မာတိကာဆီ ကျော်သွား

သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ

သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

 ဒီနေ့အချိန်မှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘာဝဘေးသင့်သူတွေကို ဘုရား ဂရုစိုက်ပါတယ်။ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတဲ့ သဘာဝဘေးအန္တရာယ်တွေကို မကြာခင် ဘုရားနိုင်ငံတော်က ဖယ်ရှားပါတော့မယ်။ အခုအချိန်မှာတော့ သဘာဝဘေးသင့်နေသူတွေကို ဘုရား နှစ်သိမ့်ပေးနေပါတယ်။—၂ ကောရိန္သု ၁:၃

 သဘာဝဘေးအန္တရာယ်က ဘုရားရဲ့ ပြစ်ဒဏ် မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ

 ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ သဘာဝအင်အားစုတွေကို ဘုရားအသုံးပြုပုံနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ပုံ မတူပါဘူး။

  •   သဘာဝဘေးတွေက သိမ်းရုံး သေကျေပျက်စီးစေတယ်။ ဒါပေမဲ့ သဘာဝစွမ်းအားတွေကို သုံးပြီး ဘုရား တရားစီရင်တဲ့အခါ လူဆိုးတွေပဲ သေကျေပျက်စီးကြတယ်။ ဥပမာ၊ ရှေးသောဒုံနဲ့ ဂေါမောရမြို့ကို ဘုရား ဖျက်ဆီးတုန်းက လူကောင်း လောတနဲ့ သမီးနှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ (ကမ္ဘာဦး ၁၉:၂၉၊ ၃၀) အဲဒီခေတ်က လူတွေရဲ့ စိတ်နှလုံးကို ယေဟောဝါ သိမြင်ပြီး လူဆိုးတွေကိုပဲ ဖျက်ဆီးခဲ့တယ်။—ကမ္ဘာဦး ၁၈:၂၃-၃၂။ ၁ ရှမွေလ ၁၆:၇

  •   သဘာဝဘေးတွေဟာ များသောအားဖြင့် ကြိုတင် မသိရဘဲ ဖြစ်ပေါ်တတ်တယ်။ ဒါပေမဲ့ ဘုရားက သဘာဝအင်အားစုတွေကို သုံးပြီး မဖျက်ဆီးခင် လူဆိုးတွေကို ကြိုတင်သတိပေးခဲ့တယ်။ သတိပေးချက်ကို လိုက်နာသူတွေဟာ ဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်ကြတယ်။—ကမ္ဘာဦး ၇:၁-၅။ မဿဲ ၂၄:၃၈၊ ၃၉

  •   သဘာဝဘေးတွေဟာ လူတွေရဲ့ လုပ်ရပ်ကြောင့်လည်း အတိုင်းအတာတစ်ခုအထိ ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ငလျင်ရပ်ဝန်း၊ ရေကြီးလေ့ရှိတဲ့ဒေသ၊ ရာသီဥတု ဆိုးဝါးပြင်းထန်တဲ့ ဒေသတွေမှာ နေထိုင်ကြခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းကြောင့် ဖြစ်တယ်။ (ဗျာဒိတ် ၁၁:၁၈) လူ့လုပ်ရပ်တွေကြောင့် ဘုရားကို အပြစ်တင်လို့ မရပါဘူး။—ပညာအလိမ္မာ ၁၉:၃

 သဘာဝဘေးအန္တရာယ်တွေဟာ ခေတ်ကာလရဲ့ နိမိတ်လား

 ဟုတ်ပါတယ်။ “လောကစနစ်နိဂုံးပိုင်း” ဒါမှမဟုတ် “နောက်ဆုံးကာလ” မှာ သဘာဝဘေးတွေ ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (မဿဲ ၂၄:၃။ ၂ တိမောသေ ၃:၁) ဥပမာ၊ ကျွန်တော်တို့ ခေတ်ကာလနဲ့ ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်- “အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (မဿဲ ၂၄:၇) မကြာမီ သဘာဝဘေးတွေ အပါအဝင် နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတဲ့ အရာအားလုံးကို ကမ္ဘာပေါ်ကနေ ဘုရား ဖယ်ရှားပစ်ပါတော့မယ်။—ဗျာဒိတ် ၂၁:၃၊ ၄

 သဘာဝဘေးသင့်နေသူတွေကို ဘုရား ဘယ်လို ကူညီပေးသလဲ

  •   သဘာဝဘေးသင့်သူတွေကို နှုတ်ထွက်စကားတော် ကျမ်းစာနဲ့ ဘုရား နှစ်သိမ့်ပေးပါတယ်။ ကျွန်တော်တို့ကို ဘုရား ဂရုစိုက်တယ်၊ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘုရား နာကျင်ခံစားရတယ်လို့ ကျမ်းစာက အခိုင်အမာ ဆိုထားတယ်။ (ဟေရှာယ ၆၃:၉။ ၁ ပေတရု ၅:၆၊ ၇) သဘာဝဘေးတွေ မရှိတော့မယ့် အချိန်ကာလအကြောင်း ကျမ်းစာမှာ ကတိပြုထားတယ်။—“ သဘာဝဘေးသင့်သူတွေအတွက် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်များ” ကို ကြည့်ပါ။

  •   သဘာဝဘေးသင့်နေသူတွေကို ယုံကြည်သူချင်းတွေအားဖြင့် ဘုရား ကူညီပေးတယ်။ ယေရှုရဲ့ စံနမူနာကို တုပတဲ့ ယုံကြည်သူချင်းတွေကို ဘုရား အသုံးပြုတယ်။ “စိတ်ကြေကွဲနေသူတွေ၊” “ဝမ်းနည်းပူဆွေးသူတွေကို” ယေရှု နှစ်သိမ့်ပေးလိမ့်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာယ ၆၁:၁၊ ၂) ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေလည်း အလားတူ ကြိုးစားလုပ်ဆောင်ကြတယ်။—ယောဟန် ၁၃:၁၅

     သဘာဝဘေးသင့်နေသူတွေကို လက်တွေ့ကျကျ ကူညီပေးဖို့လည်း ယုံကြည်သူချင်းတွေကို ဘုရား အသုံးပြုပါတယ်။—တမန်တော် ၁၁:၂၈-၃၀။ ဂလာတိ ၆:၁၀

ပွာတိုရီကိုက မုန်တိုင်းသင့်သူတွေကို ယေဟောဝါသက်သေတွေ လက်တွေ့ကျကျ ကူညီပေးနေကြစဉ်

 သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ကျမ်းစာက ကူညီပေးနိုင်သလား

 ကူညီပေးနိုင်ပါတယ်။ သဘာဝဘေး ကြိုတင်ပြင်ဆင်နည်း လမ်းညွှန်စာအုပ်တော့ မဟုတ်ပေမဲ့ ကျမ်းစာမှာ အကူအညီဖြစ်စေတဲ့ အခြေခံမူတွေ ပါတယ်။ ဥပမာ၊

  •   ဖြစ်လာနိုင်တဲ့ သဘာဝဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၂:၃) သဘာဝဘေး မကျရောက်ခင်ကတည်းက ကြိုတင်စီစဉ်ထားနိုင်တယ်။ ဘေးကျရောက်လာတဲ့အခါ ချက်ချင်း ယူသွားနိုင်တဲ့ အရေးပေါ်အိတ် ပြင်ဆင်ထားခြင်း၊ ဘေးကျရောက်တဲ့အခါ မိသားစုဆုံရပ် သတ်မှတ်ထားခြင်းတို့ ဖြစ်တယ်။

  •   ပစ္စည်းဥစ္စာထက် အသက်ကို တန်ဖိုးထားပါ။ ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “တို့ ဒီလောကကို ရောက်လာတုန်းက ဘာမှ ပါမလာဘူး။ ထွက်သွားရင်လည်း ဘာမှ ယူသွားနိုင်မှာ မဟုတ်ဘူး။” (၁ တိမောသေ ၆:၇၊ ၈) သဘာဝဘေးကို ရှောင်ဖို့ ပိုင်ဆိုင်ရာတွေ ထားခဲ့ပြီး အိမ်ကနေ လိုလိုလားလား ထွက်ခွာလိုစိတ် ရှိသင့်တယ်။ အသက်ဟာ ပစ္စည်းဥစ္စာထက် ပိုအရေးကြီးကြောင်း သတိရသင့်တယ်။—မဿဲ ၆:၂၅