မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

ယုံကြည်ခြင်း ခိုင်ခံ့အောင် ကူညီပေးတဲ့ ဘူးကလေး

ယုံကြည်ခြင်း ခိုင်ခံ့အောင် ကူညီပေးတဲ့ ဘူးကလေး

စက်တင်ဘာ ၁၊ ၂၀၂၀

 ယေဟောဝါသက်သေတွေဟာ ကျမ်းစာအခြေပြု စာစောင်တွေ၊ ဗီဒီယိုတွေကို ဒီဂျစ်တယ်ပစ္စည်းတွေကတစ်ဆင့် အလွယ်တကူ ရနေကြပါပြီ။ ဒါပေမဲ့ ကမ္ဘာ့ဒေသအများစုက ညီအစ်ကို/မတွေကတော့ အင်တာနက်ဖိုး မတတ်နိုင်ကြဘူး။ မီး ခဏခဏ ပျက်လို့ အင်တာနက်လိုင်း နှေးတဲ့ဒေသ၊ အင်တာနက် လုံးဝ မရတဲ့ဒေသမှာ နေထိုင်သူတွေလည်း ရှိတယ်။

 အခု ညီအစ်ကို/မ အတော်များများဟာ အင်တာနက်လိုင်း မရှိဘဲနဲ့ ဒစ်ဂျစ်တယ်စာစောင်တွေကို ဒေါင်းလုတ်ဆွဲနိုင်ကြပါပြီ။ ဘယ်လို ဖြစ်နိုင်မလဲ။

 အင်တာနက်လိုင်း ရဖို့ ခက်တဲ့ အသင်းတော်တွေဆီ JW Box ဆိုတဲ့ ဘူးကလေး ပေးပို့ထားတယ်။ ဒီဘူးကလေးထဲမှာ ကုမ္ပဏီတစ်ခုဆီက ဝယ်ထားတဲ့ ကွန်ယက်ချဲ့ထွင် ကိရိယာလေးတစ်ခု၊ ဗေသလကွန်ပျူတာဌာနက ဆော့ဖ်ဝဲနဲ့ jw.org မှာ တင်ထားတဲ့ ဒီဂျစ်တယ်စာစောင်တို့၊ ဗီဒီယိုတို့ ပါတယ်။ တစ်ဘူးကို ယူအက် ၇၅ ဒေါ်လာနီးပါး ကုန်ကျတယ်။

 ညီအစ်ကို/မတွေဟာ ဝတ်ပြုရာခန်းမက JW Box ကို မိမိတို့ဖုန်းနဲ့ ချိတ်ဆက်ပြီး စာစောင်တွေ၊ ဗီဒီယိုတွေ ဒေါင်းလုတ်ဆွဲကြတယ်။ ဖုန်းအဟောင်း၊ စျေးသက်သာတဲ့ ဖုန်းတွေနဲ့တောင် ချိတ်ဆက်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်မှာ အင်တာနက်လိုင်း မရှိရင် နောက်ဆုံးထုတ်တွေ ဘယ်လို ရနိုင်မလဲ။ ဌာနခွဲက တစ်ခုကို ယူအက် ၄ ဒေါ်လာ ပေးရတဲ့ USB တွေ မကြာမကြာ ပို့ပေးတယ်။ jw.org မှာ အသစ်တင်တာတွေကို ထည့်ထားတဲ့ ဒီ USB တွေကို JW Box မှာ တပ်လိုက်ရုံပါပဲ။

 JW Box က ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးသလဲ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက နေသန် အန်ဒရူအဲဒရာလို့ ခေါ်တဲ့ ဖခင်တစ်ဦး ဒီလိုပြောတယ်– “‘အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်၊’ “လောတရဲ့ ဇနီးကို သတိရကြ” ဆိုတဲ့ ပြဇာတ်တွေကို ကျွန်တော် ဒေါင်းလုတ်ဆွဲနေတာ ကြာပြီပေါ့။ တစ်ခါမှ ဆွဲမရတော့ စိတ်ပျက်လိုက်တာ။ အခု ဒီဗီဒီယိုတွေကို ဒေါင်းလုတ်ဆွဲနိုင်ပြီဆိုတော့ သားသမီးတွေကို ကောင်းကောင်း သင်ပေးလို့ ရပြီ။”

 နိုင်ဂျီးရီးယားနိုင်ငံ၊ အသင်းတော်တွေမှာ JW Box တပ်ဆင်ဖို့ ကူညီပေးခဲ့တဲ့ ညီအစ်ကိုတစ်ဦး ဒီလိုပြောတယ်– “JW Box ကို ယေဟောဝါဆီက အထူးလက်ဆောင်အဖြစ် ညီအစ်ကိုတွေ သဘောထားကြတယ်။ သွန်သင်ခြင်း ကိရိယာထဲက စာစောင်တွေ၊ ဗီဒီယိုတွေကို အလွယ်တကူ ဒေါင်းလုတ်ဆွဲနိုင်လို့ ပျော်နေကြတယ်။”

 အာဖရိက၊ တောင်အမေရိကနဲ့ သမုဒ္ဒရာကျွန်းနိုင်ငံတွေမှာ နေထိုင်တဲ့ ညီအစ်ကိုတွေဆီ JW Box ၁,၇၀၀ ကျော် ပို့ပေးထားပါပြီ။ အသင်းတော် အတော်များများဆီ ပို့ပေးဖို့လည်း စီစဉ်နေပါတယ်။ ဒီအစီအစဉ်အတွက် ကုန်ကျစရိတ် ဘယ်ကနေ ရသလဲ။ အများစုက donate.isa4310.com ကတစ်ဆင့် ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ဝယ်တာပါ။ အခုလို ရက်ရက်ရောရော ပေးလှူကြလို့ ကျေးဇူးတင်ပါတယ်။