မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

အသင်းတော် အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်ပြီး ကျင်းပခြင်း

အသင်းတော် အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်ပြီး ကျင်းပခြင်း

ဇွန် ၂၆၊ ၂၀၂၀

 ကမ္ဘာတစ်ဝန်းက အစိုးရ အာဏာပိုင်တွေက နေ့စဉ်ဘဝမှာ ခပ်ခွာခွာ နေဖို့၊ လူစုလူဝေးကို ရှောင်ဖို့ စည်းကမ်းချက်တွေ ထုတ်ကြတယ်။ ယေဟောဝါသက်သေတွေက ဒီညွှန်ကြားချက်ကို လိုက်နာရင်း ဘေးကင်းတဲ့ နည်းနဲ့ တွေ့ဆုံနေကြပါတယ်။ Zoom လို ဗီဒီယို ချိတ်ဆက်နိုင်တဲ့ apps တွေ သုံးပြီး အစည်းအဝေးတွေ ကျင်းပကြတယ်။

 အသင်းတော် အစည်းအဝေးတွေ ပုံမှန် ကျင်းပနိုင်အောင် အလှူငွေတွေကို Zoom အကောင့်တွေ ဝယ်ယူရာမှာ သုံးဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးခဲ့တယ်။ အကောင့်တစ်ခုကို ၁၅-၂၀ ဒေါ်လာ၊ ဒါမှမဟုတ် ဒီထက်မက ပေးဆောင်ရတဲ့အတွက် မတတ်နိုင်တဲ့ အသင်းတော်တွေ တော်တော်လေး အဆင်ပြေသွားကြတယ်။ အခမဲ့ ရတဲ့ apps တွေ သုံးတုန်းက ဒီအသင်းတော်တွေဟာ လူအကန့်အသတ်နဲ့ပဲ ချိတ်ဆက်နိုင်တယ်၊ လုံခြုံမှုလည်း မရှိဘူး။ အဖွဲ့အစည်း စီစဉ်ပေးတဲ့ Zoom အကောင့်တွေကျတော့ လုံခြုံစိတ်ချရတယ်၊ အစည်းအဝေးတွေကို လူအတော်များများ ချိတ်ဆက်နိုင်တယ်။ အခုဆိုရင် နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ရှိတဲ့ အသင်းတော် ၆၅,၀၀၀ ကျော်က Zoom အကောင့်တွေကို သုံးနေပါတယ်။

 အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်း မြောက်ပိုင်း၊ မနာဒိုမြို့၊ ခိုင်ရာဂီ အသင်းတော်ဟာ အခမဲ့ ရတဲ့ app သုံးနေရာကနေ အဖွဲ့အစည်း စီစဉ်ပေးတဲ့ Zoom အကောင့်ကို ပြောင်းသုံးကြတယ်။ ညီအစ်ကို ဟာဒီ စန်တိုဆိုက “အစည်းအဝေး တစ်ခါတက်ဖို့အရေး အကြိမ်ကြိမ်အခါခါ လော့အင် ဝင်စရာ မလိုတော့ဘူးဆိုတော့ အီလက်ထရောနစ်ပစ္စည်း သိပ်မသုံးတတ်တဲ့ ညီအစ်ကို/မတွေ တော်တော်လေး ပျော်နေကြတယ်” လို့ ပြောပြတယ်။

 အီကွေဒေါနိုင်ငံ၊ ဂွာရာကီမြို့၊ ဂွာရာကဲနပ်စ် ဆိုရက်တစ် အသင်းတော် အကြီးအကဲတစ်ယောက် ဖြစ်တဲ့ ညီအစ်ကို လက်စတာ ဟီဟုန် ဒီလိုပြောပြတယ်– “ညီအစ်ကို/မ အများစုဟာ ငွေကြေး ပြေလည်သူတွေ မဟုတ်တော့ အသင်းတော်တစ်ခုလုံး ချိတ်ဆက်နိုင်တဲ့ Zoom အတွက် လိုင်စင်ကြေး ပေးဖို့ မတတ်နိုင်ကြဘူး။ အခု လူအများကြီး ချိတ်ဆက်နိုင်တဲ့ Zoom အကောင့်ကို အဖွဲ့အစည်း စီစဉ်ပေးတဲ့အတွက် တခြားသူတွေကို အစည်းအဝေး ဖိတ်နိုင်ပြီ။ ပါဝင်နိုင်တဲ့ လူဦးရေ ပြည့်ပြီလားဆိုတာကို စိုးရိမ်နေစရာ မလိုတော့ဘူး။”

 ဇမ်ဘီယာနိုင်ငံ၊ လူဆာခါမြို့က အင်ဝဲရေရေ မြောက်ပိုင်းအသင်းတော် အကြီးအကဲ ဂျွန်ဆင် မဝမ်ဇာက ဒီလိုရေးတယ်– “‘အဖွဲ့အစည်းရဲ့ Zoom အစီအစဉ်က ကျွန်တော်တို့ကို ပိုရင်းနှီးချစ်ခင်စေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်၊ ဂရုစိုက်တယ်လို့ ခံစားရစေတယ်’ လို့ ညီအစ်ကို/မတွေ ပြောနေကြတယ်။”

 ကယ်ဆယ်ရေး လုပ်ငန်းအတွက် သီးသန့်ထားတဲ့ ရန်ပုံငွေနဲ့ ဒီအကောင့်တွေကို ဝယ်ယူတာပါ။ ကမ္ဘာချီလုပ်ငန်းကို စေတနာအလျောက် လှူဒါန်းကြတဲ့ အလှူငွေတွေပါ။ အများစုက donate.isa4310.com ကတစ်ဆင့် အလှူငွေ ထည့်ကြတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ အကူအညီ ဖြစ်စေတဲ့ ဒီအလှူငွေတွေကို ရက်ရက်ရောရော ပေးလှူကြလို့ ကျေးဇူးတင်ပါတယ်။—၂ ကောရိန္သု ၈:၁၄