မာတိကာဆီ ကျော်သွား

ဘာကြောင့် ဆုတောင်းရတာလဲ။ ဆုတောင်းချက်တွေကို ဘုရားသခင် ဖြေကြားပေးမှာလား။

ဘာကြောင့် ဆုတောင်းရတာလဲ။ ဆုတောင်းချက်တွေကို ဘုရားသခင် ဖြေကြားပေးမှာလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဆုတောင်းချက်တွေကို ဘုရားသခင် ဖြေကြားပေးတယ်ဆိုတာ သမ္မာကျမ်းစာနဲ့ ဖြစ်ရပ်မှန်တွေက သက်သေထူပါတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[ဘုရားသခင်] သည် မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏ လိုအင်များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကို ကြားတော်မူ၍ သူတို့အား ကယ်တော်မူ၏။” (ဆာလံ ၁၄၅:၁၉ခမ) ဒါပေမဲ့ ဘုရားသခင်က သင့်ဆုတောင်းချက်ကို ဖြေကြားပေးမပေးဆိုတာတော့ သင့်အပေါ်မှာ အများကြီး မူတည်ပါတယ်။

ဘုရားသခင်အတွက် အရေးကြီးတဲ့အရာများ

  •   ယေရှု၊ မာရိ၊ သူတော်စင်၊ ကောင်းကင်တမန်နဲ့ ရုပ်ပုံတွေကို မဟုတ်ဘဲ ဘုရားသခင်ဆီ ဆုတောင်းဖို့ဖြစ်တယ်။ ယေဟောဝါတစ်ပါးတည်းသာ ‘ဆုတောင်းချက်တွေကို နားထောင်တော်မူသော ဘုရားသခင်’ ဖြစ်တယ်။—ဆာလံ ၆၅:၂

  •   သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆုတောင်းဖို့ဖြစ်တယ်။—၁ ယောဟန် ၅:၁၄

  •   ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်စေဖို့ ယေရှုရဲ့နာမည်ကနေတစ်ဆင့် ဆုတောင်းဖို့ဖြစ်တယ်။ “ငါ့ကို အမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လို့ယေရှု ပြောခဲ့တယ်။—ယောဟန် ၁၄:၆

  •   ယုံကြည်ခြင်းနဲ့ ဆုတောင်းဖို့ဖြစ်တယ်။ လိုအပ်မယ်ဆိုရင် ယုံကြည်ခြင်းပိုရှိလာအောင် ဆုတောင်းပါ။—မဿဲ ၂၁:၂၂; လုကာ ၁၇:၅

  •   စိတ်ရင်းမှန်ပြီး နှိမ့်ချမှုရှိပါ။ “ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။”—ဆာလံ ၁၃၈:၆

  •   ဇွဲရှိပါ။ “တောင်းမြဲ တောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်” လို့ယေရှု ပြောခဲ့တယ်။—လုကာ ၁၁:၉

ဘုရားသခင်အတွက် အရေးမကြီးတဲ့အရာများ

  •   လူမျိုး ဒါမှမဟုတ် နိုင်ငံသား။ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။”—တမန်တော် ၁၀:၃၄၊ ၃၅

  •   ကိုယ်နေဟန်ထား။ ထိုင်နေတဲ့ပုံ၊ ဦးညွှတ်နေတဲ့ပုံ၊ ဒူးထောက်နေတဲ့ပုံ ဒါမှမဟုတ် မတ်တတ်ရပ်နေတဲ့ပုံ၊ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဘုရားသခင်ဆီ ဆုတောင်းနိုင်ပါတယ်။—၁ ရာဇဝင်ချုပ် ၁၇:၁၆; နေဟမိ ၈:၆; ဒံယေလ ၆:၁၀; မာကု ၁၁:၂၅

  •   အသံထွက် ဒါမှမဟုတ် အသံတိတ် ဆုတောင်းခြင်း။ တခြားသူတွေ သတိမပြုမိတဲ့ အသံတိတ် ဆုတောင်းချက်တွေကိုတောင် ဘုရားသခင် ဖြေကြားပေးတယ်။—နေဟမိ ၂:၁–၆

  •   ကြီးကြီးမားမားကိစ္စ ဒါမှမဟုတ် အသေးအဖွဲကိစ္စ။ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုပြောထားတယ်– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇