မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

ညစ်ညမ်းရုပ်ပုံကြည့်ရှုခြင်းက အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်

ညစ်ညမ်းရုပ်ပုံကြည့်ရှုခြင်းက အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်

 ဖုံးဖိထားတာကို ဇနီးသည် သိသွားပြီ။ အသည်းအသန် တောင်းပန်ပြီး နောက်မလုပ်တော့ပါဘူး ကတိပေးလိုက်တယ်။ ဒါပေမဲ့ ခဏပါပဲ။ ပြန်ကြည့်ဖြစ်တယ်။ ဒီလိုနဲ့ပဲ တောင်းပန်လိုက် ပြန်ကြည့်လိုက်နဲ့ သံသရာလည်နေရော။

 သင်လည်း အဲဒီလိုဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့်ကြောင့် သင့်အိမ်ထောင်ဖက် ဘယ်လိုထိခိုက်ခံစားရသလဲ၊ အဲဒီအကျင့်ကို ဘယ်လို အပြတ်ဖြတ်နိုင်သလဲဆိုတာ သိထားဖို့လိုတယ်။ a

ဒီဆောင်းပါးမှာ

 သင်သိသင့်ရာ

 ညစ်ညမ်းရုပ်ပုံကြည့်တာက အိမ်ထောင်ကို ပြိုကွဲစေတယ်။ အပြစ်မဲ့သူ အိမ်ထောင်ဖက်လည်း နာကြည်းစိတ်၊ သံသယစိတ်တွေ ဝင်လာတယ်။ b

 ညစ်ညမ်းရုပ်ပုံကြည့်တဲ့ခင်ပွန်းရဲ့ ဇနီးသည်က အောက်ပါအတိုင်း ခံစားရနိုင်တယ်–

  •   သစ္စာဖောက်ခံရခြင်း။ “ကျွန်မခင်ပွန်းက အကြိမ်ကြိမ် အိမ်ထောင်ရေး ဖောက်ပြန်နေသလို ခံစားရတယ်” ဆိုပြီး စာရာ ပြောပြတယ်။

  •   ချို့ယွင်းချက်ရှိတယ်လို့ ခံစားရခြင်း။ ခင်ပွန်းရဲ့ ညစ်ညမ်းရုပ်ပုံ ကြည့်တဲ့အကျင့်ကြောင့် ကိုယ့်ကိုယ်ကိုယ် “ရုပ်ဆိုးတယ်လို့ မြင်ပြီး ရှက်လာတယ်” လို့ ဇနီးတစ်ဦး ပြောပြတယ်။

  •   သံသယစိတ်။ “သူ ဘာလုပ်လုပ် သံသယဝင်နေရော” ဆိုပြီး ဇနီးဖြစ်သူ ဟယ်လင် ပြောတယ်။

  •   စိုးရိမ်ပူပန်ခြင်း။ “ကျွန်မယောက်ျားရဲ့ အကျင့်ကြောင့် တစ်ချိန်လုံးစိတ်ပူနေရတယ်” လို့ ကက်သရင်း ပြောတယ်။

 စဉ်းစားစရာ။ ကိုယ့်ဇနီးကို ချစ်ရမယ်လို့ ကျမ်းစာ ဆိုတယ်။ (ဧဖက် ၅:၂၅) ဇနီးကို အထက်ပါအတိုင်း ခံစားရအောင်လုပ်နေရင် သူ့ကို ချစ်ရာရောက်မလား။

 သင်လုပ်ဆောင်နိုင်ရာ

 ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့်ကို ဖြတ်ဖို့ မလွယ်ဘူး။ “ကျွန်မခင်ပွန်းက စီးကရက်၊ ဆေးခြောက်၊ အရက် ဖြတ်နိုင်ခဲ့ပေမဲ့ ညစ်ညမ်းရုပ်ပုံကြည့်တာကိုတော့ မဖြတ်နိုင်သေးဘူး” လို့ ဇနီးဖြစ်သူ စတေစီ ပြောတယ်။

 သင်လည်း အလားတူအခြေအနေ ရောက်နေရင် အဲဒီအကျင့်ကို ထာဝစဉ်ဖြတ်ပစ်နိုင်ဖို့ အောက်ဖော်ပြပါ အကြံပြုချက်တွေက ထောက်ကူနိုင်ပါတယ်။

  •   ညစ်ညမ်းရုပ်ပုံကြည့်ခြင်း ဘာကြောင့် မကောင်းသလဲဆိုတာ သဘောပေါက်အောင် လုပ်ပါ။ ညစ်ညမ်းရုပ်ပုံကြည့်တဲ့သူက ကိုယ့်သာယာမှုအတွက်ပဲ စဉ်းစားတယ်၊ တစ်ကိုယ်ကောင်းဆန်ဆန် လုပ်တယ်။ ဒီလိုနဲ့ အိမ်ထောင်မှာ မေတ္တာ၊ သစ္စာ၊ ယုံကြည်စိတ်ချမှု ပျက်စီးသွားပြီး အိမ်ထောင် မသာယာတော့ဘူး။ ညစ်ညမ်းရုပ်ပုံကြည့်ခြင်းက အိမ်ထောင်ကို အစပြုစီစဉ်ခဲ့သူ ယေဟောဝါဘုရားကိုလည်း မလေးစားရာ ရောက်တယ်။

     ကျမ်းစာအခြေခံမူ။ “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။”—ဟီဘရူး ၁၃:၄

  •   ကိုယ့်လုပ်ရပ်ကို တာဝန်ယူပါ။ ‘ငါ့မိန်းမကသာ ပိုပြီး ချစ်ခင်ယုယပေးမယ်ဆိုရင် ညစ်ညမ်းရုပ်ပုံတွေ လိုမှာ ဟုတ်ဘူး’ လို့ မပြောပါနဲ့။ ဇနီးကိုအပြစ်တင်တာ မတရားဘူး။ ဒါ့အပြင် ဇနီးက ကိုယ့်ကို စိတ်ပျက်အောင်လုပ်တဲ့အခါ ရမယ်ရှာပြီး ညစ်ညမ်းရုပ်ပုံ ပြန်ကြည့်မိနိုင်တယ်။

     ကျမ်းစာအခြေခံမူ။ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။”—ယာကုပ် ၁:၁၄

  •   အိမ်ထောင်ဖက်အပေါ် ပွင့်လင်းပါ၊ ရိုးသားပါ။ ကယ်ဗင်လို့ခေါ်တဲ့ ခင်ပွန်း ဒီလိုပြောတယ်– “ဇနီးနဲ့ နေ့တိုင်း ပုံမှန်ပြောဆို ဆက်သွယ်တယ်။ စိတ်နှိုးဆွစေတဲ့ပုံတွေကို တွေ့ရင် နှစ်ခါပြန်ကြည့်မိသလား၊ အကြည့်လွှဲသလားဆိုတာကအစ မေးတယ်။ ရလဒ်အနေနဲ့ ကျွန်တော် တစ်ခုခုဖုံးကွယ်ထားတယ်လို့ သူ မခံစားရတော့ဘူး။”

     ကျမ်းစာအခြေခံမူ။ ‘ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်တယ်။’—ဟီဘရူး ၁၃:၁၈

  •   သတိရှိပါ။ ညစ်ညမ်းရုပ်ပုံမကြည့်တာ နှစ်အတော်ကြာပြီဆိုတော့ အောင်မြင်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားရင်တောင် ပြန်ကြည့်မိနိုင်တယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကယ်ဗင် ဒီလိုပြောတယ်– “ညစ်ညမ်းရုပ်ပုံ မကြည့်တော့တာ ၁၀ နှစ် ကြာပြီဆိုတော့ ကျွန်တော်မှာ အဲဒီအကျင့် မရှိတော့ဘူးလို့ ထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီအကျင့်က ငုပ်လျှိုးနေတာ။ အခွင့်အခါကောင်းရတာနဲ့ ပြန်ပေါ်လာဖို့ ချောင်းနေတာ။”

     ကျမ်းစာအခြေခံမူ။ “ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲသွားအောင် သတိထားပါ။”—၁ ကောရိန္သု ၁၀:၁၂

  •   သွေးဆောင်ခံရတဲ့အခါ စောင့်ဆိုင်းပါ။ ဆန္ဒဆိုးတွေ မပေါ်လာအောင် မတားဆီးနိုင်ပေမဲ့ ဆန္ဒအတိုင်း လုပ်မလား၊ မလုပ်ဘူးလား ဆိုတာကိုတော့ ရွေးချယ်နိုင်တယ်။ အလိုဆန္ဒဆိုတာ ပျက်ပြယ်သွားနိုင်တယ်၊ အထူးသဖြင့် လမ်းကြောင်းပြောင်းပြီး တခြားအရာတွေကို စဉ်းစားလိုက်ရင် မြန်မြန်ဆန်ဆန်တောင် ပျက်ပြယ်သွားနိုင်တယ်။

     ကျမ်းစာအခြေခံမူ။‘ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။ လောဘကြီးတာမျိုး၊ ရမ္မက်ဆန္ဒကို မချုပ်တည်းတာမျိုး မဖြစ်ရဘူး။’—၁ သက်သာလောနိတ် ၄:၄၊ ၅

  •   ပြန်ကြည့်မိစေနိုင်မယ့် အခြေအနေတွေကို ရှောင်ပါ။ “သွေးဆောင်ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေတာက မီးခြစ် ခြစ်ထားတာနဲ့ တူတယ်။ လောင်စာ နည်းနည်းသာရှိရင် မီးလောင်ပြီ” ဆိုပြီး စာအုပ်တစ်အုပ် (Willpower’s Not Enough) မှာ ဖတ်ရတယ်။

     ကျမ်းစာအခြေခံမူ။ “ဆိုးညစ်တဲ့အရာက ကျွန်တော့်ကို မစိုးမိုးပါစေနဲ့။”—ဆာလံ ၁၁၉:၁၃၃

  •   မျှော်လင့်ချက် မပျောက်ဆုံးပါနဲ့။ အိမ်ထောင်ဖက်ရဲ့ ယုံကြည်စိတ်ချမှုပြန်ရဖို့ အချိန်အတော်ကြာနိုင်တယ်။ နှစ်ချီတောင် ကြာနိုင်တယ်။ ဒါပေမဲ့ အောင်မြင်နိုင်ပါတယ်။ အောင်မြင်ခဲ့သူတွေ ရှိတယ်။

     ကျမ်းစာအခြေခံမူ။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။”—၁ ကောရိန္သု ၁၃:၄

a ဒီဆောင်းပါးက ခင်ပွန်းကို ဦးတည်ပြောထားပေမဲ့ ဆွေးနွေးသွားမယ့်အခြေခံမူတွေက ညစ်ညမ်းရုပ်ပုံကြည့်တဲ့ ဇနီးနဲ့လည်း သက်ဆိုင်ပါတယ်။

b ညစ်ညမ်းရုပ်ပုံကို ဇနီးမောင်နှံ အတူကြည့်တာက အိမ်ထောင်ဆက်ဆံရေး ပိုကောင်းစေတယ်လို့ အိမ်ထောင်သည်တချို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာဟာ ကျမ်းစာအခြေခံမူတွေနဲ့ မညီဘူး။—ပညာအလိမ္မာ ၅:၁၅-၂၀။ ၁ ကောရိန္သု ၁၃:၄၊ ၅။ ဂလာတိ ၅:၂၂၊ ၂၃