မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေမြှုပ်ကောင်များ ရိုးရှင်းသော်လည်း ဆန်းပြား

ရေမြှုပ်ကောင်များ ရိုးရှင်းသော်လည်း ဆန်းပြား

ရေမြှုပ်ကောင်များ ရိုးရှင်းသော်လည်း ဆန်းပြား

ဩစတြေးလျမှ နိုးလော့! စာရေးသူ ပေးပို့သည်

သင်ရေချိုးသည့်အခါ တိရစ္ဆာန်တစ်ကောင်၏အရိုးစုကို အသုံးပြုလိုမည်လော။ ထိုသို့အသုံးပြုခြင်းသည် နှစ်သက်စရာဖြစ်ချင်မှဖြစ်မည်။ သို့သော် ရေချိုးရာတွင်အသုံးပြုသည့် သဘာဝရေမြှုပ်သည် အမှန်ဆိုလျှင် ရေမြှုပ်ကောင်ဟုခေါ်သော သတ္တဝါတစ်ကောင်၏ အမျှင်သဏ္ဌာန် အရိုးစုပင်ဖြစ်သည်။

“ရေမြှုပ်ကောင်များသည် တိရစ္ဆာန်မျိုးဆက်စာရင်းတွင် သက်တမ်းအရင့်ဆုံးနှင့် အနိမ့်ဆုံးနေရာ၌ရှိသည်” ဟု နယ်ရှင်နယ်လ် ဂျီအိုဂရဲဖစ်နယူး ကဖော်ပြသည်။ ယင်းကြောင့် အချို့သူတို့က ရှေးဟောင်း ရေမြှုပ်ကောင်တစ်ကောင်သည် ဆင့်ကဲဖြစ်စဉ်အရ တိရစ္ဆာန်နှင့် လူသားတို့၏ဘိုးဘေးဖြစ်သည်ဟု ယူဆကြသည်။ မှတ်တမ်းတင် ရုပ်မြင်သံကြားသတင်းတစ်ပုဒ်က ရေမြှုပ်ကောင်သည် ကျွန်ုပ်အတွက် အသက်ကို အစပြုပေးခဲ့သောဘိုးဘေးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ရေမြှုပ်ကောင်များနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ အဘယ်အရာကို လေ့လာသိရှိခဲ့ကြသနည်း။ ၎င်းတို့သည် ရိုးရှင်းသောသတ္တဝါမျှသာလော၊ သို့မဟုတ် ဆန်းပြားသောပုံစံရှိကြောင်း သက်သေထူသလော။

နှလုံးမရှိ၊ ဦးနှောက်မရှိသော်လည်း ပြဿနာမရှိ

ရေမြှုပ်ကောင်များသည် အပင်များနှင့်တူပုံပေါက်သော်လည်း အရစ္စတိုတယ်နှင့် ပလင်နီအကြီး တို့က ရေမြှုပ်ကောင်များသည် တိရစ္ဆာန်များဖြစ်သည်ဟု အတိအကျဖော်ပြခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းရှိ ရေကန်နှင့် သမုဒ္ဒရာများတွင် ရေမြှုပ်ကောင်မျိုးစိတ် အနည်းဆုံး ၁၅,၀၀၀ အသက်ရှင်နေထိုင်ကြပြီး အံ့ဖွယ်ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရောင်အမျိုးမျိုးရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ပုံစံအနည်းငယ်ကိုသာဖော်ပြရလျှင် ရေမြှုပ်ကောင်များသည် သေးသွယ်ရှည်လျားသောလက်ချောင်း၊ ဖုထစ်ဖောင်းကားနေသောစည်ပိုင်း၊ ဖြန့်ထားသောကော်ဇော၊ လှပသောယပ်တောင်၊ နုနယ်သောဖန်ပန်းအိုးများနှင့်တူပေမည်။ တချို့သည် ဆန်စေ့ထက်သေးငယ်ပြီး တချို့မှာမူ လူအရပ်ထက်ပိုရှည်၏။ သိပ္ပံပညာရှင်များက ရေမြှုပ်ကောင်အချို့သည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နိုင်သည်ဟု ယုံကြည်ကြသည်။

“ရေမြှုပ်ကောင်များ၏ တည်ဆောက်ပုံ၊ လုပ်ဆောင်ပုံနှင့် ကြီးထွားပုံတို့သည် အခြားတိရစ္ဆာန်များနှင့်ကွာခြားသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်း ကဖော်ပြ၏။ မည်သို့ကွာခြားသနည်း။ အခြားတိရစ္ဆာန်များနှင့်မတူဘဲ ရေမြှုပ်ကောင်များတွင် ကိုယ်တွင်းအင်္ဂါများမရှိချေ။ ရေမြှုပ်ကောင်များသည် နှလုံး၊ ဦးနှောက်၊ သို့မဟုတ် နဗ်ကြောစနစ်မရှိဘဲ မည်သို့အသက်ရှင်နိုင်ကြသနည်း။ ရေမြှုပ်ကောင်အတွင်းရှိ အလွန်သေးငယ်သောဆဲလ်များသည် အသက်ဆက်ရှင်နိုင်စေရန် များစွာလုပ်ဆောင်ပေးသည်။ အထူးဆဲလ်များသည် အစာဖမ်းစားခြင်း၊ အာဟာရများ ပို့ဆောင်ခြင်း သို့မဟုတ် စွန့်ပစ်ပစ္စည်း ဖယ်ရှားပေးခြင်းတို့ကို လုပ်ဆောင်သည်။ အခြားဆဲလ်များသည် အရိုးစု သို့မဟုတ် အရေပြားအစိတ်အပိုင်းများကို တည်ဆောက်ပေး၏။ အချို့ဆဲလ်များသည် လိုအပ်လျှင် ဆဲလ်အမျိုးအစားတစ်မျိုးမှ နောက်တစ်မျိုးသို့ပင် ပြောင်းပေးနိုင်သည်။

ရေမြှုပ်ကောင်များသည် နောက်ထပ်နည်းများဖြင့် တစ်မူထူးခြားသည်။ သက်ရှိရေမြှုပ်ကောင်တစ်ကောင်ကို ဆန်ခါတစ်ခုပေါ်တွင် ကြိတ်ခြေလိုက်လျှင်ပင် ဆဲလ်များသည် မူလအကောင်အတိုင်းပြန်ဖြစ်ရန် စုစည်းကြမည်ဖြစ်သည်။ ရေမြှုပ်ကောင်နှစ်ကောင်ကို အတူကြိတ်ခြေသည့်အခါတွင်လည်း မူလအတိုင်း တစ်ကောင်စီပြန်ဖြစ်ရန် ဆဲလ်များသည် တဖြည်းဖြည်း သီးခြားကွဲသွားမည်ဖြစ်သည်။ “အခြားမည်သည့်အပင်၊ မည်သည့်တိရစ္ဆာန်မျှ ဤနည်းဖြင့် မိမိကိုယ်ကို အသက်ပြန်မရှင်စေနိုင်ဟု” နယ်ရှင်နယ်လ် ဂျီအိုဂရဲဖစ်နယူး ကဖော်ပြသည်။

ရေမြှုပ်ကောင်များသည် မျိုးပွားရာတွင်လည်း အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းသာလဲသာရှိ၏။ အချို့ရေမြှုပ်ကောင်များသည် နယ်မြေသစ်များတွင် အခြေချရန် “အာကာသယာဉ်များ” သဖွယ် ဆဲလ်များကို ပြင်ဆင်ထုတ်လွှတ်ပေးသည်။ ထိုသို့ထုတ်လွှတ်ပေးစဉ် ဆဲလ်များ၏လုပ်ဆောင်မှုသည် ယာယီရပ်ဆိုင်းနေသည်။ နောက်ဆုံးတွင် ထိုဆဲလ်များသည် နယ်မြေသစ်သို့ရောက်ရှိပြီး ခြေကုပ်ယူကာ ပြန်လည်လှုပ်ရှားလာသည်။ ထို့နောက် ရေမြှုပ်ကောင်အသစ်တစ်ကောင်ကို ဖြစ်ပွားစေသည်။ အခြားရေမြှုပ်ကောင်များသည် တစ်ကောင်နှင့်တစ်ကောင် လိုအပ်သလို လိင်ပြောင်းဆက်ဆံ၍ မျိုးပွားကြသည်။ အချို့ရေမြှုပ်ကောင်များသည် ဥများဥကြသည်။ “အရိုးရှင်းဆုံးသက်ရှိတွေကိုပဲ အနီးကပ်စူးစမ်းကြည့်လေ ပိုရှုပ်ထွေးတာကို မြင်ရလေပဲ” ဟု စာရေးဆရာ ပေါ မောရစ် က အံ့သြစွာပြောပြသည်။

အဏ္ဏဝါသန့်ရှင်းရေးသမားများ

ရေမြှုပ်ကောင်များသည် “တိရစ္ဆာန်များထဲတွင် တစ်မူထူးခြားသည့် အစာစားစနစ်တစ်ခု” ကိုပိုင်ဆိုင်ထားသည်ဟု သတ္တဗေဒပညာရှင် အယ်လင် ကောလင်းစ် က ရေးသားသည်။ အပြင်ဘက်အရေပြားရှိ အလွန်သေးငယ်သောအပေါက်များသည် ရေမြှုပ်ကောင်တစ်ကိုယ်လုံးတွင် ရှုပ်ထွေးနေသည့် ကလိုင်ပေါက်၊ အခေါင်းပေါက်များကိုဖြစ်စေသည်။ အလွန်သေးငယ်ပြီး သန်းနှင့်ချီရှိသော လှော်ခတ်သည့်ဆဲလ်များ သို့မဟုတ် ကော်လာဆဲလ်များသည် ဤအခေါင်းပေါက်များ၏ မျက်နှာပြင်တွင် တွယ်ကပ်နေသည်။ ဆဲလ်တစ်ခုစီသည် ကျာပွတ်နှင့်တူသောအမျှင်များ ထွက်နေကာ ယင်းအမျှင်များဖြင့် ရှေ့တိုးနောက်ဆုတ် လှော်ခတ်ပေးသည်။ “ရောမတို့၏စစ်လှေကြီးတစ်စင်းပေါ်ရှိ လှေထိုးသားများနည်းတူ [ဤဆဲလ်များ] သည် ရေမြှုပ်ကောင်၏ အခြားဆဲလ်များကို ဖြတ်ကျော်သည့် ရေစီးကြောင်းတစ်ခုဖြစ်စေရန် လှော်ခတ်ပေးကြသည်။ ယင်း၏ရည်ရွယ်ချက်မှာ ရေတွင်ပါသည့် စားစရာအမှုန်လေးများကို အခြားဆဲလ်များက ဖမ်းယူစားသုံးနိုင်ရန်ဖြစ်သည်” ဟုစာရေးဆရာ ဘင် ဟာဒါ က ရှင်းပြသည်။ ရေမြှုပ်ကောင်သည် တစ်နာရီလျှင် ၎င်း၏ထုထည်ထက် ၁၀ ဆပိုများသောရေကို စုပ်ထုတ်ခြင်းဖြင့် အာဟာရများ၊ ဓာတုအဆိပ်အတောက်များနှင့် ရေထဲတွင်ရှိသည့် ဗက်တီးရီးယားအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို စားသုံးရှင်းလင်းပေးသည်။ ရေမြှုပ်ကောင်တစ်ကောင်သည် ပြောင်းလဲသွားသည့် ရေစီးကြောင်းများနှင့်အလိုက်သင့်ဖြစ်ရန် သို့မဟုတ် အောက်ပိုင်းအနည်အနှစ်များကို ဖယ်ရှားရန် စုပ်ထုတ်သည့်လုပ်ဆောင်မှုကို ထိန်းညှိပေးခြင်း သို့မဟုတ် ပြောင်းပြန်လုပ်ဆောင်ခြင်းကိုပင် ပြုလုပ်ပေးမည်။ “ရေမြှုပ်ကောင်များသည် . . . အရေးအပါဆုံး အဏ္ဏဝါသန့်ရှင်းရေးသမားများဖြစ်ကြသည်” ဟု ဒေါက်တာ ဂျွန် ဟူပါ ကဆိုသည်။

ရေမြှုပ်ကောင်တစ်ကောင်ကိုဖြတ်၍ အစားအစာနှင့် ရေများအဆက်မပြတ်စီးဆင်းခြင်းကြောင့် ယင်းသည် ပုဇွန်၊ ကဏန်းနှင့် အခြားသတ္တဝါငယ်လေးများအတွက် အကောင်းဆုံးစံအိမ်တစ်ခုဖြစ်သည်။ ရေမြှုပ်ကောင်တစ်ကောင်အထဲ၌ မှီခိုနေသည့် အကောင်ငယ်လေးပေါင်း ၁၇,၁၂၈ ရှိသည်။ များပြားလှသည့် ဗက်တီးရီးယား၊ ရေမှော်များနှင့် မှိုများသည် ရေမြှုပ်ကောင်များနှင့် အပြန်အလှန်ကူးလူးဆက်ဆံမှုများ ရှိကြသည်။ ဗက်တီးရီးယားများသည် စိုနေသည့် ရေမြှုပ်ကောင်တစ်ကောင်အလေးချိန်၏ ၅၀ ရာခိုင်နှုန်းအထိရှိနိုင်သည်။

ရေမြှုပ်ကောင်များနှင့် ၎င်းတို့၏ အပြန်အလှန်အကျိုးပြုသက်ရှိများ (သဟဇီဝရုပ်) သည် ထူးခြားဆန်းသစ်သောဆေးဝါးများအတွက် အလားအလာကောင်းသည့်ရင်းမြစ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပြီ။ ထိုသို့သောဆေးဝါးများသည် အေ့ဒ်စ်၊ ကင်ဆာ၊ ငှက်ဖျားနှင့် အခြားရောဂါများကို တိုက်ဖျက်ရာတွင် အသုံးဝင်နိုင်သည်ဟု အချို့သူတို့က ယုံကြည်ကြသည်။ ထိုသို့သော ရေမြှုပ်ကောင်ဒြပ်ပေါင်းတစ်ခုကို ရည်ညွှန်း၍ သုတေသီ ရှယ်လီ ပွန်ပိုနီ က ဤသို့ဆိုသည်– “ကွန်ပျူတာအကူအညီနဲ့ ထုတ်လုပ်နိုင်တဲ့ မော်လီကျူးတွေထက်တောင် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ မော်လီကျူးတွေကို သဘာဝတရားက ထုတ်လုပ်နိုင်တယ်။”

ဖန်မျှင်လေးများ၏ ဖန်တီးနိုင်စွမ်း

ရေချိုးရာတွင်သုံးသည့် ပျော့အိပြီး အမျှင်ရှိသောရေမြှုပ်နှင့်မတူဘဲ ရေမြှုပ်ကောင်များစွာသည် ကြမ်းထော်ပြီး မာတောင့်နေသည်။ ဤရေမြှုပ်ကောင်များတွင် ဆူးငယ်များဟုခေါ်သည့် အလွန်သေးငယ်သောဖန်မျှင်လေးများ သန်းနှင့်ချီ၍ရှိသည်။ ဤဆူးငယ်များကို အဏုကြည့်မှန်ပြောင်းဖြင့် စူးစမ်းကြည့်လျှင် ၎င်းတို့၏လှပမှုနှင့် အမျိုးမျိုးအဖုံဖုံရှိမှုသည် အလွန်အံ့သြဖွယ်ကောင်း၏။ နည်းအမျိုးမျိုးဖြင့်ဆက်နွှယ်လျက် ဤဆူးငယ်များသည် ရှုပ်ထွေးသည့်အရိုးစုများ၊ အကာအကွယ် ချပ်ဝတ်တန်ဆာနှင့် ၁၀ ပေရှည်ပြီး တစ်လက်မ၏ ၁/၃ ထူသည့်ကြိုးများကိုပင် ဖန်တီးပေးနိုင်သည်။ သားစားရေမြှုပ်ကောင်တစ်ကောင်သည် သားကောင်ဖမ်းရန် နိုင်လွန်ကပ်ခွာနှင့်တူသော ပိုက်ကွန်များကိုအသုံးပြုသည်။

အဏ္ဏဝါရေနက်ပိုင်းရှိ ဖန်ရေမြှုပ်ကောင်တစ်ကောင်သည် ဆူးငယ်များဖြင့် စွဲမက်စရာကောင်းလောက်အောင်လှပပြီး အနုစိတ်နိုင်သည့် ဖန်သားမှန်ကူကွက်လေးများကို ဖော်ထားသည်။ အလွန်ကြည်လင်သည့် ဆီလီကာဖန်မျှင်များသည် စီးပွားဖြစ်ထုတ်လုပ်သည့် ဖန်မျှင်နန်းကြိုးများနှင့် အလွန်တူသည်။ “ဒီသက်ရှိဖန်မျှင်ကြိုးတွေဟာ အလွန်ခိုင်ခံ့တယ်။ အဲဒီဖန်မျှင်တွေနဲ့ တင်းတင်းချည်လို့ရတယ်။ စီးပွားဖြစ်ထုတ်လုပ်တဲ့ကြိုးမျှင်တွေလို ပြတ်မသွားဘူး” ဟုသိပ္ပံပညာရှင်တစ်ဦးက ရှင်းပြသည်။ သိပ္ပံပညာရှင်များသည် အပူချိန်မများသည့် ပင်လယ်ရေတွင် ဤရှုပ်ထွေးသောဖန်မျှင်များ ဖြစ်ပေါ်လာပုံကို ယနေ့ထိ နားမလည်ကြသေးချေ။ “ဒီဖြစ်ရပ်အရ အတော်လေးရိုးရှင်းတဲ့ သက်ရှိတစ်ကောင်မှာ ပေါင်းစပ်အလင်းပညာနဲ့ ကုန်ကြမ်းလေ့လာမှုပညာဆိုင်ရာ အလွန်ရှုပ်ထွေးတဲ့ပြဿနာအတွက် ဖြေရှင်းနည်းရှိနေတယ်” ဟု ဘဲလ်ဓာတ်ခွဲခန်းများ၏ ဒုတိယဥက္ကဋ္ဌ ချယ်ရီ မာရေး ကပြောပြသည်။

မတော်တဆလော၊ ပုံစံပြုခံရခြင်းလော

ရေမြှုပ်ကောင်များတွင်ထင်ရှားသည့် စွဲမက်ဖွယ်ကောင်းသော ဇီဝဗေဒဆိုင်ရာအင်္ဂါရပ်များစွာကို ဆန်းစစ်ပြီးနောက် “‘ရိုးရှင်းတဲ့ရေမြှုပ်ကောင်’ ဟာ တကယ်ဆိုရင် အလွန်ရှုပ်ထွေးတဲ့ [သတ္တဝါ] ဖြစ်နေပြီး ဒီနေ့အထိတောင် သူ့အကြောင်း ကောင်းကောင်းနားမလည်သေးဘူး” ဟု ဟူပါ ကဆိုသည်။ ထို့ကြောင့် ဤသို့မေးခြင်းကသာ ဆင်ခြင်တုံတရားနှင့်ညီသည်– ဤရှုပ်ထွေးသောသတ္တဝါသည် မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။ မတော်တဆဖြစ်လာခြင်းလော။ သို့မဟုတ် ရေမြှုပ်ကောင်များက ဉာဏ်ရည်ထက်မြက်သည့် ပုံစံပြုရှင်တစ်ပါးရှိကြောင်း ထင်ရှားသောအထောက်အထားလော။

ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ဆင်ခြင်သုံးသပ်ရန် အချို့သူတို့ ငြင်းဆိုကြမည်ဖြစ်သော်လည်း များစွာသောသူတို့မူ ရှေးခေတ်မှ ဆာလံဆရာ၏ ဤလေ့လာတွေ့ရှိချက်ကို သဘောတူကြသည်– ‘အို ယေဟောဝါ၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။ . . . တိရစ္ဆာန်အကြီးအငယ်အများတို့ . . . လည်းရှိပါသေး၏။’—ဆာလံ ၁၀၄:၂၄၊ ၂၅

[စာမျက်နှာ ၁၉ ပါ ပုံကြမ်း/ရုပ်ပုံများ]

ရေမြှုပ်ကောင်တစ်ကောင်၏ တည်ဆောက်ပုံ။ပုံကြီးချဲ့ထားသောရေစုပ်ဆဲလ်များပုံ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ရေမြှုပ်ကောင်၏ ဆူးငယ်များ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖန် ရေမြှုပ်ကောင်

[Picture Credit Lines on page 19]

Sea horse: Rudie H Kuiter; 3 right-hand inset photos: Dr. John Hooper, Queensland Museum

[Picture Credit Lines on page 20]

Top: Eye of Science/​Photo Researchers, Inc.; bottom: Kim Taylor/​Warren Photographic