မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဖသရဲ့သမီးနဲ့ ကျွန်မ တူချင်တယ်

ယေဖသရဲ့သမီးနဲ့ ကျွန်မ တူချင်တယ်

ယေဖသရဲ့သမီးနဲ့ ကျွန်မ တူချင်တယ်

ဂျိုအန်းနာ စိုအန်းစ် ပြောပြတယ်

ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက ယေဖသရဲ့သမီးနဲ့ အရမ်းတူချင်ခဲ့တာ။ ဘာကြောင့် အဲဒီလိုဖြစ်ချင်ရတာလဲ၊ နောက်ဆုံးမှာ ကျွန်မဖြစ်ချင်တဲ့အတိုင်း ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာတွေကို ရှင်းပြပါရစေ။

ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲကို ၁၉၅၆ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့မှာ (အခု မွန်ဘိုင်း) ကျွန်မ ဦးဆုံးအကြိမ် တက်ရောက်ခဲ့ပြီး အဲဒီစည်းဝေးပွဲကြောင့် ကျွန်မရဲ့ဘဝ အလှည့်အပြောင်းဖြစ်လာခဲ့တယ်။ စည်းဝေးပွဲဟောပြောချက်တစ်ခုမှာ ယေဖသရဲ့သမီးအကြောင်း ကြားခဲ့ရပြီး ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။

ယေဖသရဲ့သမီးဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ထောင်မပြုဘူးလို့ ကတိပြုထားတာ ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့အကြောင်း ကျမ်းစာထဲမှာ သင် ဖတ်ဖူးပါလိမ့်မယ်။ ဘုရားသခင်အပေါ်ပြုခဲ့တဲ့ အဖေ့ရဲ့ကတိကို သူ့ရဲ့ကတိပြုမှုက တည်စေနိုင်ခဲ့တယ်။ ဒီလိုနဲ့ ယေဖသသမီးက ယေဟောဝါဘုရားသခင်ရဲ့ ဝတ်ပြုရာတဲတော်မှာ တစ်ကိုယ်ရေအမျိုးသမီးအဖြစ်နဲ့ တစ်သက်လုံး အမှုထမ်းဆောင်သွားခဲ့တယ်။—တရားသူကြီး ၁၁:၂၈-၄၀

သူ့လိုပဲ ကျွန်မ အရမ်းဖြစ်ချင်လိုက်တာ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အိမ်ထောင်မပြုဘဲနေမယ်ဆိုတဲ့ ကျွန်မရဲ့ဆန္ဒက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်။

ကျွန်မရဲ့မိသားစုနောက်ခံ

ကျွန်မရဲ့မိဘတွေက ဘန်ဂျမင်နဲ့ မာဆယ်လ်လီနာ စိုအန်းစ် တို့ဖြစ်ပြီး သူတို့တွေက အိန္ဒိယနိုင်ငံ၊ အနောက်ဘက်ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ အူဒူပီမှာ နေထိုင်ကြတယ်။ မောင်နှမခြောက်ယောက်ထဲမှာ ကျွန်မက ငါးယောက်မြောက်ပါ။ မိခင်ဘာသာစကားက လူဦးရေ နှစ်သန်းလောက် ပြောတဲ့ တူးလူးဆိုတဲ့ ဘာသာစကားဖြစ်တယ်။ ဒါပေမဲ့ အူဒူပီမြို့က လူအများစုလိုပဲ စာသင်ကျောင်းမှာ ကန်နန်ဒါ ဘာသာစကားနဲ့ သင်ကြားခဲ့ရတယ်။

အိန္ဒိယနိုင်ငံမှာ အိမ်ထောင်သားမွေးတယ်ဆိုတာ တကယ်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ အရွယ်ရောက်လာတဲ့အခါ “တစ်ကိုယ်ရေ”၊ “အထီးကျန်” ဒါမှမဟုတ် “အိမ်လွမ်း” တယ်ဆိုတဲ့ စကားလုံးတွေကို တူးလူးစကားနဲ့ ဘယ်လိုပြောသလဲဆိုတာ ကျွန်မ မမှတ်မိတော့ဘူး။ အဲဒီလိုအခြေအနေမျိုးတွေ မရှိခဲ့သလိုမျိုးပေါ့။ ဥပမာ၊ အိမ်တစ်လုံးထဲမှာပဲ ကျွန်မတို့ အဘိုးအဘွားတွေ၊ ဦးလေး၊ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမ တစ်ဒါဇင်နဲ့ အတူတူနေကြတယ်လေ။

ဓလေ့ထုံးစံအရ သားသမီးတွေကို မိခင်ရဲ့မျိုးရိုးဘက်ကလို့ သတ်မှတ်တယ်။ မျိုးရိုးက မိခင်ကနေတစ်ဆင့် ဆင်းသက်လာပြီး အမွေဥစ္စာတွေကို သမီးတွေက ပိုရကြတယ်။ တူးလူးအသိုင်းအဝိုင်း တချို့မှာဆိုရင် မိန်းကလေးတွေက အိမ်ထောင်ပြုပြီးတာနဲ့ သူတို့အမေနဲ့အတူ ဆက်နေရပြီး သူတို့ခင်ပွန်းကလည်း လိုက်နေရတယ်။

ကျွန်မတို့မိသားစုက အမည်ခံခရစ်ယာန် အသင်းသားတွေဖြစ်တယ်။ ဒါပေမဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်လာပါတယ်။ ညနေတိုင်း ကျွန်မရဲ့အဘိုးက ဦးဆောင်ပြီး မိသားစုလိုက် ဝတ်ပြုဆုတောင်းတယ်။ ပြီးတော့ ကျမ်းစာကို တူးလူးဘာသာစကားနဲ့ အသံကျယ်ကျယ် ဖတ်ပြတယ်။ အဘိုးက သူ့ရဲ့ စုတ်ပြဲနေတဲ့ ကျမ်းစာကို ဖွင့်ဖတ်တိုင်း ရတနာသေတ္တာကို ဖွင့်နေသလား ထင်ရတယ်။ အဲဒီလို ကျမ်းစာဖတ်ပြတဲ့ အချိန်ဆိုရင် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ အဘိုးဖတ်ပြတဲ့အထဲမှာ ဆာလံ ၂၃:၁ က ‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ’ ဆိုတဲ့ အချက်ဟာ ကျွန်မရဲ့သိချင်စိတ်ကို နှိုးဆွပေးခဲ့တယ်။ ‘ယေဟောဝါက ဘယ်သူလဲ၊ သူ့ကို ဘာလို့ သိုးထိန်းလို့ ခေါ်တာလဲ’ ဆိုပြီး ကျွန်မ သိချင်ခဲ့တယ်။

ကျွန်မမျက်စိက “အကြေးခွံ” တွေ ကွာကျ

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် စီးပွားရေးကျပ်တည်းမှုတွေကြောင့် မိုင် ၅၅၀ ဝေးတဲ့ ဘုံဘေမြို့ကို ကျွန်မတို့ ပြောင်းသွားခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ယေဟောဝါသက်သေနှစ်ယောက် ကျွန်မအဖေဆီ ရောက်လာပြီး ကျမ်းစာအခြေပြုစာအုပ်ငယ် တစ်အုပ် ပေးသွားတယ်။ အဲဒီစာအုပ်ကို အဖေ စိတ်ဝင်တစားနဲ့ဖတ်ပြီး အထဲမှာပါတဲ့ သတင်းစကားကို လက်ခံလိုက်ပုံကတော့ မိုးရွာတဲ့အခါ ခြောက်သွေ့နေတဲ့ မြေကြီးက မိုးရေကို စုပ်ယူလိုက်သလိုပဲ။ အဲဒီနောက် အဖေက ကန်နန်ဒါစကားပြောတဲ့လူတွေကို သူသိရှိလာတဲ့အကြောင်းတွေ စပြီး ဝေမျှတော့တာပဲ။ ၁၉၅၀ ပြည့်လွန်နှစ် အစောပိုင်းလောက်မှာ ဘုံဘေမြို့က ဦးဆုံး ကန်နန်ဒါဘာသာစကားပြော အသင်းတော်မှာရှိတဲ့ အုပ်စုငယ်လေးက တိုးတက်လာပါတယ်။

ကျွန်မတို့ဟာ လုံ့လရှိတဲ့ ကျမ်းစာကျောင်းသားတွေနဲ့ ဆရာကောင်းတွေဖြစ်ရမယ်ဆိုပြီး အဖေနဲ့အမေက သွန်သင်ပေးခဲ့တယ်။ နေ့တိုင်း၊ အခွင့်အရေးရရင် ရသလို မိဘတွေက ကျွန်မတို့နဲ့အတူ ဆုတောင်းပြီး ကျမ်းစာလေ့လာကြတယ်။ (တရားဟောရာ ၆:၆၊ ၇; ၂ တိမောသေ ၃:၁၄-၁၆) တစ်နေ့၊ ကျွန်မ ကျမ်းစာဖတ်နေတဲ့အခါ ကျွန်မရဲ့မျက်စိကနေ အကြေးခွံတွေ ကွာကျလာသလို ခံစားရတယ်။ (တမန်တော် ၉:၁၈) ယေဟောဝါဘုရားသခင်ကို သိုးထိန်းနဲ့ နှိုင်းယှဉ်ရတဲ့အကြောင်းက ယေဟောဝါဟာ သူ့ကိုဝတ်ပြုကိုးကွယ်သူတွေကို လမ်းညွှန်၊ ကျွေးမွေးပြီး ကာကွယ်ပေးလို့ပဲဆိုတာ ကျွန်မ သိရှိလိုက်ရတယ်။—ဆာလံ ၂၃:၁-၆; ၈၃:၁၈

ဘုရားသခင် ကျွန်မကို လမ်းပြခေါ်ဆောင်ခဲ့

၁၉၅၆ ခုနှစ်၊ ဘုံဘေမှာကျင်းပခဲ့တဲ့ အမှတ်ရစရာ စည်းဝေးကြီးပြီးနောက် သိပ်မကြာခင်မှာပဲ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။ ခြောက်လကြာပြီးတဲ့နောက် ကျွန်မရဲ့အစ်ကို ပရာဘာခါလိုပဲ ခရစ်ယာန်အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို အရမ်းဝေမျှချင်ပေမဲ့ ကိုယ့်ယုံကြည်ချက်ကို ပြောပြရတော့မယ်ဆိုရင် ဘာစကားလုံးမှ ထွက်မလာတော့ဘူး။ ထစ်ထစ်ငေါ့ငေါ့နဲ့ အသံကလည်း တုန်လာတယ်။ ‘ဒီအလုပ်ကို ယေဟောဝါရဲ့ အကူအညီနဲ့ပဲ ငါ လုပ်ဆောင်နိုင်မှာပါ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောခဲ့တယ်။

ယေဟောဝါဘုရားသခင် ကူညီပေးတဲ့အနေနဲ့ ကနေဒါနိုင်ငံက ဟိုးမားနဲ့ ရုသ် မာကေးဆိုတဲ့ ခရစ်ယာန်သာသနာပြု မောင်နှံတစ်စုံ ကျွန်မတို့ဆီကို ရောက်လာတယ်။ အဲဒီခရစ်ယာန်သာသနာပြုစုံတွဲက အမေရိကန်၊ နယူးယောက်မှာပြုလုပ်တဲ့ ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်သာသနာပြုသင်တန်းကို ၁၉၄၇ ခုနှစ်မှာ တက်ရောက်ခဲ့သူတွေပါ။ ခရစ်ယာန်အမှုဆောင်လုပ်ငန်းမှာ စပါဝင်တုန်းက ကိုးရိုးကားယားဖြစ်နေတဲ့ ကျွန်မကို သူတို့လက်တွဲခေါ်သွားပေးခဲ့တယ်။ ဟောပြောတဲ့အခါ ဘယ်လိုတင်ဆက်ရမယ်ဆိုတာကို ရုသ်နဲ့ကျွန်မတို့ အမြဲလေ့ကျင့်ကြတယ်။ ကျွန်မရဲ့စိုးရိမ်စိတ်တွေ ပျောက်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ ကျွန်မရဲ့တုန်နေတဲ့ လက်ကိုကိုင်ပြီး “မစိုးရိမ်ပါနဲ့။ နောက်တစ်အိမ် ထပ်ကြိုးစားကြည့်ရအောင်” ဆိုတဲ့ သူ့ရဲ့နှစ်သိမ့်တဲ့ လေသံက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာစေတယ်။

တစ်နေ့၊ အဲလစ်ဇဘက် ချာကရန်နာရေးရန် လို့ခေါ်တဲ့ အသက်ကြီးပြီး အတွေ့အကြုံရှိတဲ့ ညီမတစ်ယောက်က ခရစ်ယာန်အမှုဆောင်လုပ်ငန်းမှာ ကျွန်မရဲ့ တွဲဖော်တွဲဖက် ဖြစ်လာမယ်ဆိုပြီး အကြောင်းကြားခံရတယ်။ “ငါ ဒီညီမနဲ့ ဘယ်လိုလုပ် အတူနေနိုင်မှာလဲ။ သူက ငါ့ထက် အသက်အများကြီး ကြီးနေတာကို” ဆိုပြီး အစပိုင်းမှာ စဉ်းစားမိတယ်။ ဒါပေမဲ့ အဲဒီညီမက ကျွန်မလိုအပ်တဲ့ တွဲဖော်တွဲဖက်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

“တကယ်တမ်းကျတော့ အထီးကျန်တဲ့အချိန်ဆိုတာ မရှိ”

ကျွန်မတို့ရဲ့ ဦးဆုံးတာဝန်ခန့်အပ်ချက်က ဘုံဘေမြို့ရဲ့ အရှေ့ဘက် မိုင် ၂၅၀ လောက်မှာရှိတဲ့ သမိုင်းဝင် အော်ရန်ဂါဘတ်မြို့မှာ ဖြစ်တယ်။ လူဦးရေ တစ်သန်းနီးပါးလောက်ရှိတဲ့ မြို့ထဲမှာ သက်သေခံဆိုလို့ ကျွန်မတို့ နှစ်ယောက်ပဲရှိတယ်ဆိုတာ ချက်ချင်း သဘောပေါက်လိုက်တယ်။ ဒါ့အပြင် အဲဒီမြို့က အဓိကဘာသာစကားဖြစ်တဲ့ မာရသီစကားကို ကျွန်မ သင်ယူရဦးမယ်။

တစ်ခါတလေ အထီးကျန်မှု လှိုင်းလုံးတွေက ကျွန်မကို လွှမ်းမိုးသွားတယ်။ မိခင်မဲ့ကလေးလို ခံစားရတဲ့အခါ ကျွန်မ ရှိုက်ကြီးတငင်ငိုခဲ့ရတယ်။ ဒါပေမဲ့ အဲလစ်ဇဘက်ရဲ့ မိခင်သဖွယ်အားပေးတဲ့ လေသံက ကျွန်မအတွက် အားဆေးတစ်ခွက်ပဲ။ “တို့တွေ တစ်ခါတလေတော့ အထီးကျန်ဖြစ်မိမှာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အထီးကျန်တဲ့အချိန်ဆိုတာ မရှိပါဘူး။ မင်းရဲ့မိတ်ဆွေ၊ မိသားစုတွေနဲ့ ဝေးနေပေမဲ့ ယေဟောဝါက အမြဲ မင်းနဲ့အတူရှိနေပါတယ်။ ယေဟောဝါနဲ့ မိတ်ဆွေဖွဲ့ပါ၊ အဲဒီလိုဆိုရင် မင်း အထီးကျန်တော့မှာမဟုတ်ဘူး” လို့ သူပြောတတ်တယ်။ သူ့ရဲ့အကြံပေးချက်ကို ကျွန်မ ဒီနေ့ထက်ထိ တန်ဖိုးထားနေတုန်းပါ။

ခရီးစရိတ် နည်းနည်းပဲ ကျန်တော့တယ်ဆိုရင် ဖုန်တော၊ ရွှံ့တောတွေထဲမှာ နေပူမိုးရွာမရှောင် ၁၂ မိုင်ခရီးကို နေ့တိုင်း ခြေကျင်လျှောက်ခဲ့ကြတယ်။ နွေရာသီမှာဆိုရင် အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) လောက်ရှိတတ်တယ်။ မုတ်သုံရာသီရောက်ရင် နေရာအတော်များများမှာ လနဲ့ချီပြီး ဗွက်ထနေတတ်တယ်။ ဒါပေမဲ့ လူတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာရှုမြင်ပုံက ရာသီဥတုထက် ပိုပြီးတော့ ဆိုးဝါးနေတာကို ကျွန်မတို့ တွေ့ရှိခဲ့ရတယ်။

အမျိုးသမီးတွေက ဆွေမျိုးမတော်တဲ့ အမျိုးသားတွေကို လူတောထဲမှာ အခေါ်အပြော လုပ်လို့မရဘူး။ အမျိုးသားတွေကို သင်ကြားပေးတယ်ဆိုတာလည်း မရှိသလောက်ပဲ။ ဒီအတွက် ကဲ့ရဲ့လှောင်ပြောင်တာ၊ ဆဲဆိုကြိမ်းမောင်းတာတွေ ကျွန်မတို့ ခံခဲ့ရတယ်။ ဦးဆုံးခြောက်လအတွင်း ပတ်စဉ်အစည်းအဝေးတွေ ကျင်းပတဲ့အခါ တက်ရောက်သူဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲ။ အချိန်ကြာလာတော့မှ စိတ်ဝင်စားတဲ့သူတွေ လာတက်ကြတယ်။ မကြာခင်မှာပဲ အုပ်စုငယ်လေး ဖြစ်လာတယ်။ တချို့ဆိုရင် ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာတောင် ပါဝင်လာကြသေးတယ်။

“မင်းအရည်အသွေးကို သွေးပေးပါ”

နှစ်နှစ်ခွဲကြာပြီးတဲ့နောက် ဘုံဘေမြို့မှာ တာဝန်ပြန်ကျတယ်။ အဲလစ်ဇဘက်က အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နေပေမဲ့ ကျွန်မကတော့ အဖေ့ကို ကူညီပေးဖို့ တောင်းဆိုခံရတယ်။ ကျမ်းစာဆိုင်ရာစာပေတွေကို ကန်နန်ဒါဘာသာစကားနဲ့ ပြန်ဆိုတာဆိုလို့ အဖေ တစ်ယောက်ပဲရှိတယ်။ ကျွန်မရဲ့အကူအညီကို အဖေက ဝမ်းပန်းတသာလက်ခံတယ်၊ ဘာကြောင့်လဲဆိုတော့ အဖေဟာ အသင်းတော်မှာ တာဝန်အများကြီး ထမ်းဆောင်နေရလို့ပါ။

၁၉၆၆ ခုနှစ်မှာ ကျွန်မရဲ့မိဘတွေဟာ နေရင်းဒေသ အူဒူပီမြို့ကို ပြန်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ဘုံဘေမြို့ကို မပြန်ခင် အဖေက ကျွန်မကို “သမီး၊ မင်းရဲ့အရည်အသွေးကို သွေးပေးပါ။ ရိုးရိုးရှင်းရှင်းဖြစ်အောင် ဘာသာပြန်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းခြင်းကို ရှောင်ပြီး နှိမ့်ချမှု ဆက်ပြနေပါ။ ယေဟောဝါဘုရားသခင်ကို မှီခိုအားကိုးပါ” လို့ပြောတယ်။ ဒီစကားတွေက အဖေ့ရဲ့နောက်ဆုံး အကြံပေးချက်တွေပါ။ အူဒူပီရောက်ပြီး သိပ်မကြာခင်မှာပဲ အဖေဆုံးသွားခဲ့တယ်။ အဖေဆုံးမတဲ့အတိုင်း ဖြစ်နိုင်အောင် ဘာသာပြန်လုပ်ငန်းမှာ ကျွန်မ ကြိုးစားအားထုတ်ပြီး အလုပ်လုပ်လာခဲ့တာ အခုအချိန်ထိပါပဲ။

“အိမ်ထောင်မပြုသေးဘူးလား”

ဓလေ့ထုံးစံအရဆိုရင် အိန္ဒိယလူမျိုးမိဘတွေဟာ သူတို့ရဲ့သားသမီးတွေ တော်တော်ငယ်တဲ့အချိန်မှာပဲ အိမ်ထောင်ချပေးဖို့ စီစဉ်ကြပြီး တစ်အိုးတစ်အိမ်ထူထောင်ဖို့ အားပေးကြတယ်။ ဒါကြောင့် “အိမ်ထောင်မပြုသေးဘူးလား။ အသက်ကြီးတဲ့အခါ ဘယ်သူကစောင့်ရှောက်မှာလဲ။ အထီးမကျန်ဘူးလား” ဆိုတာတွေ ကျွန်မ ခဏခဏ အမေးခံရတယ်။

အဲဒီလိုစကားတွေ ကြားရဖန်များလာတော့ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ လူကြားထဲမှာဆိုရင် ကျွန်မရဲ့ခံစားချက်တွေကို မျိုသိပ်ထားပေမဲ့ တစ်ယောက်တည်းရှိပြီဆိုတာနဲ့ ခံစားချက်တွေကို ဘုရားသခင်ဆီ အိတ်သွန်ဖာမှောက် အကုန်ပြောပြတော့တာပဲ။ တစ်ကိုယ်ရေဖြစ်တဲ့အတွက် ယေဟောဝါက ကျွန်မကို တစ်ခုခုလိုနေတဲ့သူအဖြစ် မရှုမြင်ဘူးဆိုတာ သိထားလို့ နှစ်သိမ့်မှုရခဲ့တယ်။ အာရုံမပျံ့လွင့်ဘဲ ဆက်ပြီး အမှုဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို အားသစ်လောင်းဖို့ တစ်ကိုယ်ရေနေပြီး ဘုရားသခင့်အမှုတော်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်ခဲ့တဲ့ ယေဖသရဲ့သမီးနဲ့ ယေရှုအကြောင်းကို ကျွန်မ တွေးတောဆင်ခြင်ခဲ့တယ်။—ယောဟန် ၄:၃၄

ယေဟောဝါဘုရားသခင်ဆီက ရရှိတဲ့ လက်ဆောင်

အဲလစ်ဇဘက်နဲ့ ကျွန်မတို့ဟာ အနှစ် ၅၀ နီးပါး မိတ်ဆွေအရင်းအချာအဖြစ် နေလာခဲ့ကြတယ်။ အဲလစ်ဇဘက်ဟာ အသက် ၉၈ နှစ်အရွယ်၊ ၂၀၀၅ ခုနှစ်မှာ ဆုံးသွားရှာတယ်။ သူအသက်ကြီးလာတဲ့အချိန်မှာ မျက်စိမှုန်လာတဲ့အတွက် ကျမ်းစာမဖတ်နိုင်တော့ဘူး။ ဒါကြောင့် နေ့တိုင်း အချိန်အကြာကြီး ဆုတောင်းပြီး ဘုရားသခင်နဲ့ ရင်းနှီးမှုနှောင်ကြိုးကို ဆက်ထိန်းထားတယ်။ တစ်ခါတလေ သူ့အခန်းထဲမှာ တစ်ယောက်ယောက်နဲ့ ကျမ်းစာဆွေးနွေးနေတယ်လို့ ကျွန်မ ထင်ခဲ့တာ၊ တကယ်တော့ သူက ယေဟောဝါဘုရားသခင်နဲ့ စကားပြောနေတာကိုး။ ဘုရားသခင်က သူ့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်၊ ဘုရားသခင်ရှေ့မှာ သူရှိနေသလိုမျိုး အသက်ရှင်သွားခဲ့တယ်။ ဒီအချက်က ဘုရားသခင်ကို တည်ကြည်စွာ ဆက်ပြီးအမှုဆောင်သွားဖို့ သော့ချက်ပဲဆိုတာ ကျွန်မ သိလိုက်ရတယ်။ ယေဖသရဲ့သမီးက အဲဒီအတိုင်း လုပ်ဆောင်သွားခဲ့တယ်လေ။ ကျွန်မရဲ့လူငယ်ဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်မကျော်လွှားနိုင်အောင် လေ့ကျင့်ပေးပြီး အားပေးဖို့ ဒီလိုအသက်ကြီးပြီး ရင့်ကျက်တဲ့ ညီအစ်မတစ်ယောက်ပေးခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးပါဘူး။—ဒေ. ၄:၉၊ ၁၀

ယေဖသရဲ့သမီးလို တစ်ကိုယ်ရေဘဝနဲ့ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ရတာ တကယ့်ကောင်းချီးတစ်ခုပါ။ တစ်ကိုယ်ရေနေပြီး ကျမ်းစာဆုံးမစကားတွေကို လိုက်နာတာက ကျွန်မကို “အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစားခွင့်ရှိစေ” တဲ့အပြင် စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အသက်တာလည်း ရရှိစေခဲ့ပါတယ်။—၁ ကောရိန္သု ၇:၃၅

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

၁၉၅၀ ပြည့်လွန်နှစ်တွေက ကျွန်မအဖေ ဘုံဘေမြို့မှာ ဟောပြောချက်ပေးနေပုံ

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

အဲလစ်ဇဘက် မဆုံးခင်လေးက

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

၁၉၆၀ ပြည့်နှစ်၊ ဘုံဘေမြို့မှာ ကျမ်းစာဟောပြောချက်တစ်ခုကို ကြေညာနေပုံ

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ဘာသာပြန်ရုံးခန်းမှာ အလုပ်ဖော်တွေနဲ့အတူ