မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရေး​နဲ့ ငွေ​က လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် ရစေ​နိုင်​သလား

ပညာရေး​နဲ့ ငွေ​က လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် ရစေ​နိုင်​သလား

အဆင့်မြင့် ပညာတတ်​ရင်၊ ချမ်းသာ​ရင် လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရမယ်လို့ လူများစွာ ယူဆကြတယ်။ ဘွဲ့​ရထား​ရင် လုပ်ငန်းခွင်​အတွက်၊ မိသားစု​အတွက်၊ လူ့​အသိုင်းအဝိုင်း​အတွက် အကျိုး​ရှိတယ်လို့ ယုံကြည်​ကြတယ်။ ပညာတတ်​ရင် လစာ​ကောင်း​တဲ့​အလုပ် ရမယ်၊ ငွေ​အများကြီး ရှိလာပြီး ပျော်ရွှင်​မယ်လို့ ယူဆကြတယ်။

လူအများစု ရွေးချယ်ရာ

တရုတ်​နိုင်ငံ​က ကျောက်​ချန် ပြော​တာ​ကို နားထောင်​ကြည့်​ပါ– “ဆင်းရဲ​တွင်း​က လွတ်ဖို့​ဆိုရင် ဘွဲ့​ရဖို့ လိုတယ်၊ လစာ​ကောင်း​တဲ့ အလုပ်​ရှိရင် ပျော်ရွှင်​ကျေနပ်​တဲ့​ဘဝ ရမယ်လို့ ကျွန်တော် ယုံကြည်​ခဲ့တယ်။”

လူများစွာဟာ လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရဖို့ နာမည်ကြီး တက္ကသိုလ်​တွေ​မှာ၊ နိုင်ငံ​ရပ်​ခြား​မှာ ပညာ​ဆည်းပူး​ချင်​ကြတယ်။ ကိုဗစ်-၁၉ မဖြစ်ခင်​တုန်း​က အဲဒါ ခေတ်​စား​တယ်။ ၂၀၁၂ ခုနှစ် အဖွဲ့အစည်း​တစ်ခု​ရဲ့ လေ့လာချက်​အရ “နိုင်ငံ​ရပ်​ခြား​မှာ ပညာ​သင်​နေတဲ့ ကျောင်းသား​တစ်ဝက်​ကျော်​ဟာ အာဆီယံ နိုင်ငံ​တွေ​က ဖြစ်တယ်” လို့ ဆိုတယ်။

သားသမီးတွေ နိုင်ငံ​ရပ်​ခြား​မှာ တက္ကသိုလ်​တက်​ဖို့ မိဘတွေက ရုန်းကန်​ကြရတယ်။ ထိုင်ဝမ်​က ရှီ​ရှောင် ဒီလို ပြော​တယ်– “ကျွန်တော့်​မိဘတွေက မ​ချမ်းသာ​ဘူး။ ဒါပေမဲ့ ကျွန်တော်​တို့ မောင်နှမ လေးယောက်ကို အမေရိကန်မှာ ကျောင်း​ထား​ပေးတယ်။” သူ့ရဲ့ မိသားစု​လည်း တခြား မိသားစု​တွေ​လို​ပဲ ကျောင်း​စရိတ်​ကြောင့် အကြွေး​နစ်​ခဲ့​ရတယ်။

ဘာ​အကျိုး ရသလဲ

အဆင့်မြင့် ပညာရေး​နဲ့ စည်းစိမ်​ဥစ္စာ​ကို လိုက်စားသူ များစွာ​ဟာ စိတ်ပျက်လက်ပျက် ဖြစ်​ကြ

ပညာရေး​က ကဏ္ဍ​တချို့​မှာ ဘဝကို တိုးတက်​စေနိုင်​ပေမဲ့ ကျောင်းသား​တွေ မျှော်လင့်တဲ့ အတိုင်း အမြဲ ဖြစ်​မလာ​ဘူး။ ဥပမာ၊ တချို့​သူတွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်၊ ငွေ​ချေး​ပြီး ကျောင်းတက်​ခဲ့​ကြတယ်။ ဒါပေမဲ့ သူတို့​လိုချင်​တဲ့ အလုပ်​မျိုး မရကြဘူး။ စင်္ကာပူ စီးပွားရေး စာစောင်​တစ်ခု​မှာ ရေ​ချယ်​မွေ​က “ဘွဲ့​ရ အလုပ်​လက်မဲ့​တွေ များများ​လာပြီ” လို့ ပြော​တယ်။ ဘွဲ့​လက်မှတ် အများကြီး​ရထားတဲ့ ထိုင်ဝမ်​က ဂျဲရင့်ချယ် ဒီလို ပြော​တယ်– “လူများစွာဟာ ရထားတဲ့​ဘွဲ့​နဲ့ မသက်ဆိုင်တဲ့ အလုပ်ကို လုပ်​နေကြ​ရတယ်။”

ကိုယ်​တတ်​ထား​တဲ့​ပညာ​နဲ့ ကိုက်ညီ​တဲ့​အလုပ် ရထားတဲ့​သူတွေတောင် ဘဝက မျှော်လင့်တဲ့​အတိုင်း ဖြစ်​မလာ​ဘူးဆို​တာ သိလာ​ကြရတယ်။ ထိုင်း​နိုင်ငံ​က နီ​ရန်​ဟာ ဥရောပ​မှာ ကျောင်းတက်​ပြီး ပြန်လာတဲ့​အခါ သင်​ထား​တဲ့​ပညာနဲ့ ကိုက်ညီ​တဲ့ အလုပ် ရခဲ့တယ်။ “ကျွန်တော် မျှော်လင့်​ထား​တဲ့​အတိုင်း လစာ​ကောင်း​တဲ့ အလုပ်​တစ်ခု ရတယ်။ ဒါပေမဲ့ လစာ​ကောင်း​လေ၊ ပင်ပန်း​လေ၊ အချိန်ပို​ပေး​ရလေပဲ။ နောက်ပိုင်း​မှာ ကုမ္ပဏီ​က အလုပ်သမားတွေ လျှော့လိုက်​တော့ ကျွန်တော်​လည်း ပါသွား​တယ်။ ဘယ်​အလုပ်​မှ လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​အတွက် အာမ မခံ​ဘူးဆို​တာ ကျွန်တော် သိလာတယ်။”

ချမ်းသာ​တဲ့​သူတွေ၊ ပျော်ရွှင်​သာယာတဲ့ ဘဝကို ပိုင်ဆိုင်​ထား​တယ်လို့ ထင်​တဲ့​သူတွေတောင် မိသားစု ပြဿနာ၊ ကျန်းမာ​ရေး ပြဿနာ၊ ငွေကြေး ပြဿနာ ကြုံနေ​ကြရတယ်။ ဂျပန်​နိုင်ငံ​က ကာ​ဆူ​တို​ရှီ ဒီလို​ပြော​တယ်– “ကျွန်တော့်​မှာ ပိုင်ဆိုင်​ရာတွေ အများကြီး​ရှိတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု၊ မနာလိုမှု၊ အနိုင်ကျင့်မှု​တွေ​ကြောင့် စိတ်ပျက်​ရတယ်။” ဗီယက်နမ်​က လမ် ဒီလို ပြော​တယ်– “လူတွေဟာ လစာ​ကောင်း​တဲ့ အလုပ် ရဖို့ ကြိုးစား​ပြီး ငွေ​ရေး​ကြေး​ရေး​အတွက် စိတ်​မ​ပူ​ရအောင် လုပ်ကြတယ်။ တကယ်တမ်း​ကျ​တော့ စိုးရိမ်​ပူပန်​ပြီး ဖျားနာ​လာ၊ စိတ်ဓာတ်ကျ​လာကြတယ်။”

ဖရန်ကလင်လိုပဲ လူများစွာဟာ ဘဝမှာ အဆင့်မြင့်​ပညာ လိုက်စား​တာ၊ စည်းစိမ်​ဥစ္စာ ရှာဖွေ​တာ​ထက် ပို​အရေးကြီး​တာ ရှိဦးမယ်​လို့ ကောက်ချက်​ချ​ကြတယ်။ တချို့​ကျတော့ စည်းစိမ်​ဥစ္စာ​ကို အဓိက​မထား​ဘဲ လူကောင်း​ဖြစ်ဖို့၊ ကောင်းမှု​လုပ်ဖို့ ကြိုးစား​ပြီး ပို​ကောင်း​တဲ့ အနာဂတ်​ကို ရှာဖွေ​ကြတယ်။ အဲဒီလို လုပ်တာ​က လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ကို ရစေ​မလား။ နောက်​ဆောင်းပါး​မှာ အဖြေ​တွေ့​ပါ​လိမ့်မယ်။