသက်သေ မဟုတ်သူတချို့လည်း ကျွန်တော်တို့ရဲ့လုပ်ငန်းကို ထောက်မဖို့ အလှူငွေ ထည့်ဝင်ကြပါတယ်။

b ထပ်ဆင့်အချက်အလက်အတွက် အင်တာနက်ကတစ်ဆင့် အလှူငွေထည့်နိုင်ပုံ ဗီဒီယိုကိုကြည့်ပါ။