မာတိကာဆီ ကျော်သွား

သက်ရှိအမျိုးမျိုးကို ဖန်ဆင်းဖို့ ဆင့်ကဲဖြစ်စဉ်ကို ဘုရား သုံးခဲ့သလား

သက်ရှိအမျိုးမျိုးကို ဖန်ဆင်းဖို့ ဆင့်ကဲဖြစ်စဉ်ကို ဘုရား သုံးခဲ့သလား

ကျမ်းစာအဖြေ

 မသုံးခဲ့ပါဘူး။ လူ၊ တိရစ္ဆာန်နဲ့ အပင်တွေကို “အမျိုးအလိုက်” ဘုရားဖန်ဆင်းတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ a (ကမ္ဘာဦး ၁:၁၂၊ ၂၁၊ ၂၅၊ ၂၇။ ဗျာဒိတ် ၄:၁၁) လူသားတစ်မျိုးလုံးဟာ ကနဦးမိဘ အာဒံနဲ့ဧဝကနေ ဆင်းသက်လာတယ်လို့ ပြောထားတယ်။ (ကမ္ဘာဦး ၃:၂၀။ ၄:၁) ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်ကို သုံးပြီး သက်ရှိအမျိုးမျိုးကို ဖန်ဆင်းတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ သက်ရှိတစ်မျိုးစီမှာ မျိုးကွဲအမျိုးမျိုးရှိတယ်ဆိုတဲ့ သိပ္ပံတွေ့ရှိချက်က ကျမ်းစာနဲ့ မဆန့်ကျင်ပါဘူး။

 ဆင့်ကဲဖြစ်စဉ်ကို ဘုရား အသုံးပြုခဲ့သလား

 ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်ကိုသုံးပြီး သက်ရှိတွေကို ဖန်ဆင်းတယ်လို့ ယုံကြည်တဲ့သူတွေမှာ အယူအဆ အမျိုးမျိုးရှိကြတယ်။ ဗြိတိန်နီကာ စွယ်စုံကျမ်း အရ “ဆင့်ကဲဖြစ်စဉ်ဆိုတာ သဘာဝလောကကို ဘုရား ထိန်းချုပ်ရာမှာသုံးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ လူတချို့ ယုံကြည်ကြတယ်။”

 အဲဒီယုံကြည်ချက်ထဲမှာ အောက်ပါအယူအဆတွေလည်း ပါဝင်နိုင်တယ်–

  •   ရှေးနှစ်ပေါင်းများစွာက သက်ရှိအားလုံးဟာ မူလဇာစ်မြစ် တစ်မျိုးတည်းကနေ ဆင်းသက်လာတယ်။

  •   သက်ရှိတစ်မျိုးဟာ လုံးလုံးကွဲပြားတဲ့ တခြား သက်ရှိပုံစံတစ်မျိုးအဖြစ် အဆင့်ဆင့် ပြောင်းလဲသွားတယ်။

  •   ဒီပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကကျသူက ဘုရားသခင် ဖြစ်တယ်။

 ဆင့်ကဲဖြစ်စဉ်နဲ့ သမ္မာကျမ်းစာ ကိုက်ညီသလား

 ဆင့်ကဲဖြစ်စဉ်က ကမ္ဘာဦးကျမ်းမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်း လုံးလုံးမှားနေတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ဒါပေမဲ့ ယေရှုက ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို သမိုင်းဝင်ဖြစ်ရပ်မှန်အဖြစ် ရည်ညွှန်းခဲ့တယ်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇။ ၂:၁၈-၂၄။ မဿဲ ၁၉:၄-၆) ယေရှု ကမ္ဘာကို မလာခင်က ကောင်းကင်မှာ ဘုရားသခင်နဲ့အတူ နေပြီး “အရာခပ်သိမ်းကို ဖန်ဆင်း” ရာမှာ ကူညီပေးခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၁:၃) ဒါကြောင့် ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်ကို သုံးပြီး သက်ရှိအမျိုးမျိုးကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အယူအဆဟာ ကျမ်းစာနဲ့ မကိုက်ညီပါဘူး။

 အပင်တွေနဲ့ တိရစ္ဆာန်တွေရဲ့ ပြောင်းလဲနိုင်စွမ်းက ဆင့်ကဲဖြစ်စဉ်လား

 အမျိုးတစ်မျိုးကနေ ဘယ်လောက်အတိုင်းအတာထိ မျိုးကွဲသွားနိုင်တယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဘုရား ဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေနဲ့ အပင်တွေဟာ ပတ်ဝန်းကျင်အသစ်နဲ့အညီ အလိုက်သင့်ပြောင်းလဲနိုင်၊ ရှင်သန်ပေါက်ပွားနိုင်တယ် ဆိုတဲ့အချက်ကလည်း ကျမ်းစာနဲ့ မဆန့်ကျင်ပါဘူး။ ဒီအလိုက်သင့်ပြောင်းလဲမှုကို တချို့က ဆင့်ကဲဖြစ်စဉ်လို့ ယူဆပေမဲ့ သက်ရှိမျိုးစိတ်အသစ်တစ်မျိုး ပေါ်လာတယ်ဆိုတာ မရှိပါဘူး။

a ကျမ်းစာမှာပါတဲ့ “အမျိုးအလိုက်” ဆိုတဲ့ စကားလုံးက သိပ္ပံပညာရှင်တွေသုံးတဲ့ “မျိုးစိတ်” ဆိုတဲ့ စကားလုံးထက် အဓိပ္ပာယ် ပိုကျယ်ပြန့်တယ်။ တစ်ခါတလေ သိပ္ပံပညာရှင်တွေက မျိုးစိတ်အသစ်တစ်မျိုးဟာ ဆင့်ကဲဖြစ်လာတယ်လို့ ပြောကြတယ်။ တကယ်တော့ ဆင့်ကဲဖြစ်လာတာ မဟုတ်ဘဲ ကမ္ဘာဦးကျမ်း မှတ်တမ်းမှာ အသုံးပြုထားတဲ့ “အမျိုး” တစ်မျိုးထဲက မျိုးကွဲတစ်ခုသာ ဖြစ်တယ်။