မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | ဆင်းရဲနွမ်းပါးမှု

ဆင်းရဲနွမ်းပါးမှု

ဆင်းရဲနွမ်းပါးမှု

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ဆင်းရဲသား သန်းနဲ့ချီ ရှိနေတယ်။

ဆင်းရဲသားတွေဟာ ဘယ်လို ပျော်ရွှင်နိုင်ကြသလဲ

လူအများပြောဆိုရာ–

ပျော်ရွှင်မှုနဲ့ ကျေနပ်မှုဆိုတာ ပစ္စည်းဥစ္စာကြွယ်ဝမှုကနေ ရတယ်၊ စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ဆိုတာကတော့ ငွေကြေးအမြောက်အမြား ပိုင်ဆိုင်ထားတာအပေါ် မူတည်တယ်လို့ လူအများ လက်ခံထားကြတယ်။ စာမတတ်တဲ့၊ ဆေးလည်း ကောင်းကောင်း မကုနိုင်တဲ့၊ တခြားအရာတွေလည်းမရှိတဲ့ ဆင်းရဲသားတွေဟာ ပျော်ရွှင်မှု၊ ကျေနပ်မှုရှိတဲ့အသက်တာကို မရရှိနိုင်ဘူးလို့လည်း ပြောကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်ရဲ့ စီးပွားရေးအခြေအနေအပေါ် မူမတည်ဘူး၊ စစ်မှန်တဲ့ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိခြင်းအပေါ်မှာ မူတည်တယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၅:၃) ဘုရားသခင်ကို မှီခိုရန်လိုကြောင်းသိမှတ်သူတွေဟာ ငွေရေးကြေးရေး အခြေအနေ ဘယ်လိုပဲ ရှိပါစေ၊ သူတို့ရဲ့ ကိစ္စရပ်တွေအပေါ် ဘုရားသခင် ဘယ်လို ရှုမြင်သလဲဆိုတာ သိအောင် လုပ်ကြတယ်။ စစ်မှန်တဲ့ နှစ်သိမ့်မှုနဲ့ စိတ်ငြိမ်သက်မှုကို ရရှိစေတဲ့ ကျမ်းစာအမှန်တရားကို ရှာဖွေကြတယ်။ အဲဒီလိုလုပ်တာက စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိစေတယ်။

ကျမ်းစာအကြံပြုချက်တွေကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးသူဟာ ဆင်းရဲနွမ်းပါးတာကို ဖြေရှင်းနိုင်လာပါလိမ့်မယ်။ ဥပမာ၊ ကျမ်းစာအကြံပြုချက်တွေက ဆေးရွက်ကြီးသုံးစွဲခြင်းနဲ့ အရက်ကို လွဲမှားစွာ အသုံးပြုခြင်းလိုမျိုး အကျိုးယုတ်စေတဲ့ အကျင့်တွေကို ရှောင်နိုင်အောင် ကူညီပေးတယ်။ အဲဒီအကျင့်တွေက မလိုလားအပ်ဘဲ ပိုက်ဆံကုန်စေသလို ဆေးဝါးကုသစရိတ်လည်း ကုန်ကျစေတယ်။ —သုတ္တံ ၂၀:၁; ၂ ကောရိန္သု ၇:၁

လောဘကြီးခြင်း၊ စည်းစိမ်ဥစ္စာ သည်းကြီးမည်းကြီး ရှာဖွေလိုခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတိပေးချက်တွေ ရှိတယ်။ (မာကု ၄:၁၉; ဧဖက် ၅:၃) အဲဒီသတိပေးချက်တွေက လောင်းကစားပြီး ငွေဖြုန်းတာမျိုးမလုပ်အောင် ကူညီပေးတယ်၊ “အကျိုးပျက်စေသော အရာအမျိုးမျိုး၏ မူလအမြစ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတဲ့ “ငွေတပ်မက်” စိတ် အားကြီးလာစေတာမျိုးကိုလည်း ရှောင်ရှားစေတယ်။ (၁ တိမောသေ ၆:၁၀) “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (လုကာ ၁၂:၁၅) ငွေရှိတိုင်း အသက်ကို ဝယ်လို့မရနိုင်ဘူး။ ကျမ်းစာပါ ပညာရှိ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်ခြင်းက ဘဝကို အဓိပ္ပာယ်ရှိစေသလို စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပါ ရရှိစေတယ်။

ဆင်းရဲတဲ့သူတွေဟာ စားဝတ်နေရေးအတွက် ကြိုးစား အလုပ်လုပ်နေရင်း၊ ကျေနပ်ရောင့်ရဲစိတ်ကို မွေးမြူခြင်း၊ ဘုရားသခင် နှစ်သက်ရာတွေကို အာရုံစိုက်ခြင်း၊ ဘုရားသခင့် အလိုတော်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြင့် ပျော်ရွှင်မှုတွေကို မွေ့လျော်ခံစားနိုင်ကြပါတယ်။ “[ယေဟောဝါ] ဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ဆိုတဲ့ ကျမ်းစာပါအမှန်တရားကို သူတို့ သိရှိ၊ ခံစားကြရတယ်။—သုတ္တံ ၁၀:၂၂

အဓိကကျမ်းချက်– “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”မဿဲ ၅:၃

ဆင်းရဲနွမ်းပါးမှု ပပျောက်သွားမှာလား

သမ္မာကျမ်းစာပြောဆိုရာ–

လူတွေက ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းရာမှာ မအောင်မမြင် ဖြစ်နေပေမဲ့ ဘုရားသခင်က ပြဿနာရဲ့ ရင်းမြစ်ဖြစ်တဲ့၊ ကိုယ့်အကျိုးသာစဉ်းစားတတ်တဲ့ လူတွေနဲ့ အုပ်ချုပ်သူတွေမှာရှိတဲ့ ကိုယ်ကျိုးရှာစိတ်သဘောထားကို အချိန်တန်တဲ့အခါ ပယ်ရှင်းပစ်ပါလိမ့်မယ်။ (ဒေသနာ ၈:၉) ကိုယ်ကျိုးရှာတတ်ကြတဲ့ အုပ်စိုးရှင်တွေကို ဘုရားသခင် ဖယ်ရှားပစ်ပါတော့မယ်။ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်က လူသားအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ ရက်ရက်ရောရော ကူညီထောက်မပါတော့မယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်က ဆင်းရဲသားတွေရဲ့ လိုအပ်ရာတွေကို သနားကြင်နာစွာ ဖြည့်ဆည်းပေးမယ်ဆိုတာကို ကျမ်းစာမှာ အတိအလင်း ဖော်ပြထားတယ်။ “နွမ်းပါးသူအော်ဟစ်သောအခါ . . . ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့်နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။”—ဆာလံ ၇၂:၁၂-၁၄သမ္မာ။

ကမ္ဘာကြီးမှာ ဆင်းရဲနွမ်းပါးမှု အငွေ့အသက်တောင်ရှိမှာမဟုတ်တော့ဘဲ အိမ်တွေ၊ ခြံတွေ၊ အစားအစာတွေ ပေါကြွယ်ဝနေတဲ့၊ သာယာလှတဲ့ ပရဒိသုဥယျာဉ်ကြီး ဖြစ်လာပါတော့မယ်။ ငါ၏လူတို့သည် “ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ . . . သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်” ဆိုပြီး ကျမ်းရေးသူ ဟေရှာယကနေတစ်ဆင့် ဘုရားသခင် ကတိပေးထားပါတယ်။ (ဟေရှာယ ၆၅:၂၁၊ ၂၂) ပင်ပန်းခက်ခဲစွာ ရုန်းကန်ရတော့မှာမဟုတ်ဘဲ၊ သူတို့အားလုံးဟာ ယေဟာဝါဘုရားပြင်ဆင်ပေးတဲ့ “ဆူသောခဲဖွယ်စားဖွယ်” တွေနဲ့ တခြားကောင်းတဲ့အရာတွေကို သုံးဆောင်ကြရမှာဖြစ်တယ်။—ဟေရှာယ ၂၅:၆

ဒီအကြောင်းသိဖို့ ဘာကြောင့်အရေးကြီးသလဲ–

ဒီကမ္ဘာကြီးမှာ ဆင်းရဲနွမ်းပါးမှုရှိတော့မှာမဟုတ်ဘူးဆိုတဲ့ ဘုရားသခင့်ကတိတွေကို သိရှိပြီး စဉ်းစားတွေးတောခြင်းက ဒုက္ခအဖုံဖုံ တွေ့ကြုံနေရတဲ့သူတွေကို ဘုရားသခင် ဂရုစိုက်တယ်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်သွားတော့မယ်ဆိုတာကို ယုံကြည်စိတ်ချစေတယ်။ အဲဒီမျှော်လင့်ချက်ကို အာရုံစိုက် ခြင်းက လက်ရှိခံစားနေရတဲ့ ခက်ခဲကျပ်တည်းတဲ့အခြေအနေကို ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

အဓိကကျမ်းချက်– “နွမ်းပါးသူအော်ဟစ်သောအခါ . . . ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့်နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။”ဆာလံ ၇၂:၁၂၊ ၁၃သမ္မာ။