မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

သင့်ဆယ်ကျော်သက်ကလေးနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ

သင့်ဆယ်ကျော်သက်ကလေးနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ

အခက်အခဲ

ကလေးငယ်တုန်းကတော့ သင့်ကို ဘာမဆို ပြောပြတတ်တယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ စကားပြောနည်းသွားတယ်။ စကားပြောဖို့ သင် ကြိုးစားပေမဲ့ ကလေးက စကားမပြောချင်ဘူး၊ ပြောရင်လည်း စကားများရတယ်။

သင့်ဆယ်ကျော်သက်ကလေးနဲ့ စကားပြောဆိုနိုင်ပုံကို သင်ယူနိုင်ပါတယ်။ အခက်တွေ့ပုံရတဲ့ အချက် နှစ်ချက်ကို ဦးဆုံးသုံးသပ်ကြည့်ပါ။ *

ဘာကြောင့်စကားပြောဖို့ခက်ရတာလဲ

လွတ်လပ်လိုစိတ်။ သင့်ရဲ့ဆယ်ကျော်သက်ကလေးဟာ ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး တာဝန်ယူတတ်တဲ့ လူကြီးတစ်ဦးအဖြစ် နေ့ချင်းညချင်းဖြစ်မလာနိုင်ဘူး။ တဖြည်းဖြည်းသင်ယူရမှာဖြစ်တယ်။ တချို့ဆယ်ကျော်သက်တွေက သူတို့ရသင့်တာထက် ပိုလွတ်လပ်ချင်ကြတယ်။ မိဘတချို့ကျတော့ ပေးသင့်တဲ့ လွတ်လပ်ခွင့်ကို မပေးဘူး။ ဒါနဲ့ပဲ မိဘနဲ့ဆယ်ကျော်သက်ကလေးကြားမှာ အပေးအယူမမျှတာတွေ ဖြစ်လာတယ်။ ၁၆ နှစ်အရွယ် ဘရဒ် *က “ကျွန်တော့်မိဘတွေက ကျွန်တော်ဘာလုပ်လုပ် ချုပ်ချယ်ချင်ကြတယ်။ ဒီလိုဆက်လုပ်နေရင် အသက် ၁၈ နှစ်ပြည့်တာနဲ့ အိမ်ကနေထွက်သွားမယ်” လို့ ပြောတယ်။

ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း။ ကလေးငယ်တွေက မှားရင်မှား၊ မမှားရင်မှန်တယ်လို့ပဲ စဉ်းစားတတ်ကြပေမဲ့ ဆယ်ကျော်သက်များစွာကတော့ လုံးဝမှားတယ်၊ အပြည့်အဝမှန်တယ်လို့ ပြောလို့မရတဲ့ ကိစ္စတွေရှိတယ်လို့ စဉ်းစားတတ်ကြတယ်။ ဒါက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိစေတဲ့ အရေးပါတဲ့အချက်ဖြစ်တဲ့အပြင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင်လည်း ကူညီပေးတယ်။ ဥပမာတစ်ခုကိုသုံးသပ်ကြည့်ပါ– ကလေးငယ်တစ်ယောက်အဖို့ တရားမျှတတယ်ဆိုတာက တကယ့်ကိုရိုးရှင်းပါတယ်– ‘အမေက မုန့်တစ်ခုကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို ကျွန်တော့်ကိုပေးတယ်၊ တစ်ပိုင်းကို ညီလေးကို ပေးတယ်။’ ဒီကိစ္စမှာ တရားမျှတခြင်းဆိုတာ သင်္ချာပုံသေနည်းတစ်ခုလောက်ပဲ။ ဒါပေမဲ့ ဆယ်ကျော်သက်တွေအတွက် အဲဒီလောက်မရိုးရှင်းဘူး။ ညီမျှရုံနဲ့ တရားမျှတတယ်လို့ မဆိုနိုင်ဘူး၊ တရားမျှတတိုင်းလည်း အမြဲမညီမျှဘူးလို့ တွေးတတ်ကြတယ်။ သင့်ဆယ်ကျော်သက်ကလေးက အဲဒီလို ကျိုးကြောင်းဆင်ခြင်တဲ့အခါ မိဘတွေရဲ့ သဘောထားနဲ့ မတိုက်ဆိုင်တဲ့အမြင်တွေ ရှိလာတယ်။

သင်လုပ်ဆောင်နိုင်ရာ

ဖြစ်နိုင်တဲ့အခါတိုင်း စကားစမြည်ပြောပါ။ မထင်မှတ်ထားတဲ့ အချိန်အခါ လေးတွေကို အသုံးချပါ။ ဥပမာ၊ ဆယ်ကျော်သက်တွေဟာ အိမ်အလုပ်လေးတွေ လုပ်နေတဲ့အခါ၊ လမ်းသွားနေတဲ့အခါလိုမျိုး မိဘနဲ့မျက်နှာချင်းဆိုင်မဟုတ်ဘဲ ဘေးတိုက်ရှိနေတဲ့အခါတွေမှာ ပိုပြီးပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြတာကို တချို့မိဘတွေ တွေ့ ရှိခဲ့ကြတယ်။—ကျမ်းစာမူ– တရားဟောရာ ၆:၆၊ ၇

လိုရင်းသာပြောပါ။ စကားပြောတိုင်း စကားများတာနဲ့ပဲ အဆုံးသတ်စရာမလိုပါဘူး။ အဲဒီအစား လိုရင်းကိုပြောပြီး ဆက်မပြောပါနဲ့။ သင့်ဆယ်ကျော်သက်ကလေး နားထောင်ပုံမရရင်တောင် သင်ပြောတဲ့စကားကို သူ “ကြားတယ်၊” သူတစ်ယောက်တည်းရှိနေချိန်မှာ သင့်စကားကို ပြန်စဉ်းစားပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ သင့်ကလေးကို အခွင့်ပေးပါ။—ကျမ်းစာမူ– သုတ္တံ ၁:၁-၄

နားထောင်ပါ၊ လိုက်လျောညီထွေရှိပါ။ စကားကို ကြားဖြတ်မပြောဘဲ ဂရုတစိုက်နားထောင်ပါ၊ ဒါမှသာ ပြဿနာတစ်ခုလုံးကို ခြုံငုံနားလည်နိုင်မှာ ဖြစ်တယ်။ ကိုယ့်ဘက်က ပြန်ပြောတဲ့အခါမှာလည်း လိုက်လျောညီထွေမှုရှိပါ။ သင်က စည်းကမ်းကို တရားသေဆုပ်ကိုင်ထားရင် သင့် ဆယ်ကျော်သက်ကလေးက ထွက်ပေါက်ရှာဖို့ ကြိုးစားလိမ့်မယ်။ “အဲဒီလိုလုပ်တာက ကလေးကို နှစ်ဘဝစံစေတယ်။ မိဘရှေ့မှာဆိုရင် မိဘအကြိုက်လိုက်ပြီး ကွယ်ရာမှာဆိုရင် သူတို့စိတ်ကြိုက်လုပ်လိမ့်မယ်” လို့ စာအုပ်တစ်အုပ် (Staying Connected to Your Teenager) မှာ ဖော်ပြထားတယ်။— ကျမ်းစာမူ– ဖိလိပ္ပိ ၄:၅

အေးဆေးတည်ငြိမ်ပါ။ “အမေက ကျွန်မနဲ့ သဘောထားမတိုက်ဆိုင်တော့ဘူးဆိုရင် ကျွန်မပြောသမျှ အပြစ်ပဲမြင်တော့တယ်။ အဲဒီအတွက် ကျွန်မစိတ်မကောင်းဘူး။ စကားဆက်ပြောရင် ရန်ဖြစ်တော့တာပဲ” လို့ ကယ်ရီ အမည်ရှိတဲ့ ဆယ်ကျော်သက်တစ်ဦးက ပြောတယ်။ ဒါကြောင့် တရားလွန်တုံ့ပြန်မယ့်အစား သင့်ဆယ်ကျော်သက်ကလေးကို နားလည်ပေးကြောင်း ပြပါ။ ဥပမာ၊ “ဘာမှမဟုတ်တာလေးကိုများ” လို့ ပြောမယ့်အစား “ဒါက သားအတွက် တော်တော်လေး စိတ်ညစ်စရာဖြစ်မှာပဲ” လို့ ပြောပါ။— ကျမ်းစာမူ– သုတ္တံ ၁၀:၁၉

ဖြစ်နိုင်သရွေ့ လမ်းပြပေးပါ၊ အမိန့်မပေးပါနဲ့။ သင့်ဆယ်ကျော်သက်ကလေးရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းဟာ ကြွက်သားတွေလိုပဲ ကြီးထွားလာဖို့လိုတယ်။ ပြဿနာတစ်ခုကို သင့်ကလေးကြုံတွေ့နေရရင် သူ့ကိုယ်စား ဝင်ဖြေရှင်းပေးမယ့်အစား သင့်ကလေးမှန်မှန်ကန်ကန် ဖြေရှင်းတတ်အောင် ကူညီပေးပါ။ အကြောင်းအရာတစ်ခုကို ဆွေးနွေးတဲ့အခါ သူ့ရဲ့ကိုယ်ပိုင်ဖြေရှင်းနည်းကို ပြောစေပါ။ ပြီးတဲ့နောက် ရွေးချယ်စရာတချို့ကိုပြောပြီး “ဒါတွေကတော့ ဖြေရှင်းနည်းတချို့ဖြစ်တယ်။ တစ်ရက်နှစ်ရက်စဉ်းစားကြည့်ပြီး ဘယ်ဖြေရှင်းနည်းကို အကြိုက်ဆုံးလဲ၊ ဘာဖြစ်လို့ ကြိုက်တာလဲဆိုတာကို ပြောပြပါ” လို့ပြောနိုင်တယ်။—ကျမ်းစာမူ– ဟေဗြဲ ၅:၁၄

^ အပိုဒ်၊ 5 ဒီဆောင်းပါးမှာ ဆယ်ကျော်သက်တွေကို ယောက်ျားလေးတွေအဖြစ် ဖော်ပြထားပေမဲ့ ဆွေးနွေးထားတဲ့မူတွေက မိန်းကလေးတွေနဲ့လည်း သက်ဆိုင်ပါတယ်။

^ အပိုဒ်၊ 7 ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားတယ်။