မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”

ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”

 ‘ယေရှုက “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ဖြေတယ်။’—ယောဟန် ၁၄:၆ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 ‘ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု မိန့်တော်မူ၏။’—ယောဟန် ၁၄:၆ယုဒသန်ကျမ်း။

ယောဟန် ၁၄:၆ အဓိပ္ပာယ်

 အဖဘုရား ယေဟောဝါကို a ဝတ်ပြုချင်ရင် ယေရှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။

 “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။” ဘုရားသခင်ဆီ ချဉ်းကပ်နိုင်မယ့် “လမ်းခရီး” ကို ယေရှု ပြခဲ့တယ်။ ဥပမာ၊ ယေရှုရဲ့နာမည်ကို အမှီပြုပြီး ဘုရားသခင်ကို ဆုတောင်းရမယ်။ (ယောဟန် ၁၆:၂၃၊ ၂၄) ယေရှု အသက်ပေးခဲ့လို့ လူတွေဟာ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်လာပြီး ခင်မင်ရင်းနှီးခွင့် ရခဲ့တယ်။ (ရောမ ၅:၈-၁၁) ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကို ရချင်ရင် ယေရှုရဲ့ စံနမူနာအတိုင်း အသက်ရှင်နေထိုင်ရမယ်။—ယောဟန် ၁၃:၁၅

 ‘ကျွန်တော်ဟာ အမှန်တရားလည်းဖြစ်တယ်။’ ယေရှုဟာ အမှန်တရားကို ပြောပြရုံမက အမှန်တရားနဲ့အညီ နေထိုင်ခဲ့တယ်။ (၁ ပေတရု ၂:၂၂) ယေရှုရဲ့ စကားကို နားထောင်တဲ့သူဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိရှိလာလိမ့်မယ်။ (ယောဟန် ၈:၃၁၊ ၃၂) ယေရှု “အမှန်တရား” ဖြစ်ရတဲ့ အကြောင်းရင်းနောက်တစ်ခုက ကျမ်းစာကြိုဟောချက်တွေကို ပြည့်စုံစေခဲ့လို့ဖြစ်တယ်။ အဲဒီလိုနည်းနဲ့ ဘုရားပေးကတိတွေကို အမှန်အတိုင်း ဖြစ်လာစေတယ်။—ယောဟန် ၁:၁၇။ ၂ ကောရိန္သု ၁:၁၉၊ ၂၀။ ကောလောသဲ ၂:၁၆၊ ၁၇

 ‘ကျွန်တော်ဟာ အသက်လည်းဖြစ်တယ်။’ မိမိကို ယုံကြည်သက်ဝင်သူတွေ ထာဝရအသက်ရနိုင်ဖို့ ယေရှု အသက်စွန့်ခဲ့တာဖြစ်တယ်။ (ယောဟန် ၃:၁၆၊ ၃၆) ယေရှုက ကွယ်လွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးခြင်းအားဖြင့် သူတို့အတွက်လည်း “အသက်” ဖြစ်လာတယ်။—ယောဟန် ၅:၂၈၊ ၂၉။ ၁၁:၂၅

 “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး။” ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးချင်တဲ့သူတွေက ယေရှုရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။ ယေရှုရဲ့နာမည်ကို အမှီပြုပြီး ဘုရားသခင်ဆီ ဆုတောင်းတာက ယေရှုခရစ်ရဲ့ အခွင့်အာဏာကို လေးစားကြောင်း ဖော်ပြရာရောက်တယ်။ (ယောဟန် ၁၅:၁၆) ယေရှုကြောင့်သာ ကယ်တင်ခြင်းရနိုင်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုရမယ်။—တမန်တော် ၄:၁၂။ ဖိလိပ္ပိ ၂:၈-၁၁

ယောဟန် ၁၄:၆ အထက်အောက်စကား

 ယေရှု မသေခင်ညမှာ သစ္စာရှိတမန်တော် ၁၁ ယောက်ကို အမှာစကားပြောခဲ့တယ်လို့ ယောဟန်အခန်းကြီး ၁၃ ကနေ ၁၇ မှာ ဖော်ပြထားတယ်။ အခန်းကြီး ၁၄ မှာ မိမိနဲ့ အဖဘုရားကို ယုံကြည်သက်ဝင်ပြီး ချစ်တဲ့မေတ္တာနဲ့ နာခံမှုပြဖို့ အားပေးခဲ့တယ်။ (ယောဟန် ၁၄:၁၊ ၁၂၊ ၁၅-၁၇၊ ၂၁၊ ၂၃၊ ၂၄) အဖဘုရားနဲ့ မိမိရဲ့ ခင်မင်မှုနှောင်ကြိုး အခုချိန်ထိ ခိုင်မာနေတုန်းပဲလို့ ပြောပြတယ်။ (ယောဟန် ၁၄:၁၀၊ ၂၀၊ ၂၈၊ ၃၁) မကြာခင် ကောင်းကင်ပြန်တက်သွားတော့မယ့် ယေရှုက တပည့်တွေကို ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ အာမခံခဲ့တယ်။ (ယောဟန် ၁၄:၁၈) “အဖဘုရားက ကူညီသူဖြစ်တဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ကျွန်တော့်နာမည်နဲ့ လွှတ်လိုက်” မယ်လို့လည်း ကတိပေးတယ်။ (ယောဟန် ၁၄:၂၅-၂၇) ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲတွေကို တပည့်တွေ ရင်ဆိုင်နိုင်ဖို့ အဲဒီနည်းတွေနဲ့ရော၊ တခြားနည်းတွေနဲ့ပါ ယေရှု ပြင်ဆင်ပေးခဲ့တယ်။