မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာ​ကျမ်း​စာ​က ဘဝ​ပုံ​စံ​တွေ​ကို ပြောင်း​လဲ​ပေး​နိုင်

ကျွန်တော် စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့

ကျွန်တော် စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့
  • မွေး​ဖွား​တဲ့​နှစ် ၁၉၇၄

  • နေ​ရင်း​နိုင်​ငံ မက္က​ဆီ​ကို

  • ဘဝ​နောက်​ခံ အကြမ်း​ဖက်​အနိုင်​ကျင့်​တတ်​တဲ့ လမ်း​သရဲ​ချာ​တိတ်

အတိတ်–

မက္က​ဆီ​ကို​နိုင်​ငံ​ရဲ့ သိပ်​လှ​တဲ့ တ​မော်​လီ​ပါစ်​ပြည်​နယ်၊ စီ​ယူ​ဒက် မန်​တယ်​မြို့​မှာ ကျွန်​တော့်​ကို မွေး​ဖွား​ခဲ့​တယ်။ အဲဒီ​မှာ​နေ​တဲ့​သူ​တွေ​က အများ​အား​ဖြင့်​တော့ စိတ်​ရင်း​စေတနာ​ကောင်း​ကြ​တယ်။ ဒါ​ပေမဲ့ ရာ​ဇ​ဝတ်​ဂိုဏ်း​တွေ​ကြောင့် အဲဒီ​နေ​ရာ​က သိပ်​အန္တရာယ်​များ​တယ်။

သား​ချည်း​ပဲ လေး​ယောက်​ရှိ​တဲ့​ထဲ​က ကျွန်​တော်​က ဒုတိ​ယ​မြောက်​ပါ။ မိ​ဘ​တွေ​က ကျွန်တော့်​ကို ကက်​သလစ်​ချာ့ခ်ျ​မှာ နှစ်ခြင်း​မင်္ဂ​လာ ခံ​ယူ​ခိုင်း​တာ​မို့ နောက်​ပိုင်း​မှာ ဓမ္မ​တေး​သံ​စုံ​အဖွဲ့​ထဲ ကျွန်​တော် ပါ​ဝင်​ခွင့်​ရခဲ့​တယ်။ ဘု​ရား​နှစ်​သက်​တဲ့ လမ်း​စဉ်​အတိုင်း ကျွန်​တော်​နေ​ထိုင်​ချင်​တယ်။ ဒါ​မှ ကျွန်​တော်​သိပ်​ကြောက်​တဲ့ င​ရဲ​မှာ ထာ​ဝ​စဉ်​ညှဉ်း​ဆဲ​မခံ​ရ​မှာ​လေ။

ကျွန်​တော် အသက် ၅ နှစ်​မှာ အဖေက မိသား​စု​ကို ထား​သွား​တယ်။ သိပ်​ဝမ်း​နည်း​တာ​ပဲ။ ရင်​ထဲ​မှာ​လည်း ဟာ​တာ​တာ​ကြီး ခံစား​ရ​တယ်။ ကျွန်​တော်​တို့ သူ့​ကို ဒီ​လောက်​ချစ်​ရဲ့​သား​နဲ့ သူ ဘာ​လို့​ထား​သွား​မှန်း နား​မလည်​နိုင်​ခဲ့​ဘူး။ ဒီ​လို​နဲ့ သား​လေး​ယောက်​ကို ကျွေး​မွေး​ဖို့ အမေ့​ခ​မျာ အပြင်​ထွက် အလုပ်​လုပ်​ရ​တော့​တယ်။

ကျွန်​တော်​လည်း ဒီ​အခြေ​အနေ​ကို အခွင့်​အရေး​ယူ​ပြီး အတန်း​ကြီး​ကျောင်း​သား​တွေ​နဲ့​အတူ​ ကျောင်း​ပြေး​တယ်။ သူတို့​က ကျွန်​တော့်​ကို ဆဲ​တတ်​အောင်၊ ဆေး​လိပ်​သောက်​တတ်​အောင် သင်​ပေး​တယ်။ ဒါ့​အပြင် ခိုး​တတ်​အောင်၊ ရန်​ဖြစ်​တတ်​အောင်​လည်း သင်​ပေး​တယ်။ ကျွန်​တော်​က တ​ခြား​သူ​တွေ​ကို အမြဲဗိုလ်​ကျ​ချင်​တော့ လက်​ဝှေ့၊ န​ပန်း​နဲ့ လက်​နက်​မျိုး​စုံ​သုံး​ပြီး တိုက်​ခိုက်​တာ​တွေ​ကို သင်​ယူ​ခဲ့​တယ်။ ဒီ​လို​နဲ့ အကြမ်း​ဖက်​အနိုင်​ကျင့်​တတ်​တဲ့ ချာ​တိတ်​တစ်​ယောက် ဖြစ်​လာ​တယ်။ မကြာ​ခ​ဏ​ဆို​သလို ပစ်​ခတ်​မှု​တွေ​မှာ ကျွန်​တော်​ပါ​ဝင်​ခဲ့​တယ်။ သွေး​အလိမ်း​လိမ်း​နဲ့ သေလု​မျော​ပါး လမ်း​မှာ​ပစ်​ထား​ခံ​ရ​တာ​လည်း ကြုံ​ဖူး​တယ်။ ဒါ​ကို အမေတွေ့​ပြီး ဆေး​ရုံ​ကို အပြေး​အလွှား​ပို့​ပေး​ရ​တဲ့​အခါ သူ့​ခ​မျာ ဘယ်​လောက်​ဝမ်း​နည်း​မလဲ​ဆို​တာ မြင်​ယောင်​ကြည့်​နိုင်​တယ်။

အသက် ၁၆ နှစ်​မှာ ငယ်​သူ​ငယ်​ချင်း ဟော်​ဟေး အိမ်​ကို​လာ​လည်​တယ်။ သူ​က ယေဟောဝါ​သက်​သေတစ်​ယောက်​ဖြစ်​ပြီး အရေး​ကြီး​တဲ့ သတင်း​စကား​တစ်​ခု ဝေ​မျှ​ပေး​ချင်​တယ်​လို့ ပြော​တယ်။ အဲဒီ​နောက် ကျမ်း​စာ​သုံး​ပြီး သူ့​ရဲ့​ယုံ​ကြည်​ချက်​တွေ​အကြောင်း ရှင်း​ပြတယ်။ အဲဒါ​တွေ​ကို ကျွန်​တော်​တစ်​ခါ​မှ မဖတ်​ဖူး​ဘူး။ ဘု​ရား​သခင့်​နာ​မည်​နဲ့ ကိုယ်​တော့်​ရည်​ရွယ်​ချက်​တွေ​အကြောင်း သိ​လိုက်​ရ​တော့ ကျွန်​တော် သိပ်​ဝမ်း​သာ​သွား​တယ်။​ ဒါ​နဲ့ ဟော်​ဟေး​က ကျွန်​တော်​တို့​ကို ကျမ်း​စာ​အတူ​တူ လေ့​လာ​ချင်​လားလို့​မေး​တယ်။ ကျွန်​တော်​တို့​လည်း သူ​ပြော​တဲ့​အတိုင်း လက်ခံ​လိုက်​ကြ​တယ်။

သမ္မာ​ကျမ်း​စာ​က ကျွန်​တော့်​ဘဝ​ကို ပြောင်း​လဲ​ပေး​ခဲ့​ပုံ–

င​ရဲ​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​အမှန်​တ​ကယ် သွန်သင်​ရာ​ကို သိ​လိုက်​ရ​တော့ ကျွန်​တော် တ​အား​ကို စိတ်​သက်​သာ​ရာရ​သွား​တယ်။ တ​ကယ်​ဆို ကျမ်း​စာ​မှာ င​ရဲ​အကြောင်း မသွန်သင်​ထား​ဘူး။ (ဆာလံ ၁၄၆:၄; ဒေ​သနာ ၉:၅) အဲဒီ​လို​သိ​ပြီး​နောက်​ပိုင်း ဘု​ရား​ကို အလွန်​အမင်း​ ကြောက်​ရွံ့​နေ​တာ​မျိုး မဖြစ်​တော့​ဘူး။ အဲဒီ​အစား က​လေး​တွေ​အတွက် အကောင်း​ဆုံး ဖြည့်​ဆည်း​ပေး​ချင်​တဲ့ မေတ္တာ​ရှိ ဖခင်​တစ်​ယောက်​အနေ​နဲ့​ပဲ မြင်​မိ​တော့​တယ်။

ကျမ်း​စာ​လေ့​လာ​မှု​မှာ တိုး​တက်​လာ​တာ​နဲ့​အမျှ အကျင့်​စ​ရိုက်​တွေ​ကို ပြောင်း​လဲ​ဖို့​လို​မှန်း သိ​လာ​တယ်။ ကျွန်​တော့်​အနေ​နဲ့ နှိမ့်​ချ​မှု အရည်​အသွေး​ကို မွေး​မြူ​ဖို့​နဲ့ အကြမ်း​ဖက်​ အနိုင်​ကျင့်​တတ်​တဲ့ အကျင့်​ကို စွန့်​လွှတ်​ဖို့​လို​တယ်။ ဒီ​လို​လုပ်​နိုင်​ဖို့ ကူညီ​ပေး​တာ​က​တော့ ၁ ကော​ရိန္သု ၁၅:၃၃ ပါ ပညာ​ရှိ​စကား​တွေ​ပါ​ပဲ။ ‘မကောင်း​တဲ့ အပေါင်း​အသင်း​တွေ​ဟာ ကိုယ်​ကျင့်​တရားကို ပျက်​စီး​စေ​တယ်’ လို့ အဲဒီ​မှာ​ပြော​ထား​တယ်။ ဒါ​ကြောင့် အကျင့်​စရိုက်​တွေ​ကို ပြောင်း​လဲ​ချင်​ရင် ကျွန်​တော့်​အပေါ် မကောင်း​တဲ့​သြဇာ လွှမ်း​မိုး​နိုင်​တဲ့​သူ​တွေ​နဲ့ ပေါင်း​သင်း​နေ​တာ​ကို ရပ်​စဲ​ပစ်​ရ​မယ်​ဆို​တာ နား​လည်​လာ​တယ်။ ဒါ​နဲ့ မိတ်ဆွေ​ဟောင်း​တွေရဲ့​နေ​ရာ​မှာ အသင်း​တော်​က ညီ​အစ်​ကို​ညီ​အစ်​မတွေ​ကို အစား​ထိုး​လိုက်​တယ်။ ဘာ​လို့​လဲ​ဆို​တော့ ညီ​အစ်​ကို​ညီ​အစ်​မတွေ​က သဘော​ထား​ကွဲ​လွဲ​မှု​တွေ​ကို လက်​သီး​သုံး​ပြီး ဖြေရှင်း​တာ​မျိုး၊ အကြမ်း​ဖက် အနိုင်​ကျင့်​တာ​မျိုး မလုပ်​ဘဲ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို​ပဲ ကျင့်​သုံး​ကြ​လို့​လေ။

ကျွန်​တော့်​ကို အပြောင်း​လဲ​ကြီး​ ပြောင်း​လဲ​စေ​တဲ့ နောက်​ကျမ်း​တစ်​ချက်​က​တော့ ရော​မ ၁၂:၁၇-၁၉ ပါ။ အဲဒီ​မှာ အခု​လို​ပြော​ထား​တယ်– “မည်​သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မတုံ့​ပြန်​ကြ​နှင့်။ . . . သင်​တို့​သည် တတ်​နိုင်​သမျှ​အတိုင်း လူ​အားလုံး​နှင့် သင့်​မြတ်​စွာ နေ​ကြ​လော့။ . . . ကိုယ်​တိုင်​လက်​စား​မချေ​ကြ​နှင့်။ . . . ‘လက်​စား​ချေ​ခြင်း​သည် ငါ​၏​အမှု​ဖြစ်​၏။ အပြစ်​နှင့်​အလျောက် ငါ​ဆပ်​ပေး​မည်​ဟု ယေဟောဝါ​ဘု​ရား​မိန့်​တော်​မူ​၏’ ဟူ၍ ကျမ်း​စာ​၌ ရေး​ထား​၏။” ယေဟောဝါ​ဘု​ရား​က မတ​ရား​မှု​တွေ​ကို သင့်​လျော်​တဲ့​အချိန်​မှာ သင့်​လျော်​တဲ့​နည်း​နဲ့ ကိုင်​တွယ်​ဖြေရှင်း​ပေး​မယ်​ဆို​တာ ကျွန်​တော်​လက်ခံ​တတ်​လာ​တယ်။ ဒီ​လို​နဲ့ အကြမ်း​ဖက် အနိုင်​ကျင့်​တတ်​တဲ့ ဘဝ​ပုံ​စံ​ကို တ​ဖြည်း​ဖြည်း ပြောင်း​လဲ​လာ​နိုင်​ခဲ့​တယ်။

အိမ်​အပြန် ည​နေ​ခင်း​တစ်​ခု​မှာ ဖြစ်​ပျက်​ခဲ့​တာ​တွေ​ကို မှတ်​မိ​နေ​တုန်း​ပဲ။ ရန်​ငြိုး​ရှိ​ဖူး​တဲ့ လူငယ်​လူ​ဆိုး​ဂိုဏ်း​တစ်​စု ကျွန်​တော့်​ကို ဝိုင်း​ပြီး​ရိုက်​နှက်​ကြ​တယ်။ အဖွဲ့​ခေါင်း​ဆောင်​က ကျွန်​တော့်​နောက်​ကျော​ကို ကန်​လိုက်​ပြီး “ပြန်​ချ​လေ​ကွာ” လို့ အော်​ပြော​တယ်။ ကျွန်​တော်​လည်း ဒီ​စော်​ကား​မှု​ကို ခံ​ရပ်​နိုင်​ဖို့ ယေဟောဝါ​ဘု​ရား​ဆီ ချက်​ချင်း ဆုတောင်း​လိုက်​တယ်။ တ​ကယ်​တော့ ကျွန်​တော် ချက်​ချင်း လက်​တုံ့​ပြန်​လိုက်​ချင်​တာ။ ဒါ​ပေမဲ့ ရှောင်​ထွက်​လာ​လိုက်​တယ်။ နောက်​နေ့​ကျ​တော့ အဲဒီ​အဖွဲ့​ခေါင်း​ဆောင်​နဲ့ ပြန်​တွေ့​တယ်။ သူ့​ကို​လည်း​တွေ့​ရော ကျွန်​တော် ဒေါသ​ထွက်​လာ​ပြီး လက်​တုံ့​ပြန်​ချင်​စိတ်​ဖြစ်​မိ​တယ်။ ဒါ​ပေမဲ့ ကိုယ့်​ကိုယ်​ကိုယ် ချုပ်​ထိန်း​နိုင်​ဖို့ ယေဟောဝါ​ဘု​ရား​ဆီ တိတ်​တိတ်​လေး ဆုတောင်း​လိုက်​တယ်။ အံ့​သြစ​ရာ​က သူ ကျွန်​တော့်​ဆီ​လာ​ပြီး “မနေ့​ည​က​အတွက် တောင်း​ပန်​ပါ​တယ်။ ငါ့​ကို ခွင့်​လွှတ်​ပါ။ တ​ကယ်​တော့ ငါ​က မင်း​လို ဖြစ်​ချင်​တာ။ ငါ​လည်း ကျမ်း​စာ​သင်​ချင်​တယ်” လို့​ပြော​တယ်။ ဒေါသ​ကို ချုပ်​တည်း​နိုင်​ခဲ့လို့ အခု​လို​မျိုး သူ့​ဆီ​က ကြား​ရ​တာ။ ကျွန်​တော် သိပ်​ဝမ်း​သာ​သွား​တယ်။ ဒါ​နဲ့ ကျွန်​တော်​တို့ ကျမ်း​စာ​အတူ​တူ စ​လေ့​လာ​ဖြစ်​တယ်။

စိတ်​မကောင်း​စ​ရာ​တစ်​ခု​က အဲဒီ​အချိန်​မှာ ကျွန်​တော့်​မိသား​စု ကျမ်း​စာ​ဆက်​မလေ့​လာ​ကြ​တာ​ပဲ။ ကျွန်​တော်​က​တော့ ကျမ်း​စာ​ဆက်​လေ့​လာ​ဖို့ အခိုင်​အမာ ဆုံး​ဖြတ်​ထား​တယ်။ ဘယ်​သူ့​ကြောင့်​ပဲ​ဖြစ်​ဖြစ်၊ ဘယ်​အရာ​ကြောင့်​ပဲ​ဖြစ်​ဖြစ် ဆုံး​ဖြတ်​ချက်​ကို အပျက်​မခံ​နိုင်​ဘူး။ ဘု​ရားရဲ့​လူမျိုး​နဲ့ ပုံ​မှန်​ပေါင်း​သင်း​တာ​က ကျွန်​တော့်ရဲ့ စိတ်​ဒဏ်​ရာတွေ​ကို ကု​စား​ပေး​နိုင်​မှန်း၊ သူတို့​ဟာ ကျွန်​တော်​လို​အပ်​နေ​တဲ့ မိသား​စု​ဖြစ်​မှန်း ကောင်း​ကောင်း​သိ​ထား​တယ်။ ဒီ​လို​နဲ့ ဆက်​တိုး​တက်​လာ​ပြီး ၁၉၉၁ ခု​နှစ်​မှာ ယေဟောဝါ​သက်​သေအဖြစ် နှစ်ခြင်း​ခံ​ခဲ့​တယ်။

အကျိုး​ကျေး​ဇူး​ရ​ရှိ​ခဲ့​ပုံ–

ကျွန်​တော်​ဟာ စိတ်​ကြမ်း​လူ​ကြမ်း​ဖြစ်​ခဲ့​ပေမဲ့ ကျမ်း​စာ​က ကျွန်​တော့်​ဘဝ​အသက်​တာ​ကို လုံး​ဝ​ပြောင်း​လဲ​ပေး​နိုင်​ခဲ့​တယ်။ အခု​ဆို​ရင် ကျမ်း​စာ​ထဲ​က သတင်း​ကောင်း​အကြောင်း နား​ထောင်​ချင်​သူ​တွေ​ကို ဝေ​မျှ​ပေး​နေ​ပါ​တယ်။​ အခွင့်​ထူး​တစ်​ခု​အနေ​နဲ့ လွန်​ခဲ့​တဲ့ ၂၃ နှစ်​က​စ​ပြီး တ​ခြား​သူ​တွေ​ကို သတင်း​ကောင်း​ဝေ​မျှ​ရာ​မှာ အချိန်​ပြည့်​ပါ​ဝင်​ခွင့် ရခဲ့​တယ်။

ဒါ့​အပြင် ယေဟောဝါ​သက်​သေတွေရဲ့ မက္က​ဆီ​ကို ဌာန​ခွဲ​ရုံး​မှာ စေတနာ့​ဝန်​ထမ်း​တစ်ဦး​အဖြစ် အချိန်​အတော်​ကြာ အမှု​ဆောင်​ခဲ့​တယ်။ အဲဒီ​မှာ​ပဲ သိပ်​တက်​ကြွ​ထက်​သန်​တဲ့ ညီ​အစ်​မ က​လော်​ဒီ​ယာ​နဲ့ တွေ့​ဆုံ​ပြီး ၁၉၉၉ ခု​နှစ်​မှာ လက်​ထပ်​ခဲ့​ကြ​တယ်။ ဒီ​လို​သစ္စာ​ရှိ​တဲ့ အဖော်​မွန်​ကောင်း​ကို​ပေး​လို့ ယေဟောဝါ​ကို သိပ်​ကျေး​ဇူး​တင်​တာ​ပဲ။

ကျွန်​တော်​တို့​နှစ်​ယောက် မက္က​ဆီ​ကို လက်​သင်္ကေ​တ​ပြ အသင်း​တော်​မှာ ဆွံ့​အ,နား​မကြား​သူ​တွေ​ကို ယေဟောဝါ​အကြောင်း သိ​လာ​အောင် ကူညီ​ပေး​ခွင့်​ရခဲ့​တယ်။ အဲဒီ​နောက် ဗေ​လိဇ်​မြို့​ကို ပြောင်း​ရွှေ့​ဖို့ တာဝန်​ရ​တာ​ကြောင့် အဲဒီ​မြို့​က​လူ​တွေ​ကို ကျမ်း​စာ​အကြောင်း ဝေ​မျှ​ပေး​နေ​တယ်။ အဲဒီ​မှာ ကျွန်​တော်​တို့​ရဲ့​ဘဝ​က ပို​ရိုး​ရှင်း​လာ​တာ​မှန်​ပေမဲ့ လို​အပ်​တာ​အားလုံး​ရ​ရှိ​လို့ သိပ်​ပျော်​တယ်။ ဒီ​ပျော်​ရွှင်​မှု​ကို ဘာ​နဲ့​မှ​မလဲ​နိုင်​ဘူး။

ကျွန်​တော့်​အမေလည်း နောက်​ပိုင်း​မှာ ကျမ်း​စာ​ပြန်​လေ့​လာ​ပြီး နှစ်ခြင်း​ခံ​ခဲ့​တယ်။ ဒါ့​အပြင် အစ်​ကို​နဲ့ သူ့​မိသား​စု​လည်း အခု​ဆို​ရင် ယေဟောဝါ​သက်​သေတွေ ဖြစ်​နေ​ကြ​ပြီ။ မိတ်ဆွေ​ဟောင်း​တ​ချို့​လည်း ကျွန်​တော်​အမှန်​တ​ရား​ပြော​ပြခဲ့လို့ အခု​ဆို ယေဟောဝါ​ကို ကိုးကွယ်​နေ​ကြ​တယ်။

ဝမ်း​နည်း​စ​ရာ​က​တော့ မိသား​စု​ဝင်​တ​ချို့​က အကျင့်​စ​ရိုက်​တွေ​ကို မပြောင်း​လဲ​ခဲ့လို့ ဆုံး​သွား​ကြ​ရှာ​တယ်။ ကျွန်​တော်​လည်း အကျင့်​စ​ရိုက်​တွေ​ကို မပြောင်း​လဲ​ခဲ့ရင် သူတို့​လို​ပဲ​ဖြစ်​မှာ ကျိန်း​သေတယ်။ ဒါ​ကြောင့် ကျွန်တော့်ရဲ့​ဘဝ​မှာ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို ကျင့်​သုံး​တတ်​လာ​အောင် စိတ်​ရှည်​ကြင်နာ​စွာ ကူညီ​ပေး​ခဲ့​ကြ​တဲ့​အတွက် ယေဟောဝါ​ဘု​ရား​ကို​ရော ကိုယ်​တော့်​ကို ဝတ်​ပြု​တဲ့​သူ​တွေ​ကို​ပါ သိပ်​ကျေး​ဇူး​တင်​တာ​ပဲ။