မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ ဘာကြောင့်အမြဲလိုလို အပယ်ခံရတာလဲ

ငါ ဘာကြောင့်အမြဲလိုလို အပယ်ခံရတာလဲ

လူငယ်များ​အမေး . . .

ငါ ဘာကြောင့်​အမြဲလိုလို အပယ်ခံ​ရတာလဲ

“စ​နေ၊ တနင်္ဂနွေ​နေ့တွေမှာ ကျွန်မ​က​လွဲ​ရင် တစ်လောက​လုံး ပျော်ရွှင်​နေတဲ့​ပုံ​ပဲ။”—ရာ​နေး။

“လူငယ်တွေ ဝိုင်းဖွဲ့​တဲ့​အခါ ကျွန်တော့်​ကို ပ,ထုတ်​ထား​ကြတယ်။”—ဂျယ်​ရ​မီ။

လှပသော​နေ့​ဖြစ်၍ အခြားသူ​တို့​တွင် အစီအစဉ်များ​ရှိနေ​သော်လည်း သင်၌​မူ ဘာ​အစီအစဉ်​မျှ​မရှိဘဲ​ဖြစ်နေ​သည်။ သင့်​သူငယ်ချင်း​အားလုံး တ​ပျော်​တ​ပါး အပြင်ထွက်​လည်​ကြသည်။ ဤ​အချိန်တွင်​လည်း သင် အပယ်ခံ​ရ​ပြန်​လေ​ပြီ။

လုပ်ဆောင်မှု​တစ်ခုခု​တွင်​ပါဝင်​ဖို့ ဖိတ်ခေါ်​မခံရ​ခြင်း​သည် အတော်လေး စိတ်ပျက်​ဖို့​ကောင်း​သော်လည်း ဖိတ်ခေါ်​မခံရ​သည့်​အကြောင်းရင်း​က ပို​၍​ပင်​စိတ်ပျက်​ဖို့​ကောင်း​သည်။ ‘ငါ့​မှာ တစ်ခုခု​လို​နေလို့​များလား။ ငါ​နဲ့ ဘာကြောင့် မ​ပေါင်း​ချင်​ကြ​တာလဲ’ ဟု​သင့်ကိုယ်​သင် ဆို​ပေမည်။

စိတ်ပျက်​ရသည့်​အကြောင်းရင်း

အုပ်စု​တစ်စု​တွင် ပါဝင်​လို​ခြင်း​နှင့် အုပ်စု​၏​လက်ခံမှုကို ရယူလို​ခြင်း​သည် သာမန်​ကိစ္စ​ဖြစ်၏။ အမှန်​မှာ အစုလိုက်​အဖွဲ့​လိုက် နေထိုင်​တတ်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် အခြား​သူများ​နှင့် အပြန်အလှန်​ပေါင်းသင်း​ခြင်း​အားဖြင့် အကျိုးများစွာ​ရရှိ​ကြသည်။ ဧဝ​အား​မဖန်ဆင်းမီ အာဒံ​ကို ယေဟောဝါ ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ယောက်ျား​သည် တစ်ယောက်တည်း​မနေ​ကောင်း။” (ကမ္ဘာဦး ၂:၁၈) လူသား​အချင်းချင်း လိုအပ်​ကြသည်​မှာ ရှင်းနေပါသည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့​ဖန်ဆင်း​ခံရ​ကြ​၏။ ထို့​ကြောင့် အပယ်ခံ​ရခြင်း​သည် အလွန်​ပင် စိတ်ပျက်​စ​ရာ​ကောင်း​ပေ​သည်။

အထူးသဖြင့် သင်သည် ကြိမ်ဖန်​များစွာ အပယ်ခံ​ရ​လျှင် သို့​မဟုတ် သင်​မိတ်ဆွေဖွဲ့​လို​သူတို့၏ စံနှုန်း​များ​ကို လိုက်​မမီ​နိုင်​ဟု ခံစားရ​မည်​ဆိုလျှင် စိတ်ပျက်​စ​ရာ​ဖြစ်​နိုင်​ပါ​သည်။ “ကြီးကျယ်​တဲ့​အရာ​တွေ​ကို အောင်မြင်​ပြီးမြောက်​နေကြ​တဲ့ သီးသန့်​လူငယ်​အုပ်စု​တွေ ရှိကြပေမဲ့ သူတို့က ကိုယ့်ကို သူတို့နဲ့​ပေါင်း​ဖို့ စံ​မမီ​တဲ့​သူ​လို့​သတ်မှတ်​ထား​တာ အသိ​သာ​ကြီး​ပဲ” ဟု​မာ​ရေး​အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​က​ဆို​၏။ အခြားသူ​တို့​က သင့်ကို သူတို့​အုပ်စု​မှ ပ,ထုတ်​သောအခါ အပယ်ခံ၊ အထီးကျန်​ဆန်​သည်​ဟု သင်​ခံစားရ​တော့​သည်။

တစ်ခါတစ်ရံ​တွင် သင်သည် အုပ်စု​အတွင်းရှိ​နေ​သော်လည်း သီးခြား​ဖြစ်နေ​သည်​ဟု​ပင် ခံစား​ရနိုင်​သည်။ “အူ​ကြောင်​ကြောင်​နိုင်​လှ​ပေမဲ့ မိတ်ဆုံပွဲ​တစ်ခု​မှာ ကျွန်မ အရမ်း​အထီးကျန်​ခဲ့​တာ​ကို မှတ်မိ​သေး​တယ်။ လူ​အများကြီး​ရှိနေပေမဲ့ ဘယ်သူနဲ့​မှ မ​ရင်းနှီး​ဘူးလို့ ခံစား​ရတာ​ကြောင့်​ဖြစ်​မယ်​ထင်​တယ်” ဟု​နီ​ကိုးလ်​က​ဆို​၏။ ခရစ်ယာန်​စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​၌​ပင် အထီးကျန်​သည်​ဟု လူတချို့ ခံစား​ကြ​ရသည်။ “လူတိုင်း​က တစ်ယောက်ကို​တစ်ယောက် သိနေ​ကြ​ပေမဲ့ ကျွန်မ​ကို​တော့ ဘယ်သူမှ သိ​ဟန်​မတူဘူး” ဟု​မီ​ဂ​န်​က​ဆို​၏။ မာ​ရီ​ယာ​အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​လည်း ထပ်တူ​ပင်​ခံစားရ​သည်။ “ကျွန်မ​မှာ သူငယ်ချင်းတွေ ဝိုင်း​ဝိုင်း​လည်​နေ​ပုံ​ပေါက်​ပေမဲ့ တကယ်တော့ သူငယ်ချင်း​တစ်ယောက်မှ မရှိပါဘူး” ဟု​သူက​ဆို​သည်။

မည်သူမျှ အထီးကျန်မှု​နှင့် မကင်း​ကြ​ချေ။ နာမည်ကြီး​သူ၊ ပျော်ရွှင်​နေ​သူ​ဟု ထင်​ရသူ​တို့​ပင် မကင်း​ကြ​ပါ။ “လူသည် ရ​ယ်​စဉ်​အခါ​ပင် ဝမ်းနည်း​သော​စိတ်သဘော​ရှိ၏” ဟု​ကျမ်းစာ​စကားပုံ​တစ်ခု​က ဆို​သည်။ (သု. ၁၄:၁၃) အထီးကျန်မှု​သည် ပြင်းထန်​ကာ အမြဲ​ခံစား​နေရ​လျှင် ယင်းသည် အားလျော့​စေနိုင်​သည်။ “ညှိုးငယ်​ခြင်း​အားဖြင့်​ကား စိတ်ပျက်​တတ်၏” ဟု ကျမ်းစာ​က​ဆို​သည်။ အခြား​ဘာသာပြန်​ကျမ်း​တစ်ခု​တွင်​မူ “ဝမ်းနည်းခြင်း​သည် စိတ်ထောင်း​ကိုယ်​ကြေ​ဖြစ်စေ​နိုင်၏” ဟု​ပြန်ဆို​ထား​သည်။ (သု. ၁၅:၁၃; ခေတ်ပြိုင်​အင်္ဂလိပ်​ဘာသာပြန်​ကျမ်း) သင်သည် အပယ်ခံ​ရသည့်​အတွက် စိတ်ပျက်​အားလျော့​ခဲ့​ရသည်​ဆိုလျှင် သင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

အထီးကျန်မှု​ကို တွန်းလှန်​ခြင်း

အထီးကျန်မှု​ကို တွန်းလှန်​နိုင်​ရန် အောက်ပါ​အချက်များ​ကို ကြိုးစား​လိုက်နာ​ကြည့်​ပါ​လေ–

သင်၏​အဖိုးတန်​အရည်အချင်းများ​ကို အာရုံစိုက်ပါ။ (၂ ကောရိန္သု ၁၁:၆) ‘ငါ့​မှာ အဖိုးတန်​တဲ့ ဘယ်​အရည်အချင်းတွေ​ရှိသလဲ’ ဟု​သင့်ကိုယ်​သင်​မေးပါ။ သင်​ပိုင်ဆိုင်​သည့် အရည်အချင်း​တချို့​ကို စဉ်းစား​ကာ အောက်တွင်​ဖော်ပြ​ပါ။

․․․․․

အပယ်ခံ​ရသည်​ဟု သင်​ခံစားရ​သည့်​အခါ အထက်​ဖော်ပြ​ပါ သင်၏​အရည်အချင်းများ​ကို သတိရပါ​လေ။ သင်၌ အားနည်းချက်များ​ရှိ​ကာ ယင်း​တို့ကို ကျော်လွှား​အောင်မြင်​ဖို့ သင်​ကြိုးစား​သင့်​သည်​မှာ မှန်ပါသည်။ သို့သော် သင်၏​အမှား​များ​ကြောင့် ဖိစီးမှု​ဖြစ်​မလာ​စေရန် ကြိုးစား​ပါ။ ယင်းအစား အမှား​များ​ကို စိတ်ရှည်ရှည်​ဖြင့် ပြုပြင်​နေ​သူ​အဖြစ် ကိုယ့်​ကိုယ်ကို ရှုမြင်ပါ။ အရာရာတိုင်း စိတ်တိုင်းကျ​ဖြစ်လာ​မည်​မဟုတ်သော်လည်း အရာ​တချို့​ကား ဖြစ်လာ​နိုင်​ပေ​သည်။ ယင်း​တို့ကို အာရုံစိုက်ပါ​လေ။

ကျယ်ဝန်း​သော​စိတ်​ရှိပါ။ (၂ ကောရိန္သု ၆:၁၁-၁၃) မိမိ​ဘက်​မှ​အစပြု​၍ လူ​တို့​နှင့်​မိတ်ဆက်ပါ။ ယင်းကို​လုပ်ဆောင်ဖို့ အခက်အခဲ​ရှိ​မည်​မှာ မှန်ပါသည်။ “အုပ်စု​ကို​ကြည့်​ပြီး အရမ်း​လန့်​နေ​ရပေမဲ့ တစ်ယောက်ယောက်​ဆီ​သွားပြီး နှုတ်ဆက်​လိုက်တဲ့အခါ ချက်ချင်းပဲ အဲဒီ​အုပ်စုအဝင် ဖြစ်သွား​တယ်” ဟု​အသက် ၁၉ နှစ်အရွယ် လ​စ်ဇ် က​ဆို​၏။ (“စကား​လက်ဆုံ​ပြောဆို​နည်း​များ” လေးထောင့်ကွက်​ကို​ရှု။) အပယ်ခံ​ရခြင်း​နှင့်​ပတ်သက်​၍ သင်သည် သက်ကြီးရွယ်အို​များ​ကဲ့သို့​သော​သူတို့ကို မ​ပယ်​ထား​ကြောင်း သေချာစေပါ။ “ကျွန်မ​အသက် ၁၀ နှစ်၊ ၁၁ နှစ်​တုန်း​က ကျွန်မ​ထက် အများကြီး အသက်ကြီးတဲ့ မိတ်ဆွေ​တစ်ယောက်​ရှိခဲ့တယ်။ အသက်​ကွာ​ပေမဲ့ ကျွန်မ​တို့ အရမ်း​ရင်းနှီး​ခဲ့​ကြတယ်” ဟု​ကို​ရီ​အမည်​ရှိ ဆယ်ကျော်သက်​တစ်ဦး​က အမှတ်ရနေ​သည်။

အသင်းတော်တွင် သင်​ပို​၍​သိကျွမ်း​လို​သူ လူကြီး​နှစ်ဦး​အကြောင်းကို စဉ်းစားပါ။

․․․․․

နောက်​လာ​မည့် အသင်းတော်​အစည်းအဝေး​၌ အထက်တွင်​ဖော်ပြ​ထား​သူတို့​ထဲ​မှ တစ်ဦးထံ ချဉ်းကပ်​ပါ​လေ။ မိမိ​ဘက်​မှ အစပြု​၍ စကား​ပြောဆို​ပါ။ ကျမ်းစာ​ကို မည်သို့​စိတ်ဝင်စား​လာ​ကြောင်း ထို​သူအား မေးမြန်းပါ။ သင်သည် “ညီအစ်ကို​အသင်းအပင်း​တစ်ရပ်လုံး” နှင့် လက်​ပွန်း​တ​တီး​ရှိလာ​လေ အပယ်ခံ​ရသည်၊ အထီးကျန်​သည်​ဟူသော​ခံစားချက် လျော့နည်း​လေ​ဖြစ်​မည်။—၁ ပေတရု ၂:၁၇က​ဘ။

ရင်ဖွင့်ပါ။ (သု. ၁၇:၁၇) သင်၏​စိုးရိမ်​ပူပန်မှု​ကို သင့်​မိဘများ​ထံ သို့​မဟုတ် အခြား​လူကြီး​တစ်ဦးထံ ပြောပြ​ခြင်း​က အထီးကျန်မှု​ကို လျော့နည်း​စေနိုင်​ပါ​သည်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေး​တစ်ဦး ထိုသို့​လုပ်ဆောင်ခဲ့​၏။ အစပိုင်း​တွင် သူသည် အပယ်ခံ​ရခြင်း​နှင့်​ပတ်သက်​၍ အလွန်အမင်း စိုးရိမ်​ခဲ့​သည်။ “အပယ်ခံ​ရတယ်လို့ ကျွန်မ​ကို​ခံစား​စေ​တဲ့ အခြေအနေ​နဲ့​ပတ်သက်ပြီး အပြန်​ပြန်​အလှ​န်​လှန် သုံးသပ်​တယ်။ ပြီး​မှ အမေ့ကို​ပြောပြ​တော့ အမေက အဲဒီ​အခြေအနေ​ကို ဘယ်လို​ကိုင်တွယ်​ရမယ်ဆိုတာ အကြံဉာဏ်​ပေး​တယ်။ အဲလို​ပြောပြ​လိုက်​မှ​ပဲ စိတ်​ပေါ့​သွားတယ်” ဟု​သူက​ဆို​၏။

သင်သည် အမြဲလိုလို အထီးကျန်​နေသည်​ကို တစ်ယောက်ယောက်​အား ပြောပြ​ဖို့​လိုနေပြီ​ဆိုလျှင် မည်​သူ့​ထံ သင်​ချဉ်းကပ်​နိုင်​သနည်း။

․․․․․

သူတစ်ပါး​အကျိုးကို စဉ်းစားပါ။ (၁ ကောရိန္သု ၁၀:၂၄) ကျွန်ုပ်​တို့သည် ‘မိမိ၏​အကျိုးကို​သာ​မ​ရှာ​ဘဲ သူတစ်ပါး​၏​အကျိုးကို​ရှာ’ သင့်​ကြောင်း သမ္မာကျမ်းစာ​က​ဆို​၏။ (ဖိလိပ္ပိ ၂:၄ခ​မ) သင်သည် အပယ်ခံ​ရသောအခါ စိတ်ပျက်​ဝမ်းနည်း​ဖို့ လွယ်ကူ​၏။ သို့သော် စိတ်ဓာတ်ကျ​နေ​မည့်​အစား အကူအညီ​လို​နေ​သူ​တစ်ဦးဦး​အတွက် တစ်ခုခု​လုပ်ပေး​လျှင် မကောင်း​ပေ​လော။ ထိုသို့ ဖြင့် မိတ်​သစ်​ဆွေ​သစ်​များ​ပင် ဖွဲ့​နိုင်​ပေမည်။

အသင်းတော်တွင် သို့​မဟုတ် မိသားစုတွင် သင်​အဖော်​ပြု​ပေး​နိုင်သော​သူ သို့​မဟုတ် တစ်နည်း​နည်းဖြင့် သင်​ကူညီ​ပေး​နိုင်သော​သူ တစ်ဦးဦး​ကို စဉ်းစား​ကြည့်​ပါ။ ထို​သူ၏​အမည်​ကို အောက်တွင်​ရေးချ​ကာ သူ့​အား သင်​မည်သို့ ကူညီ​ပေး​နိုင်​ပုံ​ကို ဖော်ပြ​ပါ။

․․․․․

သင်သည် ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို စဉ်းစား​ကာ သူတို့​အတွက် တစ်ခုခု​လုပ်ဆောင်ပေး​လျှင် အထီးကျန်​ဖို့ အချိန်​နည်း​သွား​သည်။ ယင်းက သင်၏​အမြင်​နှင့် ပြုမူ​ပြောဆို​ပုံ​တို့​တွင် ပို​၍​အပြုသဘော​ရှိ​စေနိုင်​ပြီး သင့်​အား မိတ်ဆွေဖွဲ့ ၍​ရသူ​တစ်ဦး ဖြစ်လာ​စေနိုင်​သည်။ နယပုံပြင် ၁၁:၂၅ တွင် “သူတစ်ပါးကို​ရေလောင်း​သော​သူသည် ကိုယ်တိုင်​ရေလောင်းခြင်း​အကျိုးကို ခံရ​လိမ့်​မည်” ဟု​ဖော်ပြ​ထား​၏။

ရွေးချယ်​တတ်​ပါ။ (သု. ၁၃:၂၀) သင့်ကို​ဂရုစိုက်​တတ်​သည့် မိတ်ဆွေစစ်​အနည်းငယ်​ရှိ​ထားခြင်း​က သင့်ကို​အကျပ်​တွေ့​စေ​မည့် မိတ်ဆွေတု​များစွာ​ရှိ​ထားခြင်း​ထက် ပို​၍​ကောင်း​ပေ​သည်။ (၁ ကောရိန္သု ၁၅:၃၃) သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် လူငယ်​ရှမွေလ​ကို သုံးသပ်ကြည့်​ပါ။ သူသည် ဝတ်ပြုရာ​တဲ​တော်​တွင် အထီးကျန်​နေ​ပေမည်။ သူ၏​လုပ်ဖော်ဆောင်ဖက်​ချင်း​များ​တွင် ဟောဖနိ​နှင့် ဖိနဟတ်​တို့​လည်း ပါဝင်​ခဲ့​၏။ သူတို့သည် ယဇ်ပုရောဟိတ်မင်း​၏​သားများ ဖြစ်​ကြသော်လည်း ၎င်းတို့၏​အကျင့်ဆိုး​များ​ကြောင့် သူတို့ကို အပေါင်းအသင်း​အဖြစ် ရွေးချယ်​၍​မရချေ။ ရှမွေလ​သာ သူတို့နှင့်​လိုက်လျောညီထွေ​ဖြစ်အောင် ကြိုးစား​ပါ​က သူ၏​ဝိညာဉ်​ရေး​ကို ထိခိုက်​စေမည်​ဖြစ်သည်။ သို့သော် ရှမွေလ ထိုသို့​အဖြစ်​မခံလို​ခဲ့​ချေ။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘သူငယ်​ရှမွေလ​သည် ကြီးပွား​၍ ထာဝရ​ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာ​ရလေ​၏။’ (၁ ဓမ္မ​ရာဇဝင် ၂:၂၆) မည်သူ​တို့​နှင့် သူ​ပေါင်းသင်း​ခဲ့​သနည်း။ ဟောဖနိ​နှင့် ဖိနဟတ်​တို့​မဟုတ်​သည်​မှာ သေချာ​ပါ​သည်။ သူတို့သည် ရှမွေလ​၏​အကျင့်ကောင်း​များ​ကြောင့် သူ့ကို​ပင် ရှောင်​ခဲ့​ကြ​ပေမည်။ ရှမွေလ​၏ ချီးမွမ်း​ထိုက်​သော အရည်အသွေးများ​ကြောင့် ဘုရားသခင့်​စံနှုန်းတော်​များ​ကို ထောက်ခံသူ​တို့သည် သူ့ကို ချစ်ခင်​ခဲ့​ကြ​လေ​သည်။ သင်​လိုအပ်သော​မိတ်ဆွေများ​မှာ ယေဟောဝါ​အား ချစ်​မြတ်နိုးသူ​တို့​ပင်​ဖြစ်၏။

အပြုသဘော​ရှိပါ။ (သု. ၁၅:၁၅) အနည်းဆုံး တစ်ချိန်​မဟုတ်​တစ်ချိန်​တွင် အပယ်ခံ​ရသည်​ဟု လူတိုင်း ခံစား​ကြ​ရသည်။ အဘယ်အရာက အကူအညီ​ဖြစ်စေ​နိုင်​သနည်း။ အပျက်သဘော​ဝင်​နေ​မည့်​အစား ဘဝကို အပြု​သဘောဖြင့်​ရှုမြင်ဖို့ ကြိုးစား​ပါ​လေ။ ဘဝ​ကဏ္ဍ​တိုင်း​ကို သင်​ထိန်းချုပ်​နိုင်​မည်​မဟုတ်သော်လည်း အခြေအနေ​အပေါ် သင်​တုံ့ပြန်​ပုံ​ကို ထိန်းချုပ်​နိုင်​ကြောင်း သတိရပါ။

အပယ်ခံ​ရသည်​ဟု သင်​ခံစားရ​သောအခါ အခြေအနေ​ကို ပြောင်းလဲ​၍​ဖြစ်စေ၊ အနည်းဆုံး သင်၏​အမြင်ကို ပြောင်းလဲ​၍​ဖြစ်စေ အပြု​သဘောဖြင့် လုပ်ဆောင်ပါ။ သင်​မည်သို့ ဖြစ်လာ​ကြောင်း၊ သင်၏​လိုအပ်ရာ​များနှင့် ယင်း​တို့ကို အကောင်းဆုံး မည်သို့ ဖြည့်ဆည်း​ပေး​နိုင်​ကြောင်း ယေဟောဝါ​သိတော်မူ​သည်ကို အမြဲ​သတိရပါ​လေ။ သင်၌ အမြဲလိုလို​ရှိ​နေနိုင်​သည့် အထီးကျန်မှု​မှန်သမျှ​အတွက် ယေဟောဝါ​ထံ ဆုတောင်း​ပါ။ ကိုယ်တော်​သည် “သင့်ကို မစ​တော်​မူ​မည်” ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပါ​လေ။—ဆာလံ ၅၅:၂၂

“လူငယ်များ​အမေး . . . ” အခန်းဆက်​ဆောင်းပါး​များ​မှ ထပ်ဆင့်​အချက်အလက်​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့ရှိ​နိုင်​ပါ​သည်

ချ​င့်​တွေးစရာ

▪ အပယ်ခံ​ရသည်​ဟု ခံစားရ​ပါ​က အပြုသဘော​ပါ​သည့် အဘယ်​အချက်များ​ကို လုပ်ဆောင်​နိုင်​သနည်း။

▪ အပျက်သဘော​၏​လွှမ်းမိုးမှုကို ခံ​နေ​မည့်​အစား ကိုယ့်​ကိုယ်ကို မျှမျှတတ​ရှုမြင်ဖို့ အဘယ်​ကျမ်းချက်​များ​က ကူညီ​ပေး​မည်​နည်း။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စကား​လက်ဆုံ​ပြောဆို​နည်း​များ

ပြုံးပါ။ သင်၏​လှိုက်လှဲသော​အပြုံး​က အခြားသူများ​အား သင်​နှင့်​စကားပြော​ဆို​စေပါ​မည်။

သင့်ကိုယ်​သင် မိတ်ဆက်ပါ။ သင်၏​အမည်​နှင့် သင်​နေထိုင်ရာ​ဒေသ​ကို ပြောပြ​ပါ။

မေးခွန်းများ​မေးပါ။ သူတစ်ပါး​၏​နောက်ခံ​အကြောင်း​နှင့်​ပတ်သက်​၍ စပ်စု​ခြင်း​မဟုတ်ဘဲ သင့်တော်​သော​မေးခွန်းများ​မေးပါ။

နားထောင်ပေး​ပါ။ သင်​ဘာ​ပြန်​ပြော​ရမည်ကို စဉ်းစား​မနေ​ပါ​နှင့်။ နား​သာ​ထောင်​ပေး​ပါ။ သင် နောက်ထပ်​မေး​မည့်​မေးခွန်း သို့​မဟုတ် နောက်ထပ်​ပြော​မည့်​စကား​သည် အလိုအလျောက်​ထွက်​လာပေမည်။

သက်သောင့်သက်သာ​ရှိပါ။ စကား​လက်ဆုံ​ပြောဆိုခြင်း​သည် မိတ်​သစ်​ဆွေ​သစ်​ဖွဲ့​ရန် လမ်းစ​ဖွင့်ပေး​နိုင်​ပါ​သည်။ ထို့​ကြောင့် စမ်း​ကြည့်​ပါ​လေ။