မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကောင်း” ရုံနှင့် လုံလောက်ပြီလော

“ကောင်း” ရုံနှင့် လုံလောက်ပြီလော

သမ္မာကျမ်းစာ​ရှုထောင့်

“ကောင်း” ရုံ​နှင့် လုံလောက်ပြီလော

“အတတ်နိုင်ဆုံး ကျွန်မ ကောင်း​အောင်​နေထိုင်တယ်။ လူကောင်း​တစ်ယောက်​ဖြစ်အောင်​လည်း ကြိုးစား​တယ်” ဟု အဲ​လာ​ဆန် အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​က​ဆို​၏။ များစွာသော​သူတို့က အဲ​လာ​ဆန်​နည်းတူ ထို​ကဲ့သို့​အသက်ရှင်နေ​ထိုင်​ရန် ဘုရားသခင်​တောင်းဆို​သည်​ဟု ယုံကြည်​ကြသည်။

အခြားသူ​တို့​မူ ကြီး​လေး​သော​အပြစ်ကို မိမိတို့​ကျူးလွန်​လျှင်​ပင် ဘဝ​ပုံစံ​တစ်ခုလုံး​ကို​ခြုံ​ကြည့်​သော် အပြစ်တင်စရာ​မရှိ​သရွေ့ ယင်းကို ဘုရားသခင်​ဂရုစိုက်​တော်​မ​မူ​ဟု ယူဆကြ​သည်။ ဘုရားသခင်​သည် အပြစ်ဒဏ်​စီရင်​ရန်​ထက် ခွင့်လွှတ်​ရန် ပို​၍​လိုလား​တော်​မူ​သည်​ဟု သူတို့​ယုံကြည်​ကြ​၏။

အမှန်ဆိုလျှင် “ကောင်းခြင်း” နှင့်​ပတ်သက်​၍ အဓိပ္ပာယ်​ဖွင့်ဆိုချက်​များ​မှာ တစ်ဦး​နှင့်​တစ်ဦး​မတူကြ​ချေ။ သို့သော် သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း။ ဘုရားသခင့်​မျက်နှာသာတော်​ရရှိရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြု​ရမည်​နည်း။ ဘုရားသခင့်​အမြင်​တွင် လူကောင်း​တစ်ဦး​ဖြစ်​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏ လမ်းညွှန်မှုကို ခံယူ​ခြင်း

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အနေ​နှင့် ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့အား ကျင့်ဝတ်​ဆိုင်ရာ​လမ်းညွှန်မှု ပေး​ပိုင်ခွင့်​ရှိ​တော်​မူ​၏။ (ဗျာ. ၄:၁၁) ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အကျင့်အကြံ​နှင့် ဝတ်ပြုရေးကို လမ်းညွှန်​ရန် ပညတ်​ဥပဒေ​နှင့် မူများ​ကို သမ္မာကျမ်းစာ​တွင် ဖော်​ပြပေး​သည်။ မိမိ၏​လူမျိုး​အား ဘုရားသခင် ဤသို့​မိန့်တော်မူ​ခဲ့​သည်– ‘သင်တို့သည် ငါ​၏​လူ​ဖြစ်၍၊ ငါသည်​လည်း သင်တို့၏​ဘုရားသခင်​ဖြစ်​မည်​အကြောင်း ငါ့​စကား​ကို​နားထောင်​၍ ငါ​မှာ​ထား​သမျှ​အတိုင်း ကျင့်​ကြလော့။’—ယေရမိ ၁၁:၃၊ ၄

ထို့​ကြောင့် ဘုရားသခင်​၏​ရှုထောင့်​မှ “ကောင်း” ဖို့​ဟူသည် ကိုယ်တော်​၏​စံနှုန်း​များ​ကို သင်ယူ​ကာ ကျွန်ုပ်​တို့၏​အသက်တာကို ယင်း​တို့​နှင့်​အညီ ပြုပြင်​ပြောင်းလဲ​ဖို့​လို​သည်။ သင်သည် တစ်စုံ​တစ်ဦး​နှင့်​မိတ်ဆွေ​ဖြစ်​လို​သည်​ဟု စိတ်ကူး​ကြည့်​ပါ။ သင်သည် ထို​သူ မည်သို့ ပြုမူ​ဆက်ဆံ​ခံ​လို​သည်ကို သိရှိ​လို​မည်​ဖြစ်​ပြီး သူ​နှစ်သက်​သည့်​ပုံစံ​ဖြင့် ပြုမူ​ပေမည်။ ဘိုးဘေး​အာဗြဟံ​နည်းတူ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​မိတ်ဆွေ၊ တစ်နည်း​အားဖြင့် ကိုယ်တော်​၏​မျက်နှာသာ​ရရှိ​သူ​ဖြစ်​နိုင်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ယာကုပ် ၂:၂၃) ထို့ ပြင် ဘုရားသခင်​၏​စံနှုန်း​များသည် ကျွန်ုပ်​တို့၏​စံနှုန်း​များ​ထက် များစွာ​မြင့်မားသော​ကြောင့် ကျွန်ုပ်​တို့၏​စံနှုန်း​များနှင့်​ကိုက်ညီ​ရန် ကိုယ်တော့်​စံနှုန်း​များ​ကို ပြုပြင်​ပြောင်းလဲ​ပေး​မည်​ဟု မမျှော်လင့်​နိုင်​ပါ။—ဟေရှာယ ၅၅:၈၊ ၉

နာခံခြင်း​၏​အရေးပါမှု

ဘုရားသခင်​၏​မိန့်မှာချက် “အသေးအဖွဲ” များ​ကို ဥပေက္ခာပြု​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ကိုယ်တော် အမှန်ပင် နှစ်သက်ပါ​မည်​လော။ မိန့်မှာချက် “အသေးအဖွဲ” အချို့​ကို နာခံခြင်း​သည် အရေးမပါ​ဟု အချို့​သူတို့ ယူမှတ်​ကြ​ပေမည်။ သို့သော် ဘုရားသခင်​ပြဋ္ဌာန်း​ထားသော မည်သည့်​ပညတ်​ဥပဒေ​ကို​မျှ အရေးမပါ​သော​အရာ​အဖြစ်​သတ်မှတ်​ကာ ထုတ်​ပယ်​၍​မရချေ။ ပညတ်တော်​တို့ကို ခွဲခြား​ထားခြင်း​မရှိကြောင်း သမ္မာကျမ်းစာ​က ၁ ယောဟန် ၅:၃ တွင် ဤသို့​ဖော်ပြ​ထား​သည်ကို သတိပြုပါ– “ပညတ်တော်​တို့ကို စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်။” ဘုရားသခင်​၏​ပညတ်တော်​ရှိသမျှကို ကျွန်ုပ်​တို့​လိုက်လျှောက်ရန် အစွမ်းကုန်​ကြိုးစား​လျှင် ကိုယ်တော်​အပေါ် ကိုယ်ကျိုးမဖက်​သော​မေတ္တာ တင်ပြ​ရာ​ရောက်​၏။—မဿဲ ၂၂:၃၇

ယေဟောဝါ​သည် ကျွန်ုပ်​တို့အား အရာ​ရာ​တွင် ပြည့်ဝ​စုံလင်​နေရ​မည်​ဟု တောင်းဆို​တော်​မ​မူ​ချေ။ ကျွန်ုပ်​တို့သည် မိမိတို့၏​အမှား​များ​အတွက် အမှန်တကယ်​ဝမ်းနည်း​ကာ ယင်း​တို့ကို နောက်ထပ်​မပြု​လုပ်မိ​ရန် ကြို​စား​လျှင် ကျွန်ုပ်​တို့ကို ကိုယ်တော် လိုလိုလားလား​ခွင့်လွှတ်​တော်​မူ​၏။ (ဆာလံ ၁၀၃:၁၂-၁၄; တမန်​တော် ၃:၁၉) သို့သော် အခြား​ကိစ္စ​များ​တွင် နာခံမှု​ရှိ​ခြင်း​ဖြင့် အစားထိုး​၍​ရမည်ဟု​ယူဆ​ကာ အချို့​သော​ပညတ်​များ​ကို တမင်တကာ​လျစ်လျူရှု​မည်​ဆိုလျှင် ဘုရားသခင် လက်ခံ​မည်​လော။ ယင်းကို လက်မခံ​ကြောင်း ကျမ်းစာ​ပုံ​နမူနာ​တစ်ခု​က ဖော်ပြ​သည်။

ဣသရေလ​ရှင်ဘုရင်​ရှောလုသည် ဘုရားသခင့်​မိန့်မှာချက်​အချို့​ကို​သာ နာခံ​ရန်​ရွေးချယ်​ခဲ့​၏။ သူသည် အာမလက်​လူ​တို့​နှင့် စစ်​ဆင်နွှဲ​သည့်​အခါ ၎င်းတို့၏​ခြံမွေး​တိရစ္ဆာန်​များ​ကို ချန်​မထား​ဘဲ ‘သတ်ပစ်’ ရန်​ညွှန်ကြားခံ​ခဲ့​ရသည်။ ရှောလုသည် အခြား​ညွှန်ကြားချက်​များ​ကို လိုက်နာ​ခဲ့​သော်လည်း ဤ​ညွှန်ကြားချက်​ကို​မူ မနာခံ​ဘဲ ‘အကောင်းဆုံး​သိုး​နွား​များ’ ကို မ​သတ်​ဘဲ​ချန်​ထားခဲ့​သည်။ အဘယ်ကြောင့်​နည်း။ သူနှင့် သူ၏​လူတို့သည် ယင်း​တို့ကို ကိုယ့်​အတွက် ချန်​ထား​လို​ကြသည်။—၁ ဓမ္မ​ရာဇဝင် ၁၅:၂-၉

ပရောဖက်​ရှမွေလ​က ဘုရားသခင့်​အမိန့်တော်ကို အဘယ်ကြောင့်​မနာခံ​သနည်း​ဟု ရှောလု​အား မေး​သောအခါ ရှောလု​က မိမိသည် အမိန့်တော်ကို​နာခံ​ပါ​သည်​ဟု ချေပ​ပြောဆို​ခဲ့​၏။ သူသည် ဘုရားသခင်​အား ပူဇော်​ခဲ့​သော​ယဇ်များ​အပါအဝင် သူနှင့် သူ၏​လူ​တို့​ပြုလုပ်​ခဲ့​သည့် ကောင်းမှု​များ​ကို ဖော်ပြ​ခဲ့​သည်။ ရှမွေလ​က ဤသို့​မေးခဲ့သည်– ‘ယေဟောဝါ​၏​အမိန့်တော်ကို နားထောင်ခြင်း​၌ အားရ​တော်​မူ​သကဲ့သို့၊ မီးရှို့​ရာ​ယဇ်​အစ​ရှိသော ယဇ်မျိုး​တို့ကို ပူဇော်​ခြင်း​၌ အားရ​တော်​မူ​မည်​လော။ အလိုတော်​သို့​လိုက်ခြင်း​သည် ယဇ်မျိုး​ထက် သာ၍​ကောင်း​၏။ နားထောင်ခြင်း​သည် သိုးထီး​ဆီ​ဥ​ထက် သာ၍​ကောင်း​၏။’ (၁ ဓမ္မ​ရာဇဝင် ၁၅:၁၇-၂၂) ယင်းကြောင့် ကိစ္စ​အချို့​တွင် ဘုရားသခင်​အား မနာခံခြင်း​ကို ယဇ်များ​ပူဇော်​ခြင်း သို့​မဟုတ် အခြား​ကောင်းမှု​များ​ပြုခြင်း​ဖြင့် အစားထိုး​၍​မရနိုင်​ပေ။

ဘုရားသခင့်​စံနှုန်း​များ—ကိုယ်တော့်​မေတ္တာတော်​ဆိုင်ရာ အထောက်အထား

ယေဟောဝါ​သည် မေတ္တာရှင်​ဖြစ်​ရာ မိမိ​စိတ်တော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့ မည်သို့ ပြုလုပ်​ရမည်ကို မှန်းဆ​မနေ​စေ​လို​ပေ။ သမ္မာကျမ်းစာ​တွင် “ဤ​မည်​သော​လမ်း​သည် မှန်​၏၊ ဤ​လမ်း၌​သွားလော့” ဟု​ဖော်ပြခြင်း​ဖြင့် ကိုယ်တော်​သည် ပြတ်သား​သည့် ကျင့်ဝတ်​ဆိုင်ရာ​လမ်းညွှန်မှုကို ပေး​တော်​မူ​၏။ (ဟေရှာယ ၃၀:၂၁) ကျွန်ုပ်​တို့သည် ကိုယ်တော့်​လမ်းညွှန်မှုကို လိုက်လျှောက်​သောအခါ လူသား​တို့၏ ကွဲလွဲ​နေသော ကျင့်ဝတ်​ဆိုင်ရာ​အယူအဆ​များ​ကို ဆန်းစစ်ခြင်း​မှ​ဖြစ်ပေါ်​လာ​သည့် စိတ်​အလိုမကျ​မှု၊ မရေရာမှု​တို့​နှင့်​ကင်းဝေး​ပေမည်။ ထို့ ပြင် ဘုရားသခင်​သည် အမြဲ​ပင် ‘ကျွန်ုပ်​တို့​အကျိုးအတွက် သွန်သင်’ လမ်းညွှန်​ပေး​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

“ကောင်းမြတ်​ခြင်း” တွင် အဘယ်အရာ​ပါဝင်​ကြောင်း ရွေးချယ်ရာ​တွင် အန္တရာယ်​ကား အဘယ်နည်း။ ကျွန်ုပ်​တို့အားလုံး​သည် တစ်ကိုယ်ကောင်း​ဆန်​ဆန် ပြုမူ​လို​သော​သဘောကို အမွေခံ​ခဲ့​ရ၏။ ကျွန်ုပ်​တို့၏​နှလုံး​က ကျွန်ုပ်​တို့ကို လှည့်စား​နိုင်​သည်။ (ယေရမိ ၁၇:၉) ခက်ခဲ​သည် သို့​မဟုတ် ကန့်သတ်​ချုပ်ချယ်​သည်​ဟု အဓိပ္ပာယ်​ကောက်​ပြီး ဘုရားသခင့်​တောင်းဆိုချက်​များ​၏ အရေးပါမှု​ကို အလွယ်တကူ လျှော့​တွက်​မိ​နိုင်​သည်။

ဥပမာ၊ လက်မ​ထပ်​ထား​သူ​နှစ်ဦး​သည် လိင်​အကျင့်​ယိုယွင်း​ဖို့ ရွေးချယ်​ကြ​ပေမည်။ အခြား​မည်သူမျှ ပါဝင်​ပတ်သက်​ခြင်း​မရှိသော​ကြောင့် ယင်းသည် ကိုယ်ရေးကိုယ်တာ​ကိစ္စ​သာ​ဖြစ်သည်ဟု သူတို့​ယူမှတ်​ကြ​ပေမည်။ သူတို့၏​လုပ်ရပ်များ​သည် ကျမ်းစာ​စံနှုန်း​များနှင့်​မကိုက်ညီ​ကြောင်း သူတို့​သဘောပေါက်​မည်​ဖြစ်သော်လည်း “မည်သူမျှ ထိခိုက်​နစ်နာမှု​မရှိ” သရွေ့ ဘုရားသခင် ပြစ်တင်​ရှုတ်ချ​မည်​မဟုတ်​ဟု ကောက်ချက်​ချ​ပေမည်။ သူတို့၏​ဆန္ဒ​များ​က သူတို့​လုပ်ရပ်​၏​အဓိပ္ပာယ်​နှင့် အကျိုးဆက်များ​ကို အပြည့်အဝ​သဘောမပေါက်​ရန် ကာဆီး​ထား​သည်။ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏။”—သု. ၁၄:၁၂

ယေဟောဝါ​၏​ပညတ်တော်​ရှိသမျှသည် လူသားများ​အပေါ်​ထား​ရှိသည့် ကိုယ်တော့်​မေတ္တာ​နှင့် ကျွန်ုပ်​တို့အား ဆင်းရဲ​ခက်ခဲ​မှုများ​မကြုံ​စေ​လို​သည့် ကိုယ်တော့်​ဆန္ဒ​တို့ကို ပေါ်လွင်​စေ​သည်။ လိင်ဆိုင်ရာ​ကိုယ်ကျင့်တရား သို့​မဟုတ် အခြား​အမူအကျင့်​နှင့်​ပတ်သက်သော ဘုရားသခင့်​စံနှုန်း​များ​ကို မလိုက်နာ​ခြင်း​ဖြင့် လူတို့၏​ဘဝတွင် ကြီးမားသော​ပျော်ရွှင်မှု​နှင့် အောင်မြင်မှု​တို့ကို မရရှိ​ခဲ့​ကြ​ပါ။ ထိုသို့ ပြုခြင်း​က လူများစွာ​၏​အသက်တာကို ပို​၍​ခက်ခဲ​ရှုပ်ထွေး​စေ​ခဲ့ပြီ။ သို့သော် ဘုရားသခင့်​ပညတ်တော်​များ​ကို လိုက်လျှောက်ခြင်း​သည် ကောင်းမွန်သော​အသက်တာဖြင့်​နေထိုင်ရန် ကျွန်ုပ်​တို့၏​ကြိုးစား​မှု​ကို အထောက်အကူ​ပြုပြီး ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် အခြားသူများ​အား အကြောင်းမဲ့​ထိခိုက်​ခြင်း​ကို ရှောင်ရှား​စေနိုင်​သည်။—ဆာလံ ၁၉:၇-၁၁

သင်သည် ဘုရားသခင်​၏​ရှုထောင့်​မှ လူကောင်း​တစ်ဦး အမှန်​ဖြစ်​လို​ပါ​က ကိုယ်တော့်​လမ်းညွှန်မှုကို လိုက်လျှောက်ရန် အစွမ်းကုန်​ကြိုးစား​ပါ။ ‘[ယေဟောဝါ​၏] ပညတ်တော်​တို့သည် စောင့်​ခဲ​သည်မဟုတ်’ ကြောင်း သင်​ကိုယ်တိုင် တွေ့ ကြုံ​ခံစားရ​ပေမည်။—၁ ယောဟန် ၅:၃

သင်​စဉ်းစား​ဖူး​သလော

▪ ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏ လမ်းညွှန်မှုကို အဘယ်ကြောင့် ခံယူ​သင့်​သနည်း။—ဗျာ. ၄:၁၁

▪ ဘုရားသခင့်​ပညတ်တော်​ရှိသမျှကို နာခံ​ရမည်​လော။—၁ ယောဟန် ၅:၃

▪ ကျွန်ုပ်​တို့၏ ကိုယ်ပိုင်​ကျင့်ဝတ်​စံနှုန်း​များ​ကို ရွေးချယ်ခြင်း​သည် အဘယ်ကြောင့် ပညာ​မဲ့​ရာ​ကျ​သနည်း။—သု. ၁၄:၁၂; ယေရမိ ၁၇:၉

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​ရှုမြင်ပုံ​မျိုး သင်၌​ရှိသလော