မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဖိစီးမှု​မှ လွတ်မြောက်ခြင်း

စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

စိတ်​ဖိစီးမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း​နိုင်ဖို့ ကိုယ့်​ကျန်းမာရေး၊ တခြား​သူတွေနဲ့ ဆက်ဆံပုံ၊ ပန်းတိုင်၊ ဘဝမှာ ဦးစား​ထားရာတွေကို ပြန်​ဆန်းစစ်​ဖို့ လိုတယ်။ စိတ်​ဖိစီးမှုကို ထိရောက်​စွာ ကိုင်တွယ်ဖြေရှင်း​နိုင်ဖို့၊ လျှော့ချ​နိုင်ဖို့ ကူညီ​ပေးမယ့် လက်တွေ့ကျ မူ​တချို့ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

တစ်ရက်တာ​အတွက်ပဲ စဉ်းစားပါ

“နေ့ရက်တိုင်းဟာ သူ့​စိုးရိမ်​စ​ရာ​နဲ့​သူ ရှိနေမှာ​ဆိုတော့ မနက်ဖြန်​အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”​—မဿဲ ၆:၃၄

အဓိပ္ပာယ်– စိုးရိမ်​ပူပန်မှုက နေ့စဉ် ဘဝမှာ ကြုံနေ​ကျပဲ။ ဒါပေမဲ့ မနက်ဖြန်​အတွက် ကြိုတွေး​ပြီး ဒီနေ့ စိုးရိမ်​ပူပန်မှု​ကို ပို​မဆိုး​စေပါ​နဲ့။ တစ်ရက်​အတွက်ပဲ စဉ်းစားပါ။

  • စိတ်ဖိစီးမှု​က စိုးရိမ်​ပူပန်​စေနိုင်တယ်။ ဒါကြောင့် ပထမ၊ တချို့​ဖိစီးမှုကို ရှောင်လွှဲ​လို့ မရဘူး​ဆိုတာ အသိအမှတ်​ပြုပါ။ မတားဆီး​နိုင်တဲ့ အရာတွေ​အတွက် တွေးပူ​တာ​က စိတ်ဖိစီးမှု တိုးများ​စေတယ်။ ဒုတိယ၊ အများအားဖြင့် ကိုယ်​စိုးရိမ်​တဲ့​အတိုင်း တကယ်​ဖြစ်မလာ​တတ်​ဘူးဆို​တာ သိထားပါ။

အကျိုးသင့်အကြောင်းသင့်​ရှိပါ

“အထက်​က​လာတဲ့ ဉာဏ်ပညာ​ကို ပိုင်ဆိုင်တဲ့​သူဟာ . . . အကျိုးသင့်အကြောင်းသင့် ရှိတယ်။”​—ယာကုပ် ၃:၁၇

အဓိပ္ပာယ်– ပြီးပြည့်စုံ​လင်​ဖို့ မကြိုးစားပါနဲ့။ ကိုယ့်အတွက်​ဖြစ်စေ၊ တခြားသူတွေ​အတွက်​ဖြစ်စေ လက်တွေ့​မကျတဲ့ စံနှုန်း​အမြင့်​ကြီး​တွေ မသတ်မှတ်​ပါ​နဲ့။

  • ကျိုးနွံမှု ရှိပါ။ အကျိုးသင့်အကြောင်းသင့် ရှိတဲ့ စံနှုန်းတွေ ချမှတ်ပါ။ ကိုယ်တိုင်နဲ့ တခြား​သူတွေရဲ့ ကန့်သတ်ချက်​တွေကို သိပါ။ ဒါဆိုရင် ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ဖိစီးမှု လျော့နည်း​မယ်။ ဘဝမှာ ပိုအောင်မြင်မယ်။ အဲဒီအပြင် ဟာသ​ဉာဉ် ရှိပါ။ ရယ်မော​တာ​က စိတ်​တင်းကျပ်​တာတွေကို ပြေလျော့​စေပြီး စိတ်​ကြည်လင်​စေတယ်။

ဘာက စိတ်ဖိစီးမှု ဖြစ်စေ​ကြောင်း သိအောင် လုပ်ပါ

“ပိုင်းခြား​သိမြင်မှု​ရှိသူဟာ အေးဆေး​တည်ငြိမ်တယ်။”​—ပညာအလိမ္မာ ၁၇:၂၇

အဓိပ္ပာယ်– မကောင်းတဲ့ စိတ်လှုပ်ရှားမှု​တွေ​ကြောင့် ကောင်းကောင်း မစဉ်းစား​နိုင်တော့ဘူး။ ဒါကြောင့် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ။

  • ဘာက သင့်ကို စိတ်ဖိစီးမှု ဖြစ်စေကြောင်း သိအောင် လုပ်ပြီး ကိုယ့်​တုံ့ပြန်ပုံကို မှတ်သားပါ။ ဥပမာ၊ စိတ်ဖိစီးတဲ့​အခါ ကိုယ့်​အတွေး၊ ခံစားချက်၊ အပြုအမူတွေ​ကို ဖြစ်နိုင်မယ်​ဆိုရင် ချရေး​ထားပါ။ ဒါဆိုရင် စိတ်​ဖိစီးမှုကို ပို​ထိရောက်​စွာ ကိုင်တွယ်​တတ်လာ​ပါလိမ့်မယ်။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကို ရှင်းထုတ်​ပါ။ အဲဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး​ဆိုရင် အလုပ်နဲ့ အချိန်ကို ကောင်းကောင်းစီမံခြင်း​အားဖြင့် ဖိစီးမှုတွေကို လျှော့ချပါ။

  • ကိစ္စရပ်​တွေကို တစ်​ဘက်​တည်း​ကနေ မကြည့်​ပါနဲ့။ စိတ်ဖိစီး​စေတဲ့​အရာတွေ​က တစ်ယောက်နဲ့​တစ်ယောက် မတူကြဘူး။ ရှုမြင်ပုံ မတူ​လို့ ဖြစ်နိုင်တယ်။ ဒီအကြံပြုချက် သုံးခုကို သုံးသပ်​ကြည့်ပါ–

    1. ၁။ တခြားသူရဲ့ စိတ်ရင်းကို အလျင်စလို အပြစ်​မမြင်​ပါ​နဲ့။ တစ်ခုခု​အတွက် တန်းစီ​နေချိန်မှာ လူတစ်ယောက်က ရှေ့​ကနေ ကြားဖြတ်​လိုက်တဲ့အခါ သူ့​အပြုအမူကို ရိုင်းလိုက်တာ​လို့ တွေးမိရင် ဒေါသ​ထွက်လာ​နိုင်တယ်။ အဲဒီအစား တမင်​လုပ်တာ မဟုတ်လောက်ပါဘူးလို့ တွေး​လိုက်ရင် စိတ်သက်သာ​နိုင်တယ်။

    2. ၂။ အခြေအနေကို အကောင်းဘက်ကနေ ကြည့်ပါ။ ဆေးခန်း​မှာ​ဖြစ်စေ၊ လေဆိပ်​မှာ​ဖြစ်စေ အကြာကြီး စောင့်နေ​ရချိန်မှာ တစ်ခုခု ဖတ်နေ​တာ၊ အလုပ် လုပ်နေတာ၊ အီးမေးလ် စစ်​နေတာ​တွေ​က စိတ်ဖိစီးမှု သက်သာ​စေတယ်။

    3. ၃။ ကိစ္စရပ်​တစ်ခုလုံးကို ခြုံငုံကြည့်​ပါ။ ‘ဒီ​ပြဿနာ​က မနက်ဖြန် ဒါမှမဟုတ် နောက်​အပတ်​မှာ တကယ့်​ပြဿနာကြီး ဖြစ်လာ​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အသေးအဖွဲ​ကိစ္စ​နဲ့ ကြီးလေး​တဲ့​ကိစ္စတွေကို ပိုင်းခြား​တတ်​ပါ။

စည်းစနစ်ကျ​ဖို့ ကြိုးစားပါ

“အရာရာကို နည်းလမ်း​တ​ကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”​—၁ ကောရိန္သု ၁၄:၄၀

အဓိပ္ပာယ်– ဘဝကို စည်းစနစ်ကျ​စေဖို့ ကြိုးစားပါ။

  • ကျွန်တော်တို့​က ဘဝကို အတော်အသင့် စည်းစနစ်တကျ ဖြစ်စေချင်​ကြတယ်။ စည်းစနစ်တကျ မဖြစ်​ဘဲ စိတ်ဖိစီးမှု ဖြစ်စေ​နိုင်တဲ့ အကြောင်းရင်း​တစ်ခုကတော့ အချိန်ဆွဲ​ခြင်း​ပဲ။ အချိန်ဆွဲ​ရင် အလုပ်​မပြီး​တာ​တွေ ပို​များ​လာနိုင်တယ်။ ဒီ​အကြံပြုချက် နှစ်ခု​ကို စမ်းကြည့်ပါ။

    1. ၁။ လက်တွေ့ကျတဲ့ ဇယား ဆွဲပြီး ဇယားအတိုင်း လိုက်လုပ်​ပါ။

    2. ၂။ ဘာကြောင့် အချိန်ဆွဲ​တတ်​သလဲ ဆိုတာ သိအောင်​လုပ်ပြီး ပြုပြင်ပါ။

ဘဝပုံစံကို မျှတ​စေပါ

“လက်တစ်ဆုပ်​စာ အနားယူ​ရတာဟာ လက်နှစ်ဆုပ်စာ တ​ပင်​တ​ပန်း လုပ်ဆောင်​ပြီး လေကို​ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာ​ထက် ပို​ကောင်းတယ်။” —ဒေသနာ ၄:၆

အဓိပ္ပာယ်– အလုပ်ကိုပဲ သဲကြီးမဲကြီး လုပ်တတ်​သူတွေဟာ “လက်နှစ်ဆုပ်စာ တ​ပင်​တ​ပန်း လုပ်ဆောင်” ထားတာ​ရဲ့ အကျိုးကျေးဇူး​ကို ခံစား​ရမှာ မဟုတ်ဘူး။ သူတို့မှာ ကိုယ်​လုပ်လိုက်​တဲ့ အလုပ်​ကနေ ကျေနပ်​ပျော်ရွှင်မှု ခံစားဖို့ အချိန်နဲ့ ခွန်အား မရှိတော့​တာ ဖြစ်နိုင်တယ်။

  • အလုပ်နဲ့ ငွေကြေးကို အရှိအတိုင်း ရှုမြင်ပါ။ ငွေများများ ရှိ​တိုင်း ပို​ပျော်​မှာ၊ ဖိစီးမှု နည်း​မှာ မဟုတ်ဘူး။ အဲဒီအစား ဆန့်ကျင်ဘက်​တောင် ဖြစ်နိုင်တယ်။ ‘သူဌေး​သူကြွယ်​က စည်းစိမ်​တွေ​ကြောင့် အိပ်ရေးပျက်​ရတယ်’ လို့ ဒေသနာ ၅:၁၂ မှာ ပြောတယ်။ ဒါကြောင့် ကိုယ်​တတ်နိုင်​တာ​ထက် ပိုမသုံးပါ​နဲ့။

  • အနားယူဖို့ အချိန်ဖယ်​ထားပါ။ ကိုယ်​နှစ်သက်တာ​တွေ လုပ်​နေရ​ရင် စိတ်ဖိစီးမှု ပြေလျော့​တယ်။ ဒါပေမဲ့ တီဗီ​ကြည့်တာ​လို​မျိုး အထိုင်​များတဲ့ အပန်းဖြေမှု​ကတော့ အကျိုး​မဖြစ်​ဘူး။

  • နည်းပညာ​ကို သူ့​နေရာ​နဲ့​သူ ထားပါ။ အီးမေးလ်၊ မက်ဆေ့ချ်၊ လူမှု​မီဒီယာ ဝက်ဘ်ဆိုက်တွေကို အမြဲ ကြည့်နေ​တာ​မျိုး မလုပ်ပါနဲ့။ အလုပ်ချိန်​နောက်ပိုင်း အလုပ်နဲ့​ပတ်သက်တဲ့ အီးမေးလ်တွေကို မလိုအပ်ဘဲ မကြည့်​ပါ​နဲ့။

ကျန်းမာရေး ဂရုစိုက်ပါ

‘ကာယ​လေ့ကျင့်ခန်း​လုပ်တာ​က အကျိုး​ရှိတယ်။’—၁ တိမောသေ ၄:၈

အဓိပ္ပာယ်– လေ့ကျင့်ခန်း ပုံမှန်​လုပ်တာ​က ကျန်းမာရေး ပို​ကောင်း​စေတယ်။

  • ကျန်းမာရေး​ကောင်း​စေတဲ့ အလေ့အကျင့်​တွေ မွေးမြူပါ။ ကိုယ်လက်​လှုပ်ရှားမှု​က စိတ်​ကြည်လင်​စေပြီး ဖိစီးမှုကို ကောင်းကောင်း တုံ့ပြန်​နိုင်​စေတယ်။ အာဟာရ​ရှိတဲ့ အစားအစာ​တွေကို စားပါ။ ပုံမှန် စားပါ။ လုံလုံလောက်လောက် အနား​ယူပါ။

  • ဆေးလိပ်၊ အရက်၊ မူးယစ်​ဆေး စတဲ့ အန္တရာယ်​ရှိတဲ့ “နည်း​တွေ” နဲ့ စိတ်​ဖိစီးမှုကို မဖြေရှင်း​ပါ​နဲ့။ အဲဒါတွေကြောင့် ရေရှည်​မှာ ငွေ​ကုန်​ပြီး ကျန်းမာရေး ထိခိုက်​လို့ စိတ်ဖိစီးမှု ပို​ခံစား​ရနိုင်တယ်။

  • မခံမရပ်​နိုင်အောင် စိတ်ဖိစီး​လာ​ရင် ဆရာဝန်နဲ့ သွားတွေ့​ပါ။ အဲဒီလို သွား​တွေ့​တာ ရှက်​စ​ရာ မဟုတ်ပါဘူး။

ဦးစားထားရာ​တွေ ချမှတ်ပါ

‘ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိပါ။’ —ဖိလိပ္ပိ ၁:၁၀

အဓိပ္ပာယ်– ဦးစား​ထားရာတွေကို အသေအချာ ဆန်းစစ်ပါ။

  • တာဝန်တွေကို အရေးကြီး​ရာ​အလိုက် စီစဉ်ပါ။ အဲဒါက ပို​အရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်​စေနိုင်တယ်။ ဘယ်​အလုပ်ကို ဆိုင်း​ထားရမလဲ၊ လွှဲ​ပေး​ရမလဲ၊ ရပ်လိုက်ရ​မလဲ​ဆိုတာ သိလာ​စေနိုင်တယ်။

  • တစ်ပတ်တာ​အတွင်း အချိန်ကို ဘယ်လို သုံး​သလဲ​ဆိုတာ စာရင်း​မှတ်ထားပါ။ ပို​အကျိုးရှိရှိ သုံးနိုင်​အောင် စီစဉ်ပါ။ အချိန်ကို ကောင်းကောင်း စီမံ​နိုင်​လေ စိတ်ဖိစီးမှု နည်း​လေ ဖြစ်လာမယ်။

  • ခဏတစ်ဖြုတ် နား​ဖို့ အချိန်ဖယ်​ထားပါ။ ခဏတစ်ဖြုတ် နား​တာ​က ပြန်​လန်းဆန်း​စေပြီး စိတ်ဖိစီးမှု လျော့​စေနိုင်တယ်။

အကူအညီ ရယူပါ

“စိုးရိမ်​ပူပန်မှုဟာ စိတ်ဓာတ်​ကျစေ​တယ်။ ကောင်းတဲ့​စကားကတော့ စိတ်​အားတက်စေ​တယ်။”—ပညာအလိမ္မာ ၁၂:၂၅

အဓိပ္ပာယ်– ကြင်နာတဲ့၊ စာနာမှု​ရှိတဲ့ စကားတွေက စိတ်အားတက်စေ​နိုင်တယ်။

  • နားလည်မှု​ရှိသူ​တစ်ယောက်ကို ကိုယ့်အကြောင်း​တွေ ပြောပြပါ။ သူက ကိစ္စရပ်​တွေကို နောက်​တစ်မျိုး မြင်လာ​အောင်၊ ကိုယ်​သတိ​မထား​မိ​လိုက်တဲ့ ဖြေရှင်း​နည်းကို တွေ့​လာ​အောင် ကူညီ​ပေး​နိုင်တယ်။ ရင်ဖွင့်​ပြောလိုက်​ရုံ​နဲ့ စိတ်​လက်​ပေါ့ပါး​သွားနိုင်တယ်။

  • အကူအညီ တောင်းပါ။ တာဝန်ကို လွှဲပြောင်းပေး​ပါ။ ဒါမှမဟုတ် ခွဲဝေ​ပြီး လုပ်ပါ။

  • အလုပ်ဖော်​တစ်ယောက်​ကြောင့် စိတ်ဖိစီး​နေရင် အခြေအနေ တိုးတက်လာ​အောင် နည်းလမ်း ရှာပါ။ ဥပမာ၊ သူ့​ကြောင့် ကိုယ်​ဘယ်လို ခံစားရ​တယ်​ဆိုတာ ကြင်နာစွာ၊ လိမ္မာ​ပါးနပ်​စွာ ပြောပြပါ။ (ပညာအလိမ္မာ ၁၇:၂၇) ဒါလည်း အဆင်မပြေဘူး​ဆိုရင် သူနဲ့ ပေါင်း​တဲ့အချိန်​ကို လျှော့​လိုက်ပါ။

ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်းပါ

“ဘုရားသခင်ကို မှီခို​ဖို့ လိုအပ်​မှန်း သိမြင်​သူတွေ ပျော်ရွှင်​ချမ်းမြေ့တယ်။”—မဿဲ ၅:၃

အဓိပ္ပာယ်– လူတွေဟာ စားစရာ၊ ဝတ်စရာ၊ နေစရာ ထက်မက လိုအပ်တယ်။ ဘာသာတရား လိုအပ်ချက်​ရှိတယ်။ အဲဒီလို​အပ်​ချက်​ကို သိမြင်ပြီး ဖြည့်ဆည်း​မှ ပျော်ရွှင်မှု​ရမယ်။

  • ဆုတောင်းခြင်းက အထောက်အကူ​ပြုတယ်။ “စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ပေတရု ၅:၇) ဆုတောင်း​တာ၊ အကျိုးရှိ​တာတွေကို တွေးတော​ဆင်ခြင်​တာ​က စိတ်​ငြိမ်သက်မှု ရစေ​နိုင်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇

  • ဘုရားနဲ့ ပို​ရင်းနှီး​စေမယ့် စာပေတွေ ဖတ်ပါ။ ဒီမဂ္ဂဇင်းမှာ ဆွေးနွေး​ထားတာ​တွေဟာ ကျမ်းစာထဲကဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘာသာတရား လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးဖို့ ကျမ်းစာကို ရေး​ထားတာ။ ကျမ်းစာ​မူတွေ​က “လက်တွေ့ကျ​ဉာဏ်ပညာနဲ့ စဉ်းစား​ဆင်ခြင်နိုင်စွမ်း” ကို တိုးများ​စေတယ်။ (ပညာအလိမ္မာ ၃:၂၁) ကျမ်းစာ နေ့တိုင်း ဖတ်ဖို့ ပန်းတိုင်​ထားပါ။ ပညာအလိမ္မာကျမ်း​ကနေ စ​ဖတ်​နိုင်တယ်။