မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

ကျန်းမာကြံ့ခိုင်ခြင်း

ကျန်းမာကြံ့ခိုင်ခြင်း

နာတာရှည်​ရောဂါ၊ မသန်မစွမ်း​ဖြစ်​ခြင်းက ဘဝ​အပေါ် အကြီးအကျယ် ထိခိုက်​နိုင်တယ်။ လေဖြတ်​သွားတဲ့​နောက် တစ်ချိန်က တက်ကြွ​ဖျတ်လတ်​ခဲ့တဲ့ အု​ဖ် ဒီလိုပြောတယ်- “စိတ်ဓာတ် အရမ်း​ကျ​လာတယ်။ ခွန်အား​တွေ၊ သတ္တိ​တွေ ပျောက်ဆုံး​သွားတယ်။ . . . ‘ဘဝ​ဆုံး​ပြီ’ လို့​ခံစား​ရတယ်။”

ဘယ်သူမှ ကိုယ့်​ကျန်းမာရေး​ကို အပြည့်အဝ မထိန်းချုပ်​နိုင်​ဘူး​ဆိုတာ အု​ဖ်​ရဲ့ အတွေ့အကြုံ​က ဖော်ပြတယ်။ ဒါပေမဲ့ ကျန်းမာရေး မထိခိုက်​အောင် အတော်အတန် ကာကွယ်​နိုင်ပါတယ်။ ကျန်းမာရေး ယိုယွင်း​လာ​ရင်​ကော။ မပျော်ရွှင်​နိုင်​တော့ဘူး​လား။ မဟုတ်ပါဘူး။ ကျန်းမာရေး ကောင်းမွန်​စေတဲ့ အခြေခံ​မူ​တချို့ကို အရင်ဆုံး သုံးသပ်ကြည့်​ရ​အောင်။

ပြုမူကျင့်ကြံ​ပုံ အစွန်း​မ​ရောက်” ပါနဲ့။ (၁ တိမောသေ ၃:၂၊ ၁၁) စားကြူးသောက်ကြူး​တဲ့​အကျင့် ရှိမယ်​ဆိုရင် ကျန်းမာရေး​ကော ငွေကြေး​ပါ ထိခိုက်​တတ်တယ်။ “စပျစ်ဝိုင် သောက်ကြူး​သူတွေ၊ အသား​ကို ငမ်းငမ်းတက်​စား​သူတွေ​ထဲမှာ မင်း မပါ​စေ​နဲ့။ အရက်သမား​တွေ၊ စားကြူး​သူတွေဟာ ဆင်းရဲ​သွား​လိမ့်မယ်။ ငိုက်မျဉ်း​နေ​သူတွေဟာ အဝတ်စုတ်​ပဲ ဝတ်​ရ​လိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၂၀၊ ၂၁

ကိုယ်ခန္ဓာ​ကို မ​ညစ်ညူး​စေ​နဲ့။ “ကိုယ်​စိတ်​နှစ်ပါး​ကို ညစ်ညူး​စေတဲ့​အရာ ရှိသမျှ​နဲ့ ကင်းစင်​နေ​ကြစို့။” (၂ ကောရိန္သု ၇:၁) ဆေးရွက်ကြီး ငုံ​တာ၊ ဆေးလိပ် သောက်​တာ၊ အရက်​နဲ့ မူးယစ်​ဆေး တလွဲသုံး​တာ​တွေ​က ကိုယ်ခန္ဓာ​ကို ညစ်ညူး​စေတယ်။ ဥပမာ၊ ဆေးလိပ်သောက်​ခြင်းက “ရောဂါ ရစေတယ်၊ မသန်မစွမ်း ဖြစ်စေတယ်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးနီးပါး​ကို ထိခိုက်​စေတယ်” လို့ အမေရိကန် ရောဂါ​ထိန်းချုပ်ရေး​နဲ့ ကာကွယ်ရေး​ဌာန​က ဖော်ပြတယ်။

ကိုယ်ခန္ဓာ​နဲ့ အသက်​ကို အဖိုးတန်​လက်ဆောင်​လို့ သဘောထား​ပါ။ “ဘုရား​သခင်​ကြောင့်​သာ ကျွန်တော်တို့ ဖြစ်တည်​နေတာ၊ အသက်ရှင်​ပြီး သွားလာလှုပ်ရှား​နေတာပါ။” (တမန်တော် ၁၇:၂၈) အဲဒီလို​သဘောထား​ရင် လုပ်ငန်းခွင်​မှာ​ဖြစ်စေ၊ ယာဉ်မောင်း​နှင်​ချိန်မှာ​ဖြစ်စေ၊ အပန်းဖြေ​တဲ့အခါ​ဖြစ်စေ မလိုအပ်ဘဲ စွန့်စား​တာမျိုး​ကို ရှောင်ကြ​ပါမယ်။ ခဏတာ စိတ်လှုပ်ရှား​ရင်ခုန်​မှု​အတွက် တစ်​ဘဝ​စာ မ​ရင်း​ပါနဲ့။

အပျက်သဘောထား​တွေကို ထိန်းချုပ်​ပါ။ စိတ်နဲ့ ခန္ဓာ​ဟာ ဆက်စပ်နေတယ်။ အစိုးရိမ်လွန်​ခြင်း၊ ဒေါသ​မထိန်းနိုင်​ခြင်း၊ ငြူစူ​ခြင်း၊ တခြား​အပျက်သဘောထား​တွေကို ရှောင်​ပါ။ ဆာလံ ၃၇:၈ မှာ “အမျက်မထွက်​နဲ့။ ဒေါသူပုန်​မ​ထ​နဲ့” လို့ ဆိုထား​တယ်။ “နေ့ရက်​တိုင်း​ဟာ သူ့​စိုးရိမ်​စ​ရာ​နဲ့​သူ ရှိနေ​မှာ​ဆိုတော့ မနက်ဖြန်​အတွက် ဘယ်တော့မှ မစိုးရိမ်​ပါနဲ့။”—မဿဲ ၆:၃၄

အပြုသဘောဆောင်​တဲ့​အရာတွေကို အာရုံစိုက်ပါ။ ပညာအလိမ္မာ ၁၄:၃၀ မှာ “တည်ငြိမ်​တဲ့​စိတ်​ဟာ ကိုယ်ခန္ဓာ​ကို ကျန်းမာ​စေတယ်” လို့ ဆိုထား​တယ်။ “ရွှင်လန်း​တဲ့​စိတ်​ဟာ ဆေး​စွမ်း​ကောင်း​တစ်လက်​ပဲ” လို့လည်း ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၁၇:၂၂) အဲဒါဟာ သိပ္ပံ​ပညာနဲ့ ကိုက်ညီ​တဲ့ အကြံပြုချက်​ကောင်း​ပဲ။ “ပျော်​နေရင် မပျော်​တဲ့​သူတွေ​လောက် ကျန်းမာရေး​ပြဿနာ ရှိ​မှာ မဟုတ်ဘူး” လို့ စကော့တလန်​က ဆရာဝန်​တစ်ယောက် ပြောတယ်။

ကြံ့ခိုင်​အောင် ကြိုးစားပါ။ အစပိုင်းမှာ​ပါတဲ့ အု​ဖ်​လိုပဲ ကျွန်တော်တို့မှာ ရွေးချယ်​စ​ရာ မရှိဘဲ စမ်းသပ်မှု ခံရပ်​နေရတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လို ရင်ဆိုင်​ခံရပ်​မ​လဲ​ဆိုတာကို​တော့ ရွေးချယ်​နိုင်တယ်။ တချို့​က အကြီးအကျယ် စိတ်ဓာတ်ကျ​ပြီး အခြေအနေကို ပိုဆိုး​သွား​စေနိုင်​တယ်။ “ဒုက္ခရောက်​ချိန်မှာ စိတ်ဓာတ်ကျ​နေရင် အားလျော့​သွား​လိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၀ မှာ ဖော်ပြထားတယ်။

တချို့​က​တော့ အစပိုင်းမှာ စိတ်ဓာတ်ကျ​ပေ​မဲ့ နောက်ပိုင်းမှာ အလိုက်သင့်​နေ​တတ်လာ​ကြ​တယ်။ ဖြေရှင်းနည်း​တွေ တွေ့​လာကြတယ်။ အုဖ်လည်း အဲဒီလိုပဲ။ များများ​ဆုတောင်းခြင်း၊ အားရှိစေတဲ့ ကျမ်းစကား​တွေကို တွေးတော​ဆင်ခြင်ခြင်း​ကြောင့် “အတားအဆီး​တွေကို မဟုတ်ဘဲ အခွင့်အလမ်း​တွေကို စ​မြင်​လာတယ်” လို့ပြောတယ်။ ဒုက္ခ​ကြီးကြီးမားမား ကြုံဖူး​တဲ့​သူတွေ​လိုပဲ အု​ဖ်​လည်း သနားတတ်​လာတယ်၊ ကိုယ်ချင်းစာ​တတ်​လာတယ်၊ တခြား​သူတွေကို ကျမ်းစာပါ နှစ်သိမ့်​စကား​တွေ ပြောပြ​တတ်​လာတယ်။

အကြီးအကျယ် ဒုက္ခရောက်​ဖူး​သူ နောက်​တစ်ယောက်က​တော့ စတိဖ်​ပါ။ အသက် ၁၅ နှစ်မှာ မတော်တဆမှု​ကြောင့် လည်ပင်း​အောက်ပိုင်း လှုပ်ရှား​လို့ မရ​တော့ဘူး။ အသက် ၁၈ နှစ်မှာ လက်တွေ​ကို အသုံးပြု​လာနိုင်တယ်။ တက္ကသိုလ် တက်ပြီး မူးယစ်​ဆေး၊ အရက် စွဲ​ပြီး အကျင့်​ယိုယွင်း​ခဲ့တယ်။ မျှော်လင့်ချက် မဲ့လာ​တယ်။ ကျမ်းစာ လေ့လာတဲ့အခါ ဘဝ​အမြင် ပြောင်းလဲ​လာပြီး အကျင့်ဆိုး​တွေ ဖြတ်​လာနိုင်တယ်။ “အတော်ကြာ​တဲ့​အထိ ဘဝဟာ ဘာ​အနှစ်သာရ​မှ မရှိ ဖြစ်ခဲ့ပေမဲ့ အခုတော့ စိတ်ချမ်းသာ​မှု၊ ပျော်ရွှင်မှု၊ ရောင့်ရဲမှု​တို့​နဲ့ ပြည့်နေ​ပါ​ပြီ” လို့ စ​တိ​ဖ် ပြောတယ်။

စ​တိ​ဖ်​နဲ့ အု​ဖ်​ရဲ့ စကား​တွေ​က ဆာလံ ၁၉:၇၊ ၈ မှာ​ပါတဲ့ ကျမ်းစကား​တွေကို သတိရ​စေတယ်– “ယေဟောဝါရဲ့ ပညတ်​ဟာ ပြည့်ဝစုံလင်​တယ်။ လူ​ကို အစွမ်း​ခွန်အား ပြည့်စေ​တယ်။ . . . ယေဟောဝါရဲ့ မိန့်မှာချက်တွေ​ဟာ ဖြောင့်မတ်​တယ်။ စိတ်​နှလုံးကို ရွှင်လန်း​စေတယ်။ ယေဟောဝါရဲ့ ပညတ်ချက်​ဟာ သန့်စင်​တယ်။ မျက်စိ​ကို လင်း​စေတယ်။”