မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

၂၀၂၂ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီရင်းအစ်ကိုမေတ္တာကို လုပ်ရပ်နဲ့တင်ပြ

၂၀၂၂ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီရင်းအစ်ကိုမေတ္တာကို လုပ်ရပ်နဲ့တင်ပြ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်

 ကျွန်တော်တို့ခေတ်မှာ စစ်၊ ငလျင်၊ ကပ်ရောဂါ၊ “ကြောက်လန့်စရာ မြင်ကွင်းတွေ” ဖြစ်မယ်လို့ ကျမ်းစာ ကြိုပြောထားတယ်။ (လုကာ ၂၁:၁၀၊ ၁၁) ၂၀၂၂ လုပ်ငန်းတော်နှစ်အတွင်းမှာလည်း အဲဒီကြိုဟောချက်တွေအတိုင်း ဖြစ်ခဲ့တယ်။ a ဥပမာ၊ ယူကရိန်းမှာ စစ်ဆက်ဖြစ်နေပြီး လူသန်းပေါင်းများစွာ ထိခိုက်နေတယ်။ ကမ္ဘာ့ဒေသအများစုလည်း ကိုဗစ်-၁၉ ကပ်ရောဂါကနေ နာလန်ထူနေဆဲပဲ။ ဒါ့အပြင် ဗဟိုအမေရိက၊ ဖိလစ်ပိုင်နဲ့ အာဖရိက အရှေ့တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားပြင်း မုန်တိုင်း၊ ဟေတီငလျင် စတဲ့ သဘာဝဘေးတွေကြောင့် မရေမတွက်နိုင်တဲ့လူတွေ ထိခိုက်ခဲ့ရတယ်။ သူတို့ကို ယေဟောဝါသက်သေတွေ ဘယ်လို ကူညီပေးကြသလဲ။

 ၂၀၂၂ လုပ်ငန်းတော်နှစ်အတွင်း ကျွန်တော်တို့အဖွဲ့အစည်းဟာ သဘာဝဘေး ၂၀၀ နီးပါးကြောင့် ဒုက္ခရောက်ခဲ့သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးပြီး ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၂ သန်းနီးပါး သုံးစွဲခဲ့တယ်။ b သဘာဝဘေးနှစ်ခုကြောင့် ဘေးသင့်သူတွေအတွက် အလှူငွေ အသုံးပြုပုံကို သုံးသပ်ကြည့်ပါ။

ဟေတီ ငလျင်

 ၂၀၂၁၊ သြဂုတ် ၁၄ ရက်နေ့က ဟေတီတောင်ပိုင်းမှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ ဝမ်းနည်းစရာက ညီအစ်မနှစ်ယောက်၊ ညီအစ်ကိုတစ်ယောက် ဆုံးသွားတယ်။ အသက်ရှင်ကျန်ရစ်သူတွေကတော့ ငလျင်ကြောင့် ကာယပိုင်း၊ စိတ်ပိုင်း ထိခိုက်ကုန်တယ်။ ညီအစ်ကို စတက်ဖန် ဒီလိုပြောတယ်– “တစ်မြို့လုံးမှာ လူသေတာများလွန်းလို့ နှစ်လကျော်ထိ အသုဘတွေ ချပြီးရင်းချပဲ။” ညီအစ်ကို ဧလျာဇာလည်း အခုလိုပြောပြတယ်– “သက်သေခံအတော်များများမှာ နေစရာ၊ အဝတ်အစား၊ ဖိနပ်နဲ့ တခြားအခြေခံလိုအပ်ရာတွေ မရှိကြဘူး။ အတောမသတ်တဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် လူတွေခမျာ လပေါင်းများစွာ ရင်တမမနဲ့ နေနေရတယ်။”

 ကျွန်တော်တို့အဖွဲ့အစည်းက မြန်မြန်ဆန်ဆန် ကူညီပေးခဲ့တယ်။ ဟေတီဌာနခွဲက အစားအစာ ၅၃ တန်ကျော်၊ တဲရှင်၊ တာလပတ်၊ မွေ့ယာနဲ့ ဖုန်းအားသွင်းဖို့ ဆိုလာတွေလည်း ပေးခဲ့တယ်။ နောက်ပြီး ၂၀၂၂ လုပ်ငန်းတော်နှစ်အတွင်း အိမ် ၁၀၀ ကျော်ကို ပြုပြင် ဆောက်လုပ်ပေးခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒေါ်လာ တစ်သန်းကျော် အသုံးပြုခဲ့တယ်။

ဟေတီမှာ အစားအသောက်တွေ ဝေငှ

 ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်ကြတယ်။ လိုရက် ဒီလိုပြောတယ်– “ငလျင်ကြောင့် ကျွန်မတို့ရဲ့အိမ်နဲ့ စီးပွားရေးလုပ်ငန်း ပျက်စီးသွားတယ်။ စားစရာ လုံးဝ မရှိတော့ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းက ကျွန်မတို့ လိုအပ်တာ မှန်သမျှကို ကူညီပေးတယ်။” မီရှယ်လင်း ဒီလိုပြောတယ်– “ငလျင်ကြောင့် ကျွန်မတို့သားအမိသုံးယောက်ရဲ့ အိမ်လေး ပျက်စီးသွားတယ်။ ကူညီပေးပါလို့ ဆုတောင်းရုံကလွဲပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဘူး။ ယေဟောဝါက ဆုတောင်းချက်ကို အဖွဲ့အစည်းကတစ်ဆင့် ဖြေကြားပေးခဲ့တယ်။ အခု ကျွန်မတို့မှာ နေစရာအိမ် ခိုင်ခိုင်ခံ့ခံ့လေးတစ်လုံး ရှိနေပြီ။ ယေဟောဝါကို ကျေးဇူးတင်ကြောင်းပြဖို့ ကျွန်မလုပ်နိုင်တာအားလုံး အတတ်နိုင်ဆုံးလုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။”

 ကျွန်တော်တို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းကို ဒေသခံ အာဏာပိုင်တွေလည်း သတိထားမိကြတယ်။ လာဇယ်မြို့တော်ခန်းမရဲ့ ညွှန်ကြားရေးမှူး ဒီလိုပြောတယ်– “ခင်ဗျားတို့ မြန်မြန်ဆန်ဆန် ရောက်လာပြီး ကူညီပေးတာ ဝမ်းသာတယ်ဗျာ။ အာဏာပိုင်တွေကိုလည်း ခင်ဗျားတို့ သိပ်လေးစားလို့ ချီးကျူးပါတယ်။ ခင်ဗျားတို့က အာရုံစိုက်တာ ငွေ မဟုတ်ဘူး။ လူတွေကို ကူညီပေးချင်တာ။ မေတ္တာနဲ့ လုပ်နေကြတာ။ ဂုဏ်ယူတယ်ဗျာ။”

မာလာဝီနဲ့ မိုဇမ်ဘစ်ကို အပူပိုင်းမုန်တိုင်း အန်နာ တိုက်ခတ်

 ၂၀၂၂၊ ဇန်နဝါရီ ၂၄ မှာ အပူပိုင်းမုန်တိုင်း အန်နာ မိုဇမ်ဘစ်ကို ဝင်ရောက်တိုက်ခတ်တယ်။ ပြီးတဲ့နောက် အနောက်ဘက်ကို ဦးတည်ပြီး မာလာဝီနိုင်ငံထဲ ဝင်သွားတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာပြီး တစ်နာရီကို ၆၂ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခဲ့တယ်။ ရေလွှမ်းမိုးပြီး လျှပ်စစ်မီးကြိုးတွေ၊ တံတားတွေ ပျက်စီးကုန်တယ်။

 မုန်တိုင်းကြောင့် မာလာဝီနဲ့ မိုဇမ်ဘစ်က သက်သေခံ ၃၀,၀၀၀ ကျော် ထိခိုက်သွားတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီပေးခဲ့တဲ့ ညီအစ်ကို ချားလ်က ဒီလိုပြောတယ်– “ညီအစ်ကိုတွေ ဒုက္ခရောက်နေတာကို မြင်ရတော့၊ သူတို့ရဲ့ဆုံးရှုံးမှုပမာဏကို မြင်ရတော့ ရင်ထဲ ဆို့နင့်သွားတာပဲ။” ပိုဆိုးတာက အစားအသောက်နဲ့ ကောက်ပဲသီးနှံအားလုံး ရေထဲပါသွားတယ်။ အိမ်တွေလည်း မရှိတော့ဘူး။ ဝမ်းနည်းစရာက ကယ်ဆယ်ရေးလှေ မှောက်သွားလို့ ညီအစ်ကိုတစ်ယောက်ရဲ့ ဇနီးနဲ့သမီးငယ်နှစ်ယောက် ဆုံးပါးသွားတယ်။

မိုဇမ်ဘစ်မှာ သက်သေခံ ဇနီးမောင်နှံရဲ့အိမ် ပျက်စီးသွား

ပြန်ဆောက်ထားတဲ့အိမ်

 ကြောက်စရာကောင်းတဲ့ မုန်တိုင်းပါပဲ။ သန်းခေါင်ကျော် မနက် ၁ နာရီမှာ မာလာဝီနိုင်ငံ၊ အန်ချာလိုမြို့က ညီအစ်ကို စာငါရာဒိုနဲ့ မိသားစုဟာ အရှိန်အဟုန်နဲ့ စီးလာတဲ့ ရေသံကြီးကို ကြားတယ်။ မြစ်နှစ်စင်းစလုံးလည်း ရေတွေ လျှံနေပြီ။ အိမ်ကနေ ထွက်သွားဖို့ ညီအစ်ကို စာငါရာဒို ဆုံးဖြတ်လိုက်တယ်။ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဘာလို့လဲဆိုတော့ မကြာခင်မှာပဲ ရေလွှမ်းမိုးမှုကြောင့် အိမ်ပြိုသွားတယ်။ ပစ္စည်းတွေ ပျက်စီးပြီး ရေထဲ ပါသွားတယ်။ နိုင်ငံတော်ခန်းမကို သွားဖို့ သူတို့ ဆုံးဖြတ်လိုက်တယ်။ လမ်းလျှောက်သွားရင် ပုံမှန် မိနစ် ၃၀ ပဲ ကြာတဲ့ခရီးက နှစ်နာရီတောင် ကြာသွားတယ်။ ခန်းမကို ရောက်ချိန်မှာ အားလုံး စိုရွှဲပြီး မောဟိုက်နေကြပေမဲ့ လုံခြုံသွားပါပြီ။

 မာလာဝီနဲ့ မိုဇမ်ဘစ် ဌာနခွဲက ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း စလုပ်တယ်။ မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို သုံးသပ်ဖို့၊ သူတို့ကို ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း ထောက်မပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေကို ညွှန်ကြားတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတချို့ကို တာဝန်ပေးတယ်။ ကော်မတီတွေကလည်း ညီအစ်ကိုတွေအတွက် အစားအစာနဲ့ တခြားလိုအပ်ရာတွေရဖို့ ချက်ချင်း လုပ်ဆောင်ကြတယ်။ လူတွေကို ကူညီပေးဖို့ ဒေါ်လာ ၃၃,၀၀၀ ကျော်၊ အိမ်တွေ ပြုပြင်ဆောက်လုပ်ဖို့ ဒေါ်လာ ၃၀၀,၀၀၀ ကျော် အသုံးပြုခဲ့တယ်။

 ငွေကြေးဖောင်းဖွမှု မြင့်တက်တဲ့အတွက် ကယ်ဆယ်ရေးကော်မတီက ငွေကို အမြော်အမြင်ရှိရှိ သုံးစွဲခဲ့တယ်။ ဥပမာ၊ ကယ်ဆယ်ရေးလုပ်ငန်းစပြီး ခုနစ်လအတွင်းမှာ မာလာဝီနိုင်ငံရဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပြောင်းမှုန့်ဟာ အရင်ကထက် ၇၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားတယ်။ လောင်စာဆီစျေးနှုန်းလည်း တက်သွားတယ်။ ငွေသက်သာအောင် ညီအစ်ကိုတွေက အနီးအနားက ရနိုင်တဲ့ အစားအစာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပမာဏများများ ဝယ်လိုက်ကြတယ်။ ဒါကြောင့် လျှော့စျေးနဲ့ရပြီး သယ်ယူပို့ဆောင်စရိတ်လည်း သက်သာသွားတယ်။

 ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကို၊ ညီအစ်မတွေ သိပ်ဝမ်းသာသွားကြတယ်။ မိုဇမ်ဘစ်က ညီအစ်ကို ဖီလစ်ဘာတို အခုလိုပြောတယ်– “ဆောက်လုပ်ရေးပစ္စည်းတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ သယ်ယူပို့ဆောင်ရေး၊ အစားအစာ၊ မေတ္တာနဲ့ လမ်းညွှန်မှု ဒီလောက်တောင်ပေးတဲ့ အဖွဲ့အစည်း ကျွန်တော် တစ်ခါမှ မမြင်ဖူးသေးဘူး။ ကယ်ဆယ်ရေးလုပ်ငန်းဟာ ယောဟန် ၁၃:၃၄၊ ၃၅ မှာ ယေရှုပြောတဲ့ ညီရင်းအစ်ကိုမေတ္တာရဲ့ ထူးခြားတဲ့ ပုံနမူနာပါပဲ။ မာလာဝီက မုဆိုးမဖြစ်သူ အက်စတာရဲ့အိမ် ပျက်စီးသွားတယ်။ သူ ဒီလိုပြောတယ်– “အိမ်ပြန်ဆောက်ဖို့ ငွေမလောက်တော့ ကျွန်မ တော်တော်လေး စိတ်ပျက်နေတာ။ ညီအစ်ကိုတွေ ရောက်လာပြီး အိမ်ပြန်ဆောက်ပေးတော့ ကျွန်မစိတ်ထဲ ပရဒိသုကို ရောက်နေသလိုပါပဲ။”

 ဘုရား ကတိပြုထားတဲ့ ကမ္ဘာသစ် နီးလာတာနဲ့အမျှ သဘာဝဘေးတွေ ပိုများလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်။ (မဿဲ ၂၄:၇၊ ၈) ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မတို့ရဲ့ ရက်ရက်ရောရော လှူဒါန်းမှုကြောင့် လိုအပ်တဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို ယေဟောဝါရဲ့လူမျိုး ရရှိမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။ လှူဒါန်းနိုင်ပုံ နည်းလမ်းတွေကို donate.isa4310.com မှာ ဖော်ပြထားပါတယ်။ သင့်ရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။

a ၂၀၂၂ လုပ်ငန်းတော်နှစ်က ၂၀၂၁၊ စက်တင်ဘာ ၁ မှာ စပြီး ၂၀၂၂၊ သြဂုတ် ၃၁ မှာ ကုန်ဆုံးတယ်။

b ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေါ်လာအားလုံးဟာ အမေရိကန်ဒေါ်လာ ဖြစ်တယ်။