မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကိုယ့်ဘဝမှာ ဘုရားရှိဖို့ လိုအပ်သလား

ဘဝမှာ ဘုရားကို လိုအပ်ရတဲ့ အကြောင်းရင်း

ဘဝမှာ ဘုရားကို လိုအပ်ရတဲ့ အကြောင်းရင်း

စစ်မှန်တဲ့ပျော်ရွှင်မှုကို ရချင်တယ်ဆိုရင် နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်နဲ့ မလုံလောက်ဘူး၊ တစ်ခုခုကို ဖြည့်ဆည်းပေးဖို့လိုတယ်လို့ စိတ်ကျန်းမာရေးပါရဂူတွေက ပြောကြတယ်။ လူတွေက ဘာသာရေးကိစ္စတွေလိုမျိုး ပိုအရေးကြီးတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ ကြိုးစားတာကိုကြည့်ရင် အဲဒီအချက်ကို သိနိုင်ပါတယ်။

ဘုရားသခင်က လူသားတွေကို အခုအချိန်ရော အနာဂတ်မှာပါ အမြဲတမ်း ပျော်ရွှင်စွာ နေထိုင်စေချင်

တကယ်တော့၊ လူတွေဟာ ဘုရားကို မှီခိုချင်တဲ့ စိတ်ဆန္ဒနဲ့ မွေးဖွားလာကြတယ်။ ဒီအချက်ကို သမ္မာကျမ်းစာ ဖတ်ရှုသူတွေ မအံ့သြကြပါဘူး။ လူသားတွေရဲ့ အစပြုရှင် ဘုရားသခင်ဟာ ပထမဆုံး လူသားမောင်နှံနဲ့ မှန်မှန်စကားပြော ဆက်သွယ်ခဲ့တယ်ဆိုတာကို ကမ္ဘာဦးကျမ်းရဲ့ အစပိုင်း အခန်းကြီးတွေမှာ ဖော်ပြထားလို့ဖြစ်တယ်။ (ကမ္ဘာဦး ၃:၈-၁၀) လူသားတွေက ဘုရားသခင့် အကူအညီမပါဘဲနဲ့ ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ ဖန်ဆင်းခံရတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့က ဖန်ဆင်းရှင် ဘုရားသခင်နဲ့ ရင်းနှီးဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကို သမ္မာကျမ်းစာမှာလည်း မကြာခဏ ဖော်ပြထားတယ်။

ဥပမာ၊ ယေရှုက “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ပြောခဲ့တယ်။ (မဿဲ ၅:၃) လူတွေမှာ ဘုရားကို မှီခိုလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီဆန္ဒကို ဖြည့်ဆည်းမှသာ ပျော်ရွှင်ကျေနပ်အားရတဲ့ အသက်တာကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ယေရှုရဲ့စကားတွေကနေ သိရှိရပါတယ်။ အဲဒီစိတ်ဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ။ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” လို့ ယေရှုပြောခဲ့တဲ့စကားတွေမှာ အဖြေကို တွေ့နိုင်ပါတယ်။ (မဿဲ ၄:၄) သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ လမ်းညွှန်ချက်တွေက ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ရရှိစေပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အဲဒါနဲ့ပတ်သက်ပြီး အချက်သုံးချက်ကို သုံးသပ်ကြည့်ရအောင်။

ဘုရားပေးလမ်းညွှန်ချက် လိုအပ်

ဒီနေ့ခေတ် ပညာရှင်နဲ့ ပါရဂူများစွာဟာ ပေါင်းသင်းဆက်ဆံမှု၊ မေတ္တာ၊ မိသားစုဘဝ၊ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနည်း၊ ပျော်ရွှင်မှု၊ အဓိပ္ပာယ်ရှိတဲ့ဘဝ စတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး အကြံပြုချက်တွေအမျိုးမျိုး ပေးတတ်ကြတယ်။ ဒါပေမဲ့ အဲဒီအချက်တွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံးလမ်းညွှန်ချက်ကို လူသားတွေရဲ့ အစပြုရှင် ယေဟောဝါဘုရားကလွဲလို့ ဘယ်သူ ပေးနိုင်မှာလဲ။

ပစ္စည်းအသုံးပြုနည်းလမ်းညွှန်စာအုပ်လိုပဲ သမ္မာကျမ်းစာက ဘဝလမ်းညွှန် စာအုပ်ဖြစ်

ဒီဥပမာကို သုံးသပ်ကြည့်ပါ။ ကင်မရာ၊ ကွန်ပျူတာ အစရှိတဲ့ ပစ္စည်းသစ်တစ်ခုကို ဝယ်မယ်ဆိုရင် လမ်းညွှန်စာအုပ်ရဖို့လည်း မျှော်လင့်တတ်ကြတယ်။ အကြောင်းက လမ်းညွှန်စာအုပ်မှာ ရှင်းပြထားတဲ့အတိုင်း ကောင်းကောင်းအသုံးပြုနိုင်ဖို့ဖြစ်တယ်။ သမ္မာကျမ်းစာကိုလည်း ပစ္စည်းလမ်းညွှန်စာအုပ်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်သူလိုပဲ ယေဟောဝါဘုရားကလည်း လူ့ဘဝကို အသုံးပြုသူတွေဖြစ်တဲ့ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာဆိုတဲ့ ဘဝလမ်းညွှန်စာအုပ် ပေးထားပါတယ်။ ဘဝလမ်းညွှန်စာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ လူတွေကို ဘာအတွက် ဖန်ဆင်းထားတာလဲ၊ လူ့ဘဝကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး အသုံးပြုသင့်သလဲဆိုတာတွေ ရှင်းပြပေးထားပါတယ်။

လမ်းညွှန်စာအုပ်တွေမှာ ပစ္စည်းကို ပျက်စီးစေနိုင်တဲ့ အချက်တွေကို သတိပေးထားသလို သမ္မာကျမ်းစာမှာလည်း ဘဝကို ပျက်စီးစေနိုင်တဲ့ လုပ်ရပ်တွေကို သတိပေးထားပါတယ်။ လူတချို့က ဘဝနဲ့ပတ်သက်ပြီး လိုက်လျှောက်ဖို့ လွယ်ကူပုံရတဲ့ အကြံပြုချက်အမျိုးမျိုးကို ပေးကြတယ်။ ဒါပေမဲ့ ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် အကျိုးကျေးဇူးတွေရပြီး ပြဿနာတွေကို ရှောင်နိုင်မယ်လို့ သင် မထင်ဘူးလား။

သမ္မာကျမ်းစာထဲမှာ လူသားတွေလိုအပ်တဲ့ လမ်းညွှန်မှုနဲ့ အကူအညီကို ဖော်ပြထား

ယေဟောဝါဘုရားက လမ်းညွှန်ချက်တွေနဲ့ သွန်သင်ချက်တွေကို ပေးထားပေမဲ့ အဲဒီအတိုင်း လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ကို အတင်းအကျပ် မတောင်းဆိုပါဘူး။ ကျွန်ုပ်တို့ကိုချစ်ပြီး ကူညီပေးချင်တဲ့အတွက် ဒီလို မေတ္တာရပ်ခံခဲ့တယ်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင့် လမ်းညွှန်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် ဘဝမှာ ကောင်းကောင်း အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်တယ်။ နောက်တစ်နည်းပြောရရင် စစ်မှန်တဲ့ ပျော်ရွှင်ကျေနပ်မှုရရှိဖို့ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင် လိုအပ်ပါတယ်။

ဘဝပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို သိဖို့လိုအပ်

ဘဝမှာကြုံလာရတဲ့ အဖြစ်အပျက်တွေဟာ မေတ္တာရှင်ဘုရား ရှိတယ်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်နေတဲ့အတွက် ဘဝမှာ ဘုရားရှိလည်း မထူးပါဘူးလို့ တချို့ ခံစားလာကြတယ်။ ဥပမာ၊ သူတို့ ဒီလိုမေးနိုင်တယ်– ‘လူကောင်းတွေက ဘာကြောင့် ဆင်းရဲဒုက္ခတွေ ခံနေရတာလဲ။’ ‘အပြစ်မဲ့တဲ့ကလေးတွေက အင်္ဂါမစုံဘဲ ဘာကြောင့် မွေးလာကြတာလဲ။’ ‘မတရားမှုတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ။’ အဲဒီမေးခွန်းတွေက အရေးပါတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေအတွက် ကျေနပ်စရာအဖြေ ရမယ်ဆိုရင် ဘဝမှာ ပိုပျော်ရွှင်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေအတွက် ဘုရားသခင်ကို အလျင်စလို အပြစ်မတင်သင့်ပါဘူး။ ပြဿနာဖြစ်ရတဲ့အကြောင်းတွေကို သမ္မာကျမ်းစာမှာ ဘယ်လိုရှင်းပြထားသလဲဆိုတာ ကြည့်ကြရအောင်။

ကမ္ဘာဦး အခန်းကြီး ၃ မှာ မြွေယောင်ဆောင်ထားတဲ့ စာတန်မာရ်နတ်အကြောင်းကို ဖော်ပြထားတယ်။ သူက ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကို မစားနဲ့ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ကို ချိုးဖောက်ဖို့ ပထမဆုံး လူသားမောင်နှံကို သွေးဆောင်ခဲ့တယ်။ ဘုရားသခင်က အဲဒီအသီးကို စားရင် သေမယ်လို့ ပြောခဲ့ပေမဲ့ စာတန်က ဧဝကို ဒီလိုပြောခဲ့တယ်– “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင် သိတော်မူသည်။”—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၄၊ ၅

အဲဒီစကားတွေကိုကြည့်ရင် ဘုရားကို လိမ်လည်သူဖြစ်တယ်လို့ စွပ်စွဲရုံမကဘူး၊ ကိုယ်တော်ရဲ့ အုပ်ချုပ်မှုနည်းလမ်းက တရားမျှတမှုမရှိဘူးဆိုတဲ့ သဘောမျိုးနဲ့ မာရ်နတ် ပြောလိုက်တာဖြစ်တယ်။ ဒါ့အပြင် လူသားတွေက သူ့ရဲ့စကားကိုသာ နားထောင်ခဲ့မယ်ဆိုရင် အစစအရာရာ ချောမောအောင်မြင်လိမ့်မယ်လို့လည်း အခိုင်အမာ ပြောခဲ့တယ်။ အဲဒီစွပ်စွဲချက်တွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ မာရ်နတ်ရဲ့ စွပ်စွဲချက်တွေက မှားသလား၊ မှန်သလားဆိုတာ လူတွေရော ကောင်းကင်တမန်တွေပါ သိနိုင်ဖို့အတွက် ဘုရား အချိန်ပေးလိုက်ပါတယ်။ ဘုရားမပါဘဲ လူသားတွေက ကောင်းကောင်း အသက်ရှင်နေထိုင်နိုင်တယ်၊ မနေထိုင်နိုင်ဘူးဆိုတာ ပြသဖို့အတွက် မာရ်နတ်နဲ့ သူ့ရဲ့ဘက်တော်သားတွေကို အခွင့်အရေး ပေးလိုက်ပါတယ်။

မာရ်နတ်ရဲ့ စွပ်စွဲချက်တွေ မှန်၊ မမှန်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ လူတွေက ဘုရားမပါဘဲ ကောင်းကောင်းအသက်ရှင်ပြီး သူတို့ဘာသာသူတို့ အုပ်ချုပ်နိုင်တယ်လို့ သင်ရော ထင်ပါသလား။ သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဆင်းရဲဒုက္ခ၊ မတရားမှု၊ ဖျားနာမှု၊ သေခြင်းတရားအပြင် ရာဇဝတ်မှု၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ စစ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုကြည့်ရင် ဘုရားအကူအညီမပါဘဲ လူတွေဟာ သူတို့ဘာသာသူတို့ မအုပ်ချုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် လူတွေခံစားနေရတဲ့ ဒုက္ခအားလုံးဟာ ဘုရားကြောင့် မဟုတ်ပါဘူး။ ဒုက္ခတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ လူတွေဟာ “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြတဲ့အတွက်ဖြစ်တယ်။—ဒေသနာ ၈:၉

ဒါကြောင့် ဘဝပြဿနာတွေ ဖြစ်ရတဲ့အကြောင်းရင်းကိုသာမက ဖြေရှင်းနည်းကိုပါသိဖို့ ဘုရားကို အားကိုးဖို့လိုတယ်ဆိုတာ ထင်ရှားနေတယ်မဟုတ်လား။ ဘုရားဘက်ကကော ဘာလုပ်ပေးမှာလဲ။

ဘုရားအကူအညီ လိုအပ်

လူတွေဟာ ဖျားနာမှု၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတရားကနေ လွတ်မြောက်ချင်နေတာ ကြာပါပြီ။ ဒါကြောင့်လည်း အချိန်အကုန်ခံ၊ အပင်ပန်းခံ၊ ပစ္စည်းဥစ္စာအကုန်ခံပြီး ကြိုးစားခဲ့ကြတယ်။ တချို့က ဆေးဝါးတွေ မှီဝဲ၊ လေ့ကျင့်ခန်းတွေလုပ်၊ ဂမ္ဘီရပညာတွေလိုက်စားပြီး အသက်ရှည် အနာမဲ့ဖို့ လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာပါဘူး။

ဘုရားသခင်က လူတွေကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်နေထိုင်စေချင်တယ်။ လူသားတွေကို ဖန်ဆင်းချိန်ကတည်းက အဲဒီအသက်တာကိုပေးဖို့လည်း ရည်ရွယ်ချက်ရှိခဲ့တယ်။ အဲဒီရည်ရွယ်ချက်ကို ကိုယ်တော် မမေ့ပါဘူး။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ဟေရှာယ ၄၅:၁၈) ဒါကြောင့် မိမိရည်ရွယ်ထားတဲ့အရာမှန်သမျှ ဖြစ်မြောက်အောင်မြင်လာမယ်လို့လည်း ဘုရားသခင် အာမခံထားပါတယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ပထမဆုံးလူသားမောင်နှံကြောင့် ပျောက်ဆုံးသွားတဲ့ သာယာလှပတဲ့ကမ္ဘာမြေကြီးကို ပြန်လည်လုပ်ဆောင်ပေးမယ်လို့ ဘုရား ကတိပြုထားတယ်။ ကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ ဒီလိုဖော်ပြထားပါတယ်– “ကိုယ်တော် [ယေဟောဝါဘုရား] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာဒိတ် ၂၁:၄) သာယာလှပတဲ့ ကမ္ဘာမြေကြီးကို ဘုရားသခင် ဘယ်လိုလုပ်ပေးမှာလဲ။ အဲဒီကတိကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိနိုင်မလဲ။

သားတော် ယေရှုခရစ်က ဘုရားသခင့် အလိုတော်ပြည့်စုံဖို့ ဆုတောင်းပါလို့ တပည့်တွေကို သင်ပေးခဲ့တယ်။ လူအတော်များများက သခင့်ဆုတောင်းချက်လို့ခေါ်တဲ့ ဒီဆုတောင်းချက်နဲ့ အကျွမ်းတဝင်ရှိကြတယ်– “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၉၊ ၁၀) ယေဟောဝါဘုရားက မိမိရဲ့နိုင်ငံတော်ကိုအသုံးပြုပြီး လူ့အုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးမယ့်အပြင် ကတိပေးထားတဲ့အတိုင်း သာယာလှပတဲ့ ကမ္ဘာသစ်ကိုလည်း လုပ်ဆောင်ပေးမှာဖြစ်တယ်။ * (ဒံယေလ ၂:၄၄၊ ၄၅; ၂ ပေတရု ၃:၁၃) ဘုရားပေးကတိကနေ အကျိုးကျေးဇူးရရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

ကျွန်ုပ်တို့လုပ်ဆောင်ရမယ့် အချက်ကို ယေရှုခရစ် ဒီလိုဖော်ပြခဲ့တယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) ဘုရားရဲ့အကူအညီနဲ့ ဘုရားကတိပြုထားတဲ့ ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ အနာဂတ်မျှော်လင့်ချက်က ဘဝမှာ ဘုရားလိုအပ်တယ်လို့ ဖြေဆိုနိုင်ဖို့ နောက်ထပ်အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

ဘုရားအကြောင်း စဉ်းစားဖို့ အချိန်တန်ပြီ

လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ က အေသင်မြို့ရဲ့ အာရေတောင်လို့ခေါ်တဲ့ မာ့စ်တောင်မှာ ယုံကြည်ချက်အမျိုးမျိုးကို နားထောင်လိုစိတ်ရှိတဲ့ အေသင်မြို့သားတွေကို ဘုရားနဲ့ပတ်သက်ပြီး ကျမ်းရေးသူ တမန်တော်ပေါလု ဒီလိုပြောပြခဲ့တယ်– ‘ဘုရားသခင်သည် လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူ၏။ ငါတို့သည် ကိုယ်တော်ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြပါ၏။ ထိုသို့နှင့်အညီ သင်တို့တွင် လင်္ကာဆရာအချို့က “ငါတို့သည်လည်း ဘုရားအနွယ်တော်ဖြစ်သည်” ဟုစပ်ဆိုကြ၏။’—တမန်တော် ၁၇:၂၅၊ ၂၈

အေသင်မြို့သားတွေကို ပေါလုပြောပြခဲ့တဲ့အချက်က ယနေ့ထက်ထိ မှန်ကန်နေတုန်းပါပဲ။ ဖန်ဆင်းရှင်ဘုရားသခင်က လူသားတွေအသက်ရှင်ဖို့ အခြေခံလိုအပ်ရာတွေဖြစ်တဲ့ လေ၊ ရေနဲ့ အစားအစာတွေကို ပေးထားပါတယ်။ အဲဒီအခြေခံလိုအပ်ရာတွေကို ဘုရားသခင် မပေးဘူးဆိုရင် ကျွန်ုပ်တို့ လုံးဝအသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဘုရားသခင်က မိမိအကြောင်း စဉ်းစားတဲ့သူတွေကိုရော မစဉ်းစားတဲ့သူတွေကိုပါ အခြေခံလိုအပ်ရာတွေကို ဘာကြောင့် အမြဲပေးနေတာလဲ။ အကြောင်းရင်းကို ပေါလု ဒီလိုပြောပြခဲ့တယ်– “အကြောင်းမူကား လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့နိုင်မည်အကြောင်းတည်း။ အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။”—တမန်တော် ၁၇:၂၇

ဘုရားသခင်အကြောင်း ဒီထက်မက ပိုသိချင်ပါသလား။ အခုအချိန်မှာ စစ်မှန်တဲ့ပျော်ရွှင်မှုရအောင် ဘယ်လိုနေထိုင်ရမယ်၊ အနာဂတ်မှာလည်း ထာဝစဉ်အသက်ရှင်နိုင်အောင် ဘာလုပ်ရမယ်ဆိုတဲ့ ဘုရားရဲ့လမ်းညွှန်ချက်တွေနဲ့ လူသားတွေအတွက် ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ဒီထက်မက ပိုသိချင်ပါသလား။ သိချင်တယ်ဆိုရင် ဒီမဂ္ဂဇင်းပေးတဲ့သူကို မေးကြည့်ပါ။ ဒါမှမဟုတ် ဒီမဂ္ဂဇင်းကို ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ပါ။ သူတို့က သင့်ကို ဝမ်းသာအားရ ကူညီပေးပါလိမ့်မယ်။

^ စာပိုဒ်၊ 20 ဘုရားအလိုတော် မြေကြီးပေါ်မှာပြည့်စုံလာစေဖို့ ကိုယ်တော့်နိုင်ငံတော်က ဘာတွေလုပ်ဆောင်မလဲဆိုတာ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၈ ကို ဖတ်ကြည့်ပါ။ ဒီစာအုပ်ကို www.isa4310.com/mya ကနေလည်း ကူးယူနိုင်ပါတယ်။

“ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈